တစ်ကိုယ်ရည် သန့်ရှင်းစင်ကြယ်မှုရှိခြင်းဟာ လူတစ်ယောက်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရည် သန့်ရှင်းစင်ကြယ်ခြင်းဟာ ကွီးတို့ရဲ လူမှုဆက်ဆံရေးမှာ အရေးပါသည်သာမက ကျန်းမာရေးအတွက်ပါ များစွာအထောက်အကူပြုတယ်ဆိုတာ သိပါသလား။ လူတော်တော်များများကတော့ ပုံမှန်ရေချိုးသန့်စင်ကြပေမဲ့ တစ်ခါတစ်လေ မဖြစ်မနေ ဆေးကြောသန့်စင်ရမဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မေ့နေတတ်ကြပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ ကျန်းမာရေးအတွက်ပါ အကျိုးပြုစေမဲ့ ပုံမှန်ဆေးကြောသင့်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများ ကိုဖော်ပြပေးလိုက်ပါတယ်။
(၁) လျှာ
Photo : Safe and Sound Health
မဖြစ်မနေ ပုံမှန်ဆေးကြောသင့်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများ ထဲက တစ်ခုတော့ လျှာပဲဖြစ်ပါတယ်။ ကွီးတို့ရေ ကျွန်တော်တို့က ပုံမှန်သွားတိုက်ပေမဲ့ တစ်ခါတစ်လေကျရင် လျှာကို သန့်ရှင်းဖို့မေ့နေတတ်ပါတယ်။ လျှာက ကျွန်တော်တို့ စားသုံးသော အချိုရည်များနှင့် အစားအစာများမှ ဘက်တီးရီးယားများကို စုပ်ယူပေးသည့် ရေမြှုပ်နှင့်တူပါတယ်။ လျှာကို ပုံမှန်မသန့်ရှင်းရင် ဘက်တီးရီးယားပိုးတွေ ရှိနေတာကြောင့် အနံ့အသက်ဆိုးတွေ ထွက်နိုင်ခြေရှိပါတယ်။ ဒါကြောင့် သွားတိုက်ပြီးတိုင်း သွားတိုက်တံကို အသုံးပြုပြီး လျှာအရင်းမှ အဖျားအထိ ညင်သာစွာ ပွတ်တိုက်ပြီး သန့်ရှင်းရေးလုပ်ပေးပါ။
(၂) ချက်
Photo : AL.com
ချက်ကလည်း မဖြစ်မနေ ပုံမှန်ဆေးကြောသင့်တဲ့ အစိတ်အပိုင်းထဲမှာ ပါဝင်ပါတယ်။ ချက်ကို တော်တော်များများက သန့်ရှင်းရေးမလုပ်မိကြပါဘူး။ တကယ်တော့ ချက်ဟာ အညစ်အကြေးနဲ့ ချွေးများစုပုံနိုင်သောကြောင့် ဘတ်တီးရီးယားများ အလွယ်တကူ ပေါက်ဖွားနိုင်ပါတယ်။ ထို့အပြင် အနံ့ဆိုးလည်း ထွက်နိုင်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ချက်ကို ဂွမ်းစကဲ့သို့ နူးညံ့သော အစများကို သုံးပြီး သန့်ရှင်းရေး ပြုလုပ်ပေးလို့ရပါတယ်။
(၃) နားအနောက်ဖက်
Photo : Verywell Health
နားရွက်နောက်ဘက်ရှိ အရေပြားအလွှာတွင် ချွေးများစုဆောင်းပြီး ဆီဘမ်ထုတ်လွှတ်တဲ့ ဂလင်းများ မြင့်မားစွာစုပုံနေပါတယ်။ ဒါကြောင့်မို့လို့ နားရွက်ကို သေချာဆေးကြောဖို့ လိုပါတယ်။ ဘက်တီးရီးယားပိုးများ ကြီးထွားမှုကြောင့် နားရွက်နောက်ဘက်ခြမ်းက တစ်ခါတစ်ရံ ဒိန်ချဉ်ကဲ့သို့ အနံ့များထွက်နိုင်ပါတယ်။ ဒါ့အပြင် နားကို သေချာမသန့်စင်ရင် ဒီဧရိယာမှာ အမည်းစက်တွေ ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ကွီးတို့လည်း ရေချိုးတိုင်း သေချာသတိထားပြီး နားအနောက်ဖက်ကို ဆေးကြောပါ။
(၄) လည်ပင်းအနောက်ဖက်
Photo : Byrdie
ကွီးတို့ရေ နောက်ထပ် ပုံမှန်ဆေးကြောသင့်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများထဲကနောက် တစ်ခုကတော့ လည်ပင်းအနောက်ဖက်ပဲ ဖြစ်ပါတယ်။ လည်ပင်းအနောက်ဖက်က မကြာခဏချွေးများဖြင့် စိုစွတ်လျက်ရှိပြီး ဘတ်တီးရီးယားများကို ပေါက်ဖွားစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်လေ့ရှိတဲ့ ကွီးတို့အတွက် ချွေးထွက်များနိုင်တာကြောင့် လည်ပင်းအနောက်ဖက်ကို သတိထားပြီး သေချာ သန့်စင်ပေးသင့်ပါတယ်။ ဒါကြောင့် ရေချိုးတိုင်း လည်ပင်းအနောက်ဖက်ကို သေချာစွာ ဆေးကြောသန့်စင်ပါ။
(၅) နောက်ကျော
Photo : The New York Times
ကွီးတို့ရေ ရေချိုးနေရင်း နောက်ကျောဖက်ကို ရေလောင်းရုံနဲ့ မလုံလောက်ပါဘူး။ အရေပြားပြဿနာများနဲ့ ဘတ်တီးရီးယားပိုးမွှားများကို ကာကွယ်ရန် နောက်ကျောဖက်ကို ဆပ်ပြာနဲ့ ပုံမှန်ဆေးကြောပေးဖို့ လိုပါတယ်။ လက်ကိုင်ပါသော ရေမြှပ်တံ စသည်တို့ကိုသုံးပြီး ကျောကုန်းအနှံ့သန့်ရှင်းရေး ပုံမှန်ပြုလုပ်ပေးပါ။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများ ကို ပုံမှန်ဆေးကြောသန့်ရှင်းပေးပါ။ တကိုယ်ရည် သန့်ရှင်းရေးအတွက်သာမက ကျန်းမာရေးအတွက်ပါ တကယ်ကို အထောက်အကူပြုပါလိမ့်မယ်။
Source : Health and Fitness
Featured Photo : Features