ခရီးတစ်ခုသွားတယ်ဆိုတာ ပျော်ရွှင်စရာကောင်းပြီး စိတ်လှုပ်ရှား တတ်ကြွစေတယ်ဆိုတာတော့ ဘယ်သူမှ ငြင်းမယ် မထင်ပါဘူး။ ခရီးသွားခြင်း ကနေလည်း စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာ အတွက်ပါ အကျိုးကျေးဇူးတွေ အများကြီး ရရှိနိုင်တာလည်း မှန်ပါတယ်။ သို့သော် လည်း ခရီးတစ်ခုထွက်ဖို့ ဆိုတာ ထင်သလောက်တော့ မလွယ်ပါဘူး။ ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့စေဖို့ ပြင်ဆင်ရမဲ့ အရာလေးတွေ ရှိပါတယ်။ ပြည်ပခရီးဆိုရင် စီစဉ်ရမှာတွေ၊ အချိန်ယူပြင်ဆင်ရမှာတွေ ပိုများပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခရီးမသွားခင် ကွီး တို့ ပြင်ဆင်ရမဲ့ အရာလေးတွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

ခရီးမသွားခင် ကွီး

Photo : Confused.com

(၁) ခရီးတစ်ခုထွက်မယ်ဆိုရင် အရေးကြီးတာကတော့ လေယာဉ်လက်မှတ်၊ ကားလက်မှတ်စတာတွေနဲ့ ကွီးတို့ ခရီးစဉ်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ရပါမှာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြား ခရီးသွားမယ်ဆိုပါက ဒီအချက်က ပိုပြီး အရေးကြီးပါတယ်။ ကွီးတို့ သွားမည့်နိုင်ငံအတွက် ပတ်စ်ပို့၊ ဗီဇာများ၊ ဆိုက်ရောက်အခွန်၊ လိုအပ်သော ခရီးသွားစာရွက်စာတမ်းများ စတာတွေကို ပြင်ဆင်ပါ။ ထိုစာရွက်စာတမ်းများကို ဓာတ်ပုံရိုက်ယူပြီး သိမ်းဆည်းထားသင့်တဲ့ အပြင် အပို မိတ္တူများလည်း ကူးယူထားသင့်ပါတယ်။

(၂) ခရီးမသွားခင် ကတည်းက ကွီး တို့အနေနဲ့ လိုအပ်တာများကို စနစ်တကျ ပြင်ဆင်ထားသင့်ပါတယ်။ မထွက်ခွာခင်မှာ ပတ်စ်ပို့ကို အရူးအမူးလိုက်ရှာနေတာမျိုး ဘယ်သူမှ မဖြစ်ချင်ကြပါဘူး။ မရှိမဖြစ်လိုအပ်သော ပစ္စည်းများဖြစ်သည့် ဖုန်း၊ နေကာမျက်မှန်၊ ဖုန်းအားသွင်းကိရိယာ အစရှိသည်တို့ကို တစ်နေရာတည်းတွင် စုထားပါ။

ခရီးမသွားခင် ကွီး

Photo : Kiplinger

(၃) ကွီးတို့အနေနဲ့ နိုင်ငံရပ်ခြားကို သွားမယ်ဆိုရင် ထိုနိုင်ငံရဲ့ ငွေကြေးကို ဒီကမထွက်ခွာခင်ကတည်းက ငွေသားအချို့ လဲလှဲသွားပါ။ ဒါ့အပြင် ကွီးတို့ရဲ့ ဘဏ်အကောင့်နှင့် ခရက်ဒစ်ကဒ် ကန့်သတ်ချက်များကို ပြင်ဆင်ထားကြောင်း သေချာပါစေ။

travel

Photo : Flight Global

(၄) ကွီးတို့ လေကြောင်းနဲ့ ခရီးသွားမယ်ဆိုရင် ခရီးဆောင်အိတ်ထဲမှာ ထည့်ယူလို့မရတဲ့ပစ္စည်းတွေကို လေ့လာထားဖို့ လိုပါတယ်။ ပေါက်ကွဲစေတတ်သော အရာများ၊ မီးလောင်လွယ်သော အရာများကို လေကြောင်းလိုင်းတိုင်းက ပိတ်ပင်တားမြစ်ထားပါတယ်။ လုံခြုံ‌ရေးအရ၊ လက်နက်အဖြစ်သုံးနိုင်သော အရာဝတ္ထုများကို လက်ဆွဲအိတ်ထဲ ထည့်လို့မရပါ။ အရည်တွေကိုလည်း လက်ဆွဲအိတ်ထဲ မထည့်ပါနဲ့။

(၅) Check-in အတွက် အဆင်သင့်ဖြစ်ပါစေ။ လေဆိပ်တွေမှာ ခရီးသည်တွေရဲ့ ပစ္စည်းတွေကို စစ်ဆေးချိန်တွယ်နိုင်ဖို့အတွက် အချိန် လိုအပ်ပါတယ်။ လုံခြုံရေး စစ်ဆေးမှုတွေလည်း လုပ်ရမှာ ဖြစ်ပါတယ်။ အလှည့်ရောက်ရင် အဆင်သင့်ဖြစ်ဖို့ ပြင်ဆင်ထားပါ။ စစ်ဆေးတဲ့ စက်ကို ဖြတ်တဲ့အခါ ကန့်သတ်ထားတဲ့ ပစ္စည်းတွေ ပါရင် အချိန်ကြာနိုင်ပါတယ်။

ခရီးမသွားခင် ကွီး

Photo : VOX

(၆) ခရီးဆောင်အိတ်ကို ပြင်ဆင်တဲ့နေရာမှာလည်း Tag နှင့် အထောက်အထားများကို စစ်ဆေးပါ။ မိမိအိတ်ကို ရှာဖွေဖို့ လွယ်ကူစေရန် ကိုယ်တိုင်အမှတ်အသား ပြုလုပ်ထားတာကလည်း အခြားသူတစ်ဦးဦး အိတ်နဲ့ လွဲမှားတာမျိုးကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

(၇) ဒါ့အပြင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာများအတွက် ခရီးဆောင်အိတ်ကို အစောကတည်းက စစ်ဆေးပါ။ ဇစ်တွေ ကောင်းမကောင်း၊ ပေါက်ပြဲနေခြင်း ရှိမရှိ စသည်ဖြင့် စစ်ဆေးထားဖို့ လိုပါတယ်။

travel

Photo : Adkomo

(၈) နောက်တစ်ချက် အနေနဲ့ အသုံးဝင်သော ခရီးသွားအက်ပ်များကို ဒေါင်းလုဒ်လုပ်ထားတာကလည်း မမှားပါဘူး။

(၉) ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ၊ ကွီးတို့သွားရောက်မဲ့ နေရာဒေသအကြောင်းနဲ့ အလေ့အထများကို ကြိုတင် လေ့လာထားဖို့ လိုပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ခရီးမသွားခင် ကွီး တို့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အရာလေးတွေကို ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီအချက်လေးတွေကို သိရှိပြင်ဆင်ထားခြင်းဖြင့် ကွီးတို့ ခရီးလမ်းဖြောင့်ဖြူးသာယာချောမွေ့ဖို့ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Source : Travel Resources

Featured Photo : Travel Agent Central