ချစ်သူစုံတွဲတွေကြား တစ်ယောက်ကိုတစ်ယောက် ထာဝရချစ်ကြောင်း သက်သေပြကြတဲ့ နည်းလမ်းတွေများစွာ ရှိတဲ့အထဲမှာ ချစ်သူနှစ်ဦးသားဆင်တူ တက်တူးရေးထိုးခြင်းကလည်း ရေပန်းစားတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ တက်တူး ဆင်တူ ရေးထိုးတာဟာ တစ်ဦးကိုတစ်ဦးရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မြဲရင်းနှီး သွားစေမယ့် အတွေ့အကြုံ တစ်ခုလို့လည်း ဆိုရမှာပါ။ ကွီးတို့အနေနဲ့လည်း ကိုယ့်ချစ်သူ ကောင်မလေးနဲ့အတူတူ ဆင်တူတက်တူးရေးထိုးဖို့ စိတ်ကူးရှိတယ် ဘယ်လို Couple တက်တူးဒီဇိုင် လေးတွေ ရေးထိုးရမလဲ စဉ်းစားရကြပ်နေတယ်ဆိုရင် ဒီဆောင်းပါးလေးက အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။
(၁) Couple လက်စွပ် တက်တူးဒီဇိုင်း
Photo : The Trend Spotter
လက်ဝဲဘက်လက်ရဲ့ လက်သူကြွယ်မှာ နှလုံးဆီတိုက်ရိုက် ချိတ်ဆက်နေတဲ့ သွေးကြောမျှင်လေးတွေ အများကြီးရှိနေတယ်လို့ ရှေးခေတ်ရောမလူမျိုးတွေ ယုံကြည်ထားကြပါတယ်။ သူတို့ကတော့ ဒါကို ချစ်ခြင်းမေတ္တာရဲ့ သွေးကြောလေးတွေလို့ တင်စားခေါ်ကြပါတယ်။ ဒါကြောင့်လည်း လက်ထပ်လက်စွပ်ကို လက်ဝဲဘက် လက်သူကြွယ်မှာ စွပ်လေ့ရှိကြတာပါ။ ထို့နည်းတူစွာပဲ Couple လက်စွပ် တက်တူးဒီဇိုင်းလေးဟာ ဆိုရင်လည်း ချစ်ခြင်းမေတ္တာရဲ့ ခိုင်မာမြဲမြံတဲ့ အချစ်ရဲ့ သက်သေတစ်ခု ဖြစ်တာကြောင့် Couple ဆင်တူ လက်စွပ် တက်တူးလေးဟာ ချစ်သူစုံတွဲတွေအတွက် သိပ်လိုက်ဖက်တဲ့ ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ ချစ်သူရဲ့ နာမည်အတိုကောက် ၊ မွေးနေ့မွေးရက်နဲ့ ချစ်သူနှစ်ဦးရဲ့ အမှတ်တရနေ့ရက်တွေကို Couple လက်စွပ် တက်တူးဒီဇိုင်း အဖြစ် ရေးထိုးလို့ ရပါတယ်။
(၂) အသဲနှလုံးပုံ Couple တက်တူးဒီဇိုင်း
Photo : The Trend Spotter
အသဲနှလုံးပုံ သင်္ကေတဟာ ချစ်ခြင်းရဲ့ ပြယုဒ်တစ်ခုပါ။ ရိုးရှင်းပေမယ့်လည်း ဘယ်တော့မှ မပြောင်းလဲတဲ့ ချစ်ခြင်းရဲ့ သက်သေကို ဖော်ဆောင်ပါတယ်။ ချစ်ခြင်းမေတ္တာ ၊ သစ္စာစောင့်သိမှု ၊ နားလည်မှု ၊ ယုံကြည်မှုနဲ့ ထာဝရမြဲမြံနေမယ့် တွဲလက်တွေ အပါအဝင် စကားလုံးတွေနဲ့ ဖော်ပြလို့မရနိုင်တဲ့ အဓိပ္ပာယ်များစွာကို ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။ အသဲနှလုံးပုံ ဆင်တူ Couple တက်တူးဒီဇိုင်းက လုံးဝရိုးရှင်းပြီး Powerful ဖြစ်တဲ့ တက်တူးတစ်ခု ဖြစ်တာကြောင့် ကွီးတို့ ရွေးချယ်သင့်တဲ့ တက်တူးဒီဇိုင်းလေးတစ်ခုလို့ ပြောရင် မမှားနိုင်ပါဘူး။
