ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဘန်ဇီးမား ဟာ ဆော်ဒီအာရေဗျကို ရောက်ရှိပြီး ၇ လ အကြာမှာပဲ အသင်းဟောင်းဖြစ်တဲ့ လိုင်ယွန်ကနေ ပြန်လည်ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Karim Benzema

Photo : Football London

အသက် ၃၆ နှစ်အရွယ် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ ဘာနေဗျူးမှာ ၁၄ နှစ်ကြာကစားပြီးနောက် ပြီးခဲ့တဲ့ နွေရာသီက ဆော်ဒီပရိုလိဂ်ချန်ပီယံ အယ်လ်အစ်တီဟတ်အသင်းကို ရောက်ရှိလာခဲ့တာပါ။

ဘန်ဇီးမားဟာ အယ်လ်အစ်တီဟတ်အသင်းနဲ့ များပြားလှတဲ့ လစာငွေ တစ်နှစ်လျှင် ပေါင် ၈၅.၉ သန်းတန် သဘောတူညီမှု စာချုပ်တစ်ရပ် ရေးထိုးခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲစုံ ၂၄ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၁၅ ဂိုးအထိ စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။ ပြင်သစ်သားဟာ အယ်လ်အစ်တီဟတ်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပေမယ့် လက်ရှိမှာတော့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းကလည်း ဘန်ဇီးမားကို ခေါ်ယူဖို့ အပြင်းအထန် ချိတ်ဆက်မှုတွေ လုပ်ဆောင်နေပါတယ်။

RMC Sport ရဲ့ဖော်ပြချက်အရတော့ လိုင်ယွန်အသင်းဟာ ၂၀၀၉ ခုနှစ်တုန်းက အသင်းကနေထွက်ခွာသွားခဲ့တဲ့ အကယ်ဒမီထွက် တိုက်စစ်မှူးဟောင်း ဘန်ဇီးမား ကို အသင်းထံ ပြန်လည် ခေါ်ယူချင်နေတယ်လို့ ဆိုပါတယ်။ ဘန်ဇီးမားဟာ ရီးရဲလ်မက်ဒရစ်ကို မပြောင်းရွေ့မီ လီဂူး ၁ အသင်းအတွက် ပွဲပေါင်း ၁၄၈ ပွဲကစားခဲ့ပြီး သွင်းဂိုး ၆၆ ဂိုး သွင်းပေးခဲ့ကာ လိဂ်ဖလား ၄ ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အသင်းဟောင်း လိုင်ယွန်အနေနဲ့တော့ ၂၀၂၂ ခုနှစ် ဘော်လွန်းဒီအော်ဆုရှင်နဲ့ သဘောတူညီမှု ရရှိဖို့အတွက် အလွန်ခက်ခဲတဲ့ အခြေအနေမှာရှိနေပြီး လက်ရှိ အယ်လ်အစ်တီဟတ်အသင်းပေးတဲ့ များပြားလှတဲ့ လစာမျိုးကို လိုင်ယွန်တို့က ပေးနိုင်မှာ မဟုတ်ပါဘူး။

ဘန်ဇီးမား အနေနဲ့ လေ့ကျင့်ရေးကို ၁၇ ရက်ကြာနောက်ကျပြီးမှ ပြန်လည်ရောက်ရှိလာခဲ့တဲ့အတွက် အယ်လ်အစ်တီဟတ်အသင်း တာဝန်ရှိသူတွေနဲ့ကြားမှာ အဖုအထစ်ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ပြင်သစ်သားကို ခေါ်ယူဖို့ စိတ်ဝင်တစားစောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘန်ဇီးမားရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆော်ဒီပရိုလိဂ်ချန်ပီယံ အသင်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Karim Benzema

Photo : Metro UK

ပြီးခဲ့တဲ့ရက်ပိုင်းက ဂျော်ဒန်ဟန်ဒါဆန်ဟာ ဆော်ဒီပရိုလိဂ်ကနေ အေဂျက်စ်အသင်းထံ ထွက်ခွာခဲ့ပြီးတဲ့နောက် ဘန်ဇီးမားလည်း အလားတူ ဆော်ဒီကနေ အမြန်ဆုံး ထွက်ခွာဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ရာသီဥတုအခြေအနေ ၊ ပရိသတ်အင်အားနဲ့ လူမှုရေးဆိုင်ရာ အားနည်းချက်တွေကြောင့် အခြား ဥရောပအခြေစိုက် ကစားသမားဟောင်း အများအပြားလည်း ယခုလမကုန်မီမှာ အရှေ့အလယ်ပိုင်းကနေ ထွက်ခွာသွားနိုင်ဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။ လီဗာပူး ဂန္တဝင် ရောဘတ်တို ဖာမီနိုနဲ့ ဆဲလ်တစ် ကစားသမားဟောင်း ဂျိုတာတို့လည်း အယ်လ်အာလီ နဲ့ အယ်လ်အစ်တီဟတ်အသင်းတွေကနေ အသီးသီး ထွက်ခွာဖွယ် ရှိနေပါတယ်။

Featured Photo : The Sun