ကွီးတို့ရေ စနေ ၊ တနင်္ဂနွေလို အားလပ်ရက်တွေမှာ ချစ်သူလေးနဲ့ Date တဲ့အခါ ရုပ်ရှင်ကြည့်တာ ၊ မုန့်စားတာ ၊ လျှောက်လည်ကြတာတို့ အပြင် ပိုပြီးအမှတ်တရ ဖြစ်စေမဲ့ အမှတ်တရကောင်းလေးတွေကို ဖန်တီးနိုင်မဲ့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ အားလပ်ရက်မှာ ချစ်သူ လေးနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ကူးဆန်ဆန် ဖြတ်သန်းနိုင်မဲ့ အိုင်ဒီယာ ကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။
ပျော်ပွဲစားထွက်ခြင်း

Photo : Mind Cupid
ရာသီဥတု သာယာတဲ့ အားလပ်ရက်လေးမှာ ကွီးတို့ ချစ်သူ လေးနဲ့အတူ ပျော်ပွဲစားထွက်တာက တကယ်ကို အိုင်ဒီယာ ကောင်းလေးပါပဲ။ ပန်းခြံပဲ ဖြစ်ဖြစ်၊ တစ်ရက်တည်း အသွားအပြန်သွားလို့ရတဲ့ အပန်းဖြေစခန်းကိုပဲ ဖြစ်ဖြစ် ရွေးချယ်လိုက်ပါ။ ဝိုင်လေးတွေ၊ စားသောက်စရာတွေ အပြည့်အစုံကို သယ်ဆောင်သွားပြီး အတူတူ စားသောက်ရတာလည်း ကွီးတို့ကို ထူးခြားတဲ့ ပျော်ရွှင်မှုလေး ပေးစွမ်းနိုင်မှာပါ။ ပျော်ပွဲစား ထွက်တာက တကယ်ကို ကွီးတို့ကို ပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှု အပြည့်အဝ ရစေမှာ အသေအချာပါပဲ။ သဘာဝတရားရဲ့ အလှအပကို ခံစားရင်း ချစ်သူလေးနဲ့အတူ တစ်ပတ်တာ အမောတွေကို ဖြေဖျောက်ရင်း စိတ်ကူးယဉ်ဆန်တဲ့ အချိန်လေးတွေကို ကုန်ဆုံးလိုက်ပါ။
အတူတူ စာကြည့်တိုက် သွားပါ

Photo : Jennifer Van Elk Photography
ကွီးတို့ နှစ်ယောက်စလုံးက စာဖတ်ဝါသနာပါတယ်ဆိုရင် အတူတူ စာအုပ်ဆိုင်မှာ စာအုပ်သွားရွေးတာ သို့မဟုတ် စာကြည့်တိုက်မှာ စာအုပ်လေးတွေ သွားဖတ်တာကလည်း တကယ်ကို စိတ်ကူးကောင်းပါပဲ။ ကွီးတို့ အကြိုက်ဆုံး စာအုပ် တစ်အုပ် သို့မဟုတ် နှစ်အုပ်လောက်ကို ရွေးပါ။ သူမနဲ့ အတူတူ စာဖတ်ပါ။ ထို့နောက် အချင်းချင်း ကြိုက်နှစ်သက်ရာ စာအုပ်တွေကို လှဲလည်ပြီး အပြန်အလှန်ဖတ်ရှုပါ။ ပြီးလျှင် စာအုပ်ပါ အကြောင်းအရာတွေ၊ ဗဟုသုတတွေကို အချင်းချင်း အပြန်အလှန် ဆွေးနွေးကြည့်ပါ။ ဒီလို ဆွေးနွေးငြင်းခုန်ရတာလည်း စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် အတွေးအမြင်တွေ ပိုမိုသိရှိလာပြီး နားလည်မှု ပိုမို ရရှိနိုင်ပါတယ်။
ဟင်းအတူတူ ချက်ပါ

Photo : Weddingsbells
အားလပ်ရက်မှာ ချစ်သူ လေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မဲ့ အိုင်ဒီယာ ကောင်းလေးတစ်ခုကတော့ ဟင်းအတူတူ ချက်တာပဲ ဖြစ်ပါတယ်။ ကွီးတို့ နှစ်ယောက်လုံး ကြိုက်နှစ်သက်တဲ့ ဟင်းအမယ်တစ်ခုကို ရွေးချယ်ပါ။ ပြီးလျှင်ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပြီး အတူတူ ပြင်ဆင်ချက်ပြုတ်တာဟာ ပျော်ရွှင်စရာကောင်းပါတယ်။ ပြင်ဆင်ချက်ပြုတ်ပြီးသွားပြီ ဆိုလျှင်အတူတူ စိတ်ကူးယဉ်ဆန်တဲ့ စားပွဲလေးတစ်ခု ဖန်တီးလို့ ရပါသေးတယ်။ ဘယ်အရာကို မဆို အတူတူတကွ ယှဉ်တွဲလုပ်ဆောင်ခြင်းက အောင်မြင်မှုနဲ့ နားလည်မှုကို ပိုရစေနိုင်ပါတယ်။
ပြတိုက် သို့မဟုတ် အနုပညာပြခန်းသို့ တူတူသွားပါ

Photo : Vancouver Art Gallery
ကွီးတို့ရေ ချစ်သူလေးနဲ့ အတူတူ အမှတ်တရကောင်းလေးတွေ ဖန်တီးချင်ရင် ပြတိုက် သို့မဟုတ် အနုပညာပြခန်း တစ်ခုခုကို အတူတကွ သွားရောက်လေ့လာတာလည်း တကယ်ကို အိုင်ဒီယာကောင်းလေးပါပဲ။ အနုပညာလက်ရာတွေကို အတူတကွ ကြည့်ရှုခံစားပြီး သူ့အကြိုက်၊ ကိုယ့်အကြိုက် ဖလှယ်ရတာ တကယ်ကို မတူညီတဲ့ ခံစားချက်ကောင်းလေးတွေ ပေးစွမ်းနိုင်တဲ့အပြင် ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ပိုင်ဆိုင်စေမှာပါ။ ဒါ့အပြင် ကွီးတို့အတွက် စိတ်ဝင်စားစရာ နယ်ပယ်အသစ်ကို လေ့လာပြီးသားလည်း ဖြစ်စေမှာပါ၊
အခုဖော်ပြပေးလိုက်တဲ့ အိုင်ဒီယာကောင်းလေးတွေကို အသုံးချပြီး အားလပ်ရက်မှာ ကွီးတို့ ချစ်သူလေးနဲ့အတူ ပျော်ရွှင်စရာ အချိန်ကောင်းလေးတွေ ရယူလိုက်ပါ။
Source : The Coolist
Featured Photo : Godates