(၃) Couple Quote တက်တူးဒီဇိုင်း
Photo : The Trend Spotter
အချစ်အကြောင်း ရေးဖွဲ့သီကုံးထားတဲ့ အဆုံးမရှိတဲ့ ကဗျာတွေ ၊ သီချင်းတွေနဲ့ ရုပ်ရှင်တွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ ကွီးတို့ ချစ်သူနှစ်ဦးအတွက် တိုက်ဆိုင်မှုရှိတဲ့ စာသားလေးတွေကို ပြီးပြည့်စုံတဲ့ တက်တူး ဒီဇိုင်းတစ်ခုအဖြစ် ပြောင်းလဲရေးထိုးလို့ ရပါတယ်။ Couple Quote ဆင်တူ တက်တူးဒီဇိုင်းလေးတွေဟာ ရွေးချယ်စရာများသလို တက်တူးလေးကို မြင်တိုင်းမှာလည်း ကိုယ့်ချစ်သူလေးကို အမြဲသတိရနေစေမယ့် အလန်းဆုံး တက်တူးဒီဇိုင်းလေး တစ်ခုပဲ ဖြစ်ပါတယ်။
(၄) Couple Lock And Key တက်တူးဒီဇိုင်း
Photo : The Trend Spotter
ချစ်သူစုံတွဲတွေအတွက် Meaningful အဖြစ်ဆုံး Body Art တွေအကြောင်း ပြောတဲ့အခါ Couple Lock And Key တက်တူး ဒီဇိုင်းလေးက မပါမဖြစ်ပါပဲ။ Couple Lock And Key တက်တူးဒီဇိုင်းဟာ ချစ်သူလေးရဲ့ စိတ်အလင်းတံခါးကို တစ်ဦးတည်းသော ကိုယ်ကသာ ဖွင့်နိုင်မယ့်သူလို့ အဓိပ္ပာယ် ဖော်ဆောင်ပါတယ်။ ချစ်သူစုံတွဲတွေအနေနဲ့ Lock And Key တက်တူးလေးကို လက်ဖျံ ၊ လက်ခုံ ၊ လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်လို နေရာတွေမှာ အများဆုံး ရေးထိုးကြပါတယ်။ ဆိုဒ်အနေနဲ့ကတော့ အလတ်စား ဒါမှမဟုတ် ခပ်သေးသေး Minimalist ဒီဇိုင်း စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ စွယ်စုံရ တက်တူးဒီဇိုင်း လေးတစ်ခု ဖြစ်ပါတယ်။
(၅) Yin And Yang တက်တူးဒီဇိုင်း
Photo : The Trend Spotter
Yin And Yang ဆိုတာကတော့ လိုက်ဖက်ညီမှုရှိတဲ့ မတူညီတဲ့ အစိတ်အပိုင်းနှစ်ခုကို ကိုယ်စားပြုပါတယ်။ Yin ဟာ ဣတ္ထိစွမ်းအားကို ရည်ညွှန်းပြီး Yang ကတော့ ယောက်ျားပီသရဲ့ အမှတ်အသား တစ်ခုပါ။ ချစ်သူနှစ်ဦး ပေါင်းစပ်ပြီး ပြီးပြည့်စုံတဲ့ Yin And Yang စက်ဝိုင်းတစ်ခု ဖန်တီးလို့ရပါတယ်။ Yin And Yang တက်တူးဒီဇိုင်းဟာ မတူညီမှုတွေရှိတဲ့ လူနှစ်ယောက် ပေါင်းဖက်ခြင်း ၊ အချင်းချင်း ဟန်ချက်ညီမျှစွာ ချစ်ခင်မြတ်နိုးခြင်း ၊ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေကို ကိုယ်စားပြုခြင်းစတဲ့ အဓိပ္ပာယ်တွေကို ရည်ညွှန်းတာကြောင့် ချစ်သူစုံတွဲတွေအတွက် ရွေးချယ်သင့်တဲ့ ဆင်တူ တက်တူး ဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။
Featured Photo : The Trend Spotter