ကိုယ် လုပ်နေတဲ့အရာကို ချစ်မြတ်နိုးစိတ်ရှိခြင်း၊ မရှိခြင်းပေါ် မူတည်ပြီး အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းတို့သည် ကွာခြားသွားတတ်ပါတယ်။ ကိုယ့်အလုပ်ကို ချစ်မြတ်နိုးတဲ့လူတွေ ကမ္ဘာပေါ်မှာ အများအပြားရှိသလိုပဲ ဝတ်ကျေတန်းကျေ ပိုက်ဆံရရင် ကျေနပ်ပြီဆိုပြီး လုပ်နေကြတဲ့သူတွေလည်း အများအပြားပါပဲ။ ကိုယ် လုပ်နေတဲ့အလုပ်ကို မချစ်ရင် ချစ် တဲ့ အလုပ် ကို ပြောင်းလုပ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မချစ်တဲ့အလုပ်ကို အောင့်အီးသည်းခံပြီး လုပ်နေရတဲ့အခါ ခံစားရမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေ များလို့ပါပဲ။
မ ချစ် တဲ့ အလုပ် ကို အောင့်အီးသည်းခံပြီး လုပ်နေရတဲ့အခါ ဘာတွေ ဖြစ်တတ်သလဲ။
စိတ်ဖိစီးမှုတွေ စုပုံလာမယ်
ကိုယ် မလုပ်ချင်တဲ့အလုပ်ကို သည်းညှည်းခံပြီး ပြုလုပ်နေရတဲ့အခါ အလုပ်ထဲမှာလည်း စိတ်ပါဝင်စားမှု မရှိတော့ပါဘူး။ အလုပ် လုပ်ချင်စိတ်လည်း ကုန်ခမ်းလာပြီး တစ်ရက် တစ်ရက်က ဖြတ်သန်းရတာသည် စိတ်ညစ်စရာကြီးပါပဲ။ ကိုယ့်ကိုယ်ကိုယ် အတင်း ဖိအားပေးပြီး လုပ်နေရတဲ့အခါ စိတ်ဖိစီးမှုတွေသည် တစ်ရက်ထက်တစ်ရက် ပိုပိုများလာပြီး နောက်ဆုံးမှာတော့ စိတ်ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။
ကိုယ့်ရဲ့ စွမ်းရည်တွေလည်း ကျဆင်းလာပြီး Productive မဖြစ်တော့ဘူး
နေ့ရှိသရွေ့ ညရှိသရွေ့ အချိန်ဆွဲနေပြီး ကွီးတို့ရဲ့ စွမ်းဆောင်ရည်သည်လည်း ကျဆင်းလာမှာ အမှန်ပါပဲ။ Productive ဖြစ်တော့မှာလည်း မဟုတ်သလို လူညံ့ လူဖျင်းတစ်ယောက် ဖြစ်သွားမှာ မယုံမရှိပါနဲ့။ ကွီးတို့ရဲ့ စွမ်းဆောင်ရည် ကျဆင်းလာရင် လုပ်ငန်းကိုင်ငန်းတွေလည်း အဆင်ပြေတော့မှာမဟုတ်ဘဲ လုပ်ငန်းခွင်မှာ ရာထူးတိုးဖို့၊ လစာတိုးဖို့ဆိုတာသည်လည်း အဝေးကြီးမှာပါပဲ။
ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်လာပြီး အရှုံးသမားတစ်ယောက်လို မြင်လာလိမ့်မယ်
ကွီးတို့ အပျော်ဆုံး၊ ဘာလုပ်လုပ် အအောင်မြင်ဆုံး ဖြစ်နေတဲ့အချိန်နဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းနေတဲ့အချိန်ကို နှိုင်းယှဥ်ကြည့်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်လာပြီး အရှုံးသမားတစ်ယောက်လို ခံစားရလာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် အရှုံးသမားတစ်ယောက်လို ခံစားရပြီဆိုရင်တော့ ဘယ်သူမှ ကယ်တင်လို့မရတော့ပါဘူး။ ကွီးတို့ကိုယ်တိုင် ထိုနွံထဲက ရုန်းထွက်နိုင်မှသာလျှင် အဆင်ပြေတော့မှာဖြစ်ပါတယ်။ မချစ် မနှစ်သက်တဲ့အရာကို လုပ်ကိုင်နေရတဲ့ နွံထဲက ရုန်းထွက်ပြီး ကိုယ် အမှန်တကယ် ချစ်မြတ်နိုးရတဲ့အလုပ်ကို ပြောင်းလုပ်မှသာလျှင် ကွီးတို့အတွက် အောင်မြင်မှုကို ဆွတ်ခူးနိုင်မှာပဲဖြစ်ပါတယ်။
