ချစ်တင်းနှော ခြင်းကနေ ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေ များစွာ ရနိုင်တယ်ဆိုတာ ကွီးတို့ သိပါသလား ? ဟုတ်ပါတယ် ချစ်တင်းနှောတာဟာ လူနှစ်ယောက်ကြားက ရင်းနှီးဆက်နွယ်မှု ၊ ချစ်ခြင်းမေတ္တာ တို့ကို အခြေခံပြီး ဖြစ်တည်လာတဲ့ ခန္ဓာကိုယ်ချင်း နှီးနှောဖလှယ်တဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပြီး အဆိုပါ ချစ်တင်းနှောခြင်းကနေ ကွီးတို့ ထင်မှတ်မထားတဲ့ ကောင်းကျိုးသုခတွေ များစွာကို ခံစားရရှိနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ချစ်တင်းနှောခြင်းကနေ ရရှိနိုင်တဲ့ ကောင်းကျိုးတွေ အကြောင်းကို ပြောပြပေးပါမယ်။
(၁) နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ ကူညီပေးတယ်
Photo : Skyland Trail
ညဘက်အိပ်မရတာ ၊ ကောင်းကောင်းအိပ်မပျော်တဲ့ ပြဿနာတွေကို ချစ်တင်းနှော ခြင်းကနေတဆင့် ဖြေရှင်းလို့ ရပါတယ်။ အကြောင်းကတော့ ချစ်တင်းနှော ချိန်မှာ အထွတ်အထိပ် ခံစားမှု အော်ဂဇင် ရပြီးနောက် ခန္ဓာကိုယ်ကနေ Prolactin လို့ခေါ်တဲ့ ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေက ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ တင်းမာမှုတွေကို ပြေလျော့သက်သာစေပြီး စိတ်အေးလက်အေးနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေဖို့ ကူညီပေးနိုင်ပါတယ်။
(၂) ကိုယ်ခံစွမ်းအား မြှင့်တင်ပေးနိုင်တယ်
Photo : ben&biao | Natural Medicine Clinic
ချစ်တင်းနှောခြင်းက သဘာဝအတိုင်း ဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ လေ့လာမှုတစ်ခုအရ တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်ခန့် ချစ်တင်းနှော သူတွေဟာ ကိုယ်ခံအားစနစ် အားကောင်းစေပြီး အအေးမိဖျားနာခြင်း ကဲ့သို့သော အခြေအနေတွေကို တားဆီးကာကွယ် ပေးနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
(၃) စိတ်ခံစားမှုကို ကောင်းမွန်စေတယ်
Photo : LinkedIn
ချစ်တင်းနှောစဉ် အတွင်းမှာ သင့်ခန္ဓာကိုယ်က Serotonin ၊ Dopamine နဲ့ Oytocin တို့လို ‘ခံစားမှု’ ကောင်းမွန်စေတဲ့ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပေးပါတယ်။ ၎င်းတို့က စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျရောဂါ ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး စိတ်ခံစားချက်တွေ ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။
(၄) နှလုံးသွေးကြော ကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်
Photo : Dr Michael Read
ချစ်တင်းနှောတာဟာ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီး နှလုံးကို ပိုမိုကျန်းမာစေတယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ ချစ်တင်းနှော ခြင်းကနေ ရရှိတဲ့ စိတ်ကျေနပ်မှု တစ်နည်းအားဖြင့် အော်ဂဇင်ဟာ သွေးတိုးရောဂါ (သွေးတိုးခြင်း) ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
(၅) မှတ်ဉာဏ်စွမ်းရည် တိုးတက်စေတယ်
Photo : Dana Foundation
ပုံမှန် လိင်မှုဆိုင်ရာ တက်ကြွလှုပ်ရှားမှု ရှိခြင်းဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ပိုကောင်းစေပြီး မှတ်ဉာဏ်စွမ်းရည် တိုးတက်စေတယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြခဲ့ပါတယ်။ အသက်အရွယ် ကြီးရင့်လာတဲ့အထိ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်နေစေပြီး မှတ်ဉာဏ်စွမ်းရည် ကျဆင်းတာ ၊ မေ့လျော့တဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။
Source : Health & Her
Featured Photo : Health & Her