လူတိုင်းရဲ့ ရင်ထဲမှာတော့ သူတို့မေ့မရနိုင်တဲ့ အချစ်ဦး၊ ရည်းစားဟောင်းတွေဆိုတာကတော့ ရှိစမြဲပါပဲ။ သို့သောင် ကိုယ့်မှာက လက်ရှိရည်းစားက ငုတ်တုတ်ကြီး ရှိနေပါလျက်နှင့် ရည်းစားဟောင်းကို မေ့မရဘဲ တသသဖြစ်နေတာကျပြန်တော့ လက်ရှိရည်းစားအပေါ် မတရားရာကျတယ်မဟုတ်လား။ ကွီးတို့ရော ကိုယ့်ရဲ့ ချစ်သူ ကောင်မလေးက ကိုယ့်ကို ပလစ်ထားပြီး သူ့ ရည်းစားဟောင်း ကို မေ့မရဖြစ်နေတယ်လို့ ခံစားနေရပါသလား။
ဒါဆိုရင် အခုဖော်ပြပေးမယ့်အချက်များနှင့် တိုက်ဆိုင် စစ်ဆေးကြည့်လိုက်ပါ။ ကွီးတို့ရဲ့ ချစ်သူ ကောင်မလေးက သူ့ ရည်းစားဟောင်း ကို မမေ့နိုင်ဘူးဆိုရင် ဒီအချက်များကို ပြုမူလေ့ရှိပါတယ်။
သင့်ရဲ့ ချစ်ခင် ကြင်နာတဲ့ အမူအရာကို မသိကျိုးကျွန်ပြုခြင်း

သူက အခြားတစ်ယောက်ကို မမေ့နိုင်သေးတဲ့အတွက်ကြောင့် သင့်ရဲ့ ချစ်ခင် ကြင်နာပြတဲ့ အမူအရာတွေကိုလည်း ဂရုစိုက်မှာမဟုတ်ပါဘူး။ သင်က ဘယ်လောက်ပဲ ကောင်းပြနေပါစေ သူ(မ)အနေနဲ့ မမြင်နိုင်ဘဲ သင့်ရဲ့ အချစ်တွေကို မသိကျိုးကျွန်ပြုနေမှာပဲဖြစ်ပါတယ်။
သူ့ရည်းစားဟောင်းက ပေးထားတဲ့ အမှတ်တရပစ္စည်းများကို မလွှင့်ပစ်နိုင်ဖြစ်နေခြင်း

သင့် ချစ်သူ ကောင်မလေးက သူ့ ရည်းစားဟောင်း သူ(မ)ကို ပေးထားတဲ့ ပစ္စည်းများကို မလွှင့်ပစ်နိုင်ဘဲ တယုတယ သိမ်းထားနေတုန်းပဲလား။ သင်က လွှင့်ပစ်လိုက်ဖို့ ပြောပေမယ့် အကြောင်းအမျိုးမျိုး၊ ဆင်ခြေအမျိုးမျိုးပြပြီး ငြင်းဆန်နေပါသလား။ ဒီအချက်ကို ကြည့်မယ်ဆိုရင် သူ(မ)သည် သူ့ရည်းစားဟောင်းနဲ့အတူတူ ရှိဖူးတဲ့ အမှတ်တရများကို သိမ်းထားချင်ပြီး ထိုမှတ်ဥာဏ်များကနေ ရုန်းမထွက်ချင်ကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။
သူ့ရည်းစားဟောင်းရဲ့ ဆိုရှယ်မီဒီယာများကို မကြာခဏ ဝင်ရောက်ကြည့်ရှုလေ့ရှိတယ်

သူ(မ)ရဲ့ ဖုန်းကို အမှုမဲ့ အမှတ်တဲ့ ယူကြည့်မိတဲ့အခါ Search History တွေထဲမှာ သူ့ရည်းစားဟောင်း အကောင့်ထဲ ဝင်ထားတာတွေကို တွေ့မိပါသလား။ ဒါဆိုရင်တော့ သူ(မ)သည် ယခုအချိန်အထိ သူ့ရည်းစားဟောင်းကို စိတ်ဝင်စားနေသေးကြောင်း၊ စိတ်မပြတ်နိုင်သေးကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။
သူ့ရည်းစားဟောင်းနဲ့ သင့်ကို မကြာခဏ နှိုင်းယှဥ်လေ့ရှိတယ်

သင်က သူ(မ) မကြိုက်တဲ့ တစ်စုံတစ်ခုကို ပြုလုပ်မိလို့ သူ(မ)က သူ့ရည်းစားဟောင်းဆိုရင်တော့ ဒီလိုလုပ်မှာမဟုတ်ဘူး၊ ဘာညာနဲ့ နှိုင်းယှဥ်ခြင်းကို ကြုံဖူးပါသလား။ ဒီအချက်သည်လည်း သင့်ကို စိတ်ကုန်ပြီး သူ(မ)ရဲ့ ရည်းစားဟောင်းကို မမေ့နိုင်ကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။
သူ့ရည်းစားဟောင်းရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ရှိနေတုန်းပဲလား

သူ့ရည်းစားဟောင်းနဲ့ အဆက်အသွယ် ပြတ်သွားပြီဆိုပေမယ့် ရည်းစားဟောင်းရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရှိနေခြင်းသည် လူမှုဆက်ဆံရေး ကောင်းနေခြင်းကို ဖော်ပြနေတာမဟုတ်ပါဘူး။ ဒီလိုမျိုး သူ့ရဲ့မိသားစုဝင်များနှင့် အဆက်အသွယ်ရှိနေခြင်းသည် လက်ရှိရည်းစားနှင့် အဆက်အဆံကို ထိခိုက်စေမှာကတော့ အသေအချာပါပဲ။ ဒါ့ကြောင့် စည်းဘောင်းတစ်ခုဆိုတာကို သေသေချာချာ သတ်သတ်မှတ်မှတ် ထားသင့်ပါတယ်။
သူ့ရည်းစားဟောင်းနဲ့ သွားဖူးတဲ့နေရာတွေကို သင့်ကို ခေါ်သွားလေ့ရှိသလား

သူ့ရည်းစားဟောင်းနဲ့ သွားစားဖူးတဲ့ နေရာတွေ အတူတူ သွားဖူးတဲ့ ဆိုင်တွေကို သင့်ကို ခေါ်သွားလေ့ရှိပါသလား။ ဒါဆိုရင်တော့ သင့်ကောင်မလေးသည် သူ့ရည်းစားဟောင်းနဲ့ အတူတူ ဖန်တီးထားတဲ့ အမှတ်တရများထဲကနေ ရုန်းမထွက်နိုင်တဲ့အပြင် သင်နဲ့ အမှတ်တရသစ်များ ထပ်မဖန်တီးချင်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။
ကဲ… ကွီးတို့ရေ။ အချက် ဘယ်နှချက်လောက်နဲ့ တိုက်ဆိုင်နေပြီလဲ။
Source: Bestlifeonline
Featured Image: Freepik