ကိုယ် အမှန်တကယ် ချစ်မြတ်နိုးတဲ့အလုပ်ကို လုပ်ရတဲ့အခါ ဘယ်လိုမျိုး ခံစားရမလဲ။
အချိန်က ဘယ်လိုကုန်မှန်းမသိ ကုန်သွားမယ်
ကွီးတို့သည် ကိုယ် လုပ်နေရတဲ့အလုပ်ကို အမှန်တကယ် ချစ်မြတ်နိုးမယ်ဆိုရင် အချိန်က ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိ ကုန်မြန်နေမှာပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာလည်း ပိုမိုပျော်ရွှင်လာရမှာဖြစ်ပြီး ကွီးတို့အတွက် အလုပ်ဆိုတာသည် ကိုယ် ဝါသနာပါတဲ့အလုပ်ကို လုပ်နေရတာကြောင့် အလုပ် လုပ်နေရတယ်လို့ မထင်မှတ်တော့ဘဲ ကိုယ့်ရဲ့ ဝါသနာကို လုပ်နေရတယ်လို့ ခံစားရမှာပဲဖြစ်ပါတယ်။
ကိုယ့်အလုပ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ဆက်ဆံရေး ကောင်းမွန်မယ်
ကိုယ် ချစ်တဲ့အလုပ်ကို လုပ်ကိုင်နေရခြင်းသည် ကွီးတို့အတွက်သာမက ကွီးတို့ ပတ်ဝန်းကျင်က လူတွေအတွက်လည်း ကောင်းပါတယ်။ ကိုယ့်ရဲ့ ဝါသနာကို လုပ်ကိုင်နေရတဲ့အတွက်ကြောင့် သူတို့နဲ့ ပူးတွဲလုပ်ဆောင်ရတာ၊ ပေါင်းသင်းဆက်ဆံရတာသည်လည်း ပိုမိုကောင်းမွန်ပြီး ပျော်ရွှင်ရတဲ့ ဆက်ဆံရေးတစ်ခုကို ဖန်တီးနိုင်ပါတယ်။
စိတ်ဖိစီးမှုကို ခံစားရမှာမဟုတ်ဘူး
စောစောက ပြောခဲ့တဲ့အချက်တွေထဲကလိုပဲ ကွီးတို့သည် ကိုယ့်ရဲ့ ဝါသနာကို လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့် စိတ်ဖိစီးမှုကို လုံးလုံးမျှ ခံစားရမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဘယ်လောက်ပဲ လုပ်စရာတွေက တောင်ပုံရာပုံရှိနေပါစေ စိတ်အားတက်ကြွစွာနဲ့ စိတ်လိုလက်ရ လုပ်ကိုင်ချင်နေမှာဖြစ်ပါတယ်။ အချိန်က ကုန်မှန်းမသိ ကုန်သွားပြီး အလုပ်တွေလည်း တစ်ဖြည်းဖြည်းနဲ့ လုပ်လို့ပြီးသွားမှာ ဖြစ်ပါတယ်။
ပိုမိုအောင်မြင်ကာ ပျော်ရွှင်ရတဲ့ဘဝကို ပိုင်ဆိုင်ပြီး ကိုယ့်ဘဝကို ကျေနပ်လာမယ်
ကိုယ်ဝါသနာပါတဲ့အလုပ်ကို ပိုကောင်းအောင် ဘယ်လိုလုပ်နိုင်သေးလဲဆိုတာကို တွေးတောကြံဆနေပြီး ကိုယ့်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းအတွက်လည်း အချိန်ပေးဖြစ်ပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ အလုပ်မှာလည်း နာမည်ကောင်းရလာပြီး ကိုယ့်ကိုဆို ယုံယုံကြည်ကြည်နဲ့ အလုပ်အပ်နှံမယ့်သူတွေချည်းပဲ ပြည့်နှက်လာပါလိမ့်မယ်။ ကွီးတို့ ရဲ့ဘဝသည် အောင်မြင်ပျော်ရွှင်ရလာမှာဖြစ်ပြီး ကိုယ့်ဘဝကို ကျေနပ်လာပါလိမ့်မယ်။
ကွီးတို့ရော လက်ရှိမှာ ဘယ်လိုအလုပ်မျိုးကို လုပ်ကိုင်နေပါသလဲ။ ကိုယ် ချစ်မြတ်နိုးကာ ဝါသနာပါတဲ့အလုပ်ကို လုပ်နေပါသလား။ ဒါမှမဟုတ် ကိုယ် ဝါသနာမပါဘဲ ကိုယ့်ကိုယ်ကိုယ် အတင်းဖိအားပေးကာ လုပ်ကိုင်နေရတဲ့အလုပ်မျိုးကို လုပ်နေရပါသလား။
Source: Basicsbybecca
Featured Image: Freepik