ချစ်တင်းနှော တဲ့အခါ အကာအကွယ် မသုံးဘဲ ချစ်တင်းနှောမယ်ဆိုရင် မလိုလားအပ်တဲ့ ရောဂါ တွေက အချိန်မရွေး ကူးစက် ဖို့ အကြောင်းဖန်လာပါလိမ့်မယ်။ ချစ်တင်းနှော နေစဥ် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါ အမျိုးအစားကတော့ အဓိကအားဖြင့် တစ်ခုပဲ ရှိပါတယ်။ STDs လို့ခေါ်တဲ့ Sexually Transmitted Diseases လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများပဲ ဖြစ်ပါတယ်။
STDs က ဘယ်ကနေ ဘယ်လို အစပြုလာခဲ့တာလဲ
STDs အဆင့် မရောက်ခင် အရင်ဦးဆုံး STIs ဆိုတဲ့ အဆင့်ရှိပါသေးတယ်။ သူ့နာမည် အပြည့်အစုံကတော့ Sexually Transmitted Infections ပဲဖြစ်ပါတယ်။ ထိုအဆင့်ကတော့ ရောဂါပိုး အဆင့်ပဲ ရှိပါသေးတယ်။ STIs တွေသည် များသောအားဖြင့် လိင်အင်္ဂါ အထိအတွေ့ကနေတဆင့် ကူးစက်သွားတာပဲဖြစ်ပြီး ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ ကပ်ပါးကောင်များကြောင့် STIs ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သွေးမှဆင့်လည်း ကူးစက်နိုင်သလို ချစ်တင်းနှော နေစဥ်မှာ အမျိုးသားနှင့် အမျိုးသမီးတို့ရဲ့ မျိုးပွားအင်္ဂါကနေ ထွက်ရှိလာတဲ့ သဘာဝ ချောဆီများကနေလည်း ကူးစက်တတ်ပါသေးတယ်။
ဒီရောဂါက လိင်ဆက်ဆံခြင်းကနေပဲ ကူးစက်တတ်တာလား
မဟုတ်ပါဘူး။ ထိုရောဂါများသည် များသောအားဖြင့် လိင်မှတဆင့် ကူးစက်တတ်တယ်လို့ အစောပိုင်းတုန်းက စကားပလ္လင် ခံထားခဲ့ပါတယ်။ ဆိုလိုတာကတော့ လိင်အင်္ဂါကနေတဆင့် မဟုတ်ဘဲနဲ့လည်း တခြားသော အကြောင်းအရာများကြောင့်လည်း ကူးစက်တတ်ပါသေးတယ်။
ဥပမာဆိုရသော် ကိုယ်ဝန်ဆောင် မိခင်မှာ STIs ရှိနေမယ်ဆိုရင် ကိုယ်ဝန်ဆောင်နေချိန် (သို့) မီးဖွားနေချိန်မှာ သန္ဓေသားထံ (သို့) မွေးကင်းစ ကလေးထံ ကူးစက်တတ်ပါတယ်။ ဒါ့အပြင် ဆေးထိုးအပ်များကို မျှဝေ အသုံးပြုခြင်းကနေတဆင့်လည်း ကူးစက်တတ်ပါသေးတယ်။
STIs အဆင့်မှာ ဘယ်လို လက္ခဏာတွေ ပြသလဲ
STIs အဆင့်မှာတော့ ထွေထွေထူးထူး ရောဂါ လက္ခဏာ ပြလေ့ မရှိပါဘူး။ ဒေါင်ဒေါင်မြည်အောင် ကျန်းမာနေတဲ့ လူတစ်ယောက်သည်လည်း STIs ရောဂါပိုး အကူးစက်ခံနေရတာကို မသိတာမျိုးလည်း ရှိပါသေးတယ်။
STDs အဆင့် ရောက်သွားတဲ့အခါမှာတော့ ရောဂါ လက္ခဏာ စပြလာပါပြီ။ တချို့ ချွင်းချက်အနေနဲ့ လက္ခဏာ မပြတာမျိုးလည်း ရှိပါသေးတယ်။
လိင်အင်္ဂါ တစ်ဝိုက်တွင် အနာပေါက်ခြင်း၊ လိင်အင်္ဂါနဲ့ ပါးစပ် ထိတွေ့ဖူးတယ်ဆိုရင်လည်း ပါးစပ်တစ်ဝိုက်မှာပါ အနာပေါက်ခြင်း၊ အပေါ့သွားတဲ့အခါ နာကျင်ခြင်း၊ ကွီးတို့ ညီလေးကနေ အရည်များ ထွက်ခြင်း၊ ချစ်တင်းနှောနေစဥ် နာကျင်ခြင်း၊ ညီလေးတွေ အနာပေါက်ခြင်း၊ ဝမ်းဗိုက်အောက်နားတစ်ဝိုက်က နာကျင်ခြင်း၊ ဖျားနာခြင်း အစရှိတဲ့ ရောဂါ လက္ခဏာများကို ကြုံတွေ့ခံစားရမှာပဲ ဖြစ်ပါတယ်။
ဘယ်လို ကာကွယ်ရမလဲ
အထိရောက်ဆုံး ကာကွယ်နည်းကတော့ ချစ်တင်းမနှောတာပါပဲ။ ဒါမှမဟုတ် ချစ်တင်းနှောမယ်ဆိုရင်လည်း ရောဂါ ကင်းရှင်းတဲ့သူ တစ်ဦးတစ်ယောက်တည်းနဲ့သာ ချစ်တင်းနှောသင့်ပါတယ်။ ကာကွယ်ဆေးများ ရှိပါကလည်း ထိုးသင့်ပါတယ်။ ဒါ့အပြင် ချစ်တင်းနှောနေစဥ်မှာ ကွန်ဒုံးနဲ့ Dental Dams များကို မှန်ကန်စွာ အသုံးပြုပြီးမှသာလျှင် ချစ်တင်းနှော သင့်ပါတယ်။ ကိုယ့်ရဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများကိုလည်း အများနဲ့ မျှဝေ အသုံးပြုခြင်းမျိုးကို ရှောင်ကြဥ်သင့်ပါတယ်။
ကွီးတို့ရော ချစ်တင်းနှော နေစဥ်မှာ ရောဂါ တွေ မ ကူးစက် ဖို့ဆို ဘာတွေကို အဓိကထား ရှောင်ကြဥ်ဖြစ်ပါသလဲ။
Source: Mayoclinic.org
Featured Image: Lumahealth