ချစ်တင်းမနှောခင် သိထားရမယ့် အချက်တွေက အရေးကြီးသလို ချစ်တင်းနှော ပြီးနောက်မှာ လိုက်နာရမယ့် အချက်တွေလည်း ရှိပါတယ်။ ဘေးကင်းပြီး လုံခြုံစိတ်ချရတဲ့ ပျော်ရွှင်ဖွယ်ရာ လိင်မှုဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကွီးတို့ ချစ်တင်းနှောပြီး တိုင်းမှာ အခုပြောပြမယ့် အချက်တွေကို လိုက်နာသင့်ပါတယ်။

(၁) ဆီးအိမ်ရှင်းပါ

Bathroom

Photo : CNN

ချစ်တင်းနှော ပြီးနောက်မှာ ဆီးသွားဖို့ လိုပါတယ်။ အတူနေပြီးတဲ့အခါ လိင်အင်္ဂါတဝိုက်မှာ ဘက်တီးရီးယားပိုးတွေ ကပ်တွယ်နေနိုင်ပါတယ်။ ချစ်တင်းနှောပြီးနောက် ဆီးသွားလိုက်တာက ထိုဘက်တီးရီးယားတွေကို ဖယ်ရှား ရှင်းလင်းပေးရာ ရောက်စေပြီး ဆီးလမ်းကြောင်း ပိုးဝင်နိုင်တဲ့ အခြေအနေကို လျော့နည်းစေပါတယ်။

(၂) ကွန်ဒုံးကို စစ်ပါ

Condom

Photo : SHD Medical

ကွန်ဒုံး ပေါက်ပြဲမှု ရှိမရှိကိုလည်း မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။ ချစ်တင်းနှောချိန်မှာ ပွတ်တိုက်မှုကြောင့် မတော်တဆ ကွန်ဒုံးပေါက်ပြဲတာမျိုး ဖြစ်တက်တာကြောင့် ကွန်ဒုံးမှာ ပေါက်ရာပြဲရာ ရှိမရှိကို သေချာလေး စစ်ဆေးကြည့်ပါ။ ကွန်ဒုံးမှာ ပေါက်ရာပြဲရာ ရှိခဲ့ပါက အရေးပေါ် သန္ဓေတားဆေးကို အသုံးပြုပါ။ ကွန်ဒုံး ပေါက်ပြဲမှု မရှိစေဖို့ ချစ်တင်းနှောချိန်မှာ နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ အသုံးပြုဖို့ လိုအပ်ပြီး ချောဆီပါ တွဲသုံးပေးဖို့ အကြံပေးချင်ပါတယ်။

(၃) သန့်ရှင်းရေး လုပ်ပါ

Penile Hygiene

Photo : Healthline

ချစ်တင်းမနှောခင်မှာရော ချစ်တင်းနှောပြီး ချိန်မှာပါ တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုတစိုက်လိုက်နာဖို့ အရေးကြီးပါတယ်။ လိင်အင်္ဂါတွေကို ထိတွေ့ကိုင်တွယ်မှု မပြုခင်နဲ့ ထိတွေ့ကိုင်တွယ် ပြီးနောက်မှာ ဘတ်တီးရီးယားနဲ့ ပိုးမွှားတွေ ကူးစက်ပြန့်ပွားမှု မရှိစေဖို့ လက်ကို သေချာလေး ဆေးကြောပါ။ ဖွားဖက်တော်နဲ့ မိန်းမကိုယ် သန့်ရှင်းမှုအတွက်လည်း ရေခပ်နွေးနွေးနဲ့ ဆေးကြောသန့်စင် ပေးရပါမယ်။ အလားတူ လူကြီးကစားစရာတွေ အသုံးပြုခဲ့တယ်ဆိုပါက အဆိုပါ ကိရိယာ တန်ဆာပလာတွေကိုလည်း ဆေးကြောသန့်စင်ပါ။

(၄) ခန္ဓာကိုယ်မှာ ထူးခြားမှု ရှိမရှိကြည့်ပါ

Body Check

Photo : Rogers Behavioral Health

ချစ်တင်းနှော ပြီးတဲ့အခါ မိမိခန္ဓာကိုယ်မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဒါမှမဟုတ် ဒဏ်ရာအနာတရ ဖြစ်ပွားမှု ရှိမရှိကို ကြည့်ရှုစစ်ဆေး ဖို့လည်း လိုပါမယ်။ လိင်အင်္ဂါနဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေမှာ ပွန်းရာပဲ့ရာ ၊ ထိခိုက်ဒဏ်ရာ ဖြစ်ပေါ်နေတာမျိုး သာမန်မဟုတ်တဲ့ လက္ခဏာတွေ ပြနေတာမျိုး ဖြစ်ပွားပါက ၎င်းတို့ကို စောင့်ကြည့်ပြီး လိုအပ်တယ်ဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသပြီး ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။

Source : Julie Care

Featured Photo : Healthshots