မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ဆီဗီလာအသင်းကို အငှားနဲ့ သွားရောက် ကစားနေတဲ့ တိုက်စစ်မှူး အန်တိုနီမာရှယ်ကတော့ စပိန်ကလပ်အတွက် ၄ ပွဲ ပါဝင်ကစားပေးခဲ့ပြီးနောက် ခြေစွမ်း စပြရုံပဲရှိသေး ဒဏ်ရာ ပြဿနာနဲ့ ရင်ဆိုင်လိုက်ရ ပြီပဲ ဖြစ်ပါတယ်။
ပြစ်သစ်သားဟာ သူရဲ့ ကစားသမား ဘဝကို ပြန်လည်စတင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းမှာ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ဆီဗီလာအသင်းကို ပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။
Photo : The Sun
မာရှယ်ဟာ ယခုလအတွင်း ယူရိုပါလိဂ်မှာ ဆီဗီလာအတွက် ပထမဦးဆုံး သွင်းဂိုးကို စွမ်းဆောင်ပေးခဲ့ပြီး အသင်းအသစ်မှာ ခြေစွမ်းကောင်းတွေနဲ့အတူ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် တိုက်စစ်မှူး မာရှယ်ဟာ တနင်္ဂနွေညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စပန်ညိုနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့ပြီး လက်ရှိမှာ ၎င်းရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူး မာရှယ်ဟာ အက်စ်ပန်ညိုနဲ့ပွဲမှာ ပွဲကစားချိန် ၂၅ မိနစ်မှာပဲ ဒဏ်ရာရရှိခဲ့ပြီး သူရဲ့ ဘယ်ဘက်ခြေထောက်ကိုကိုင်ကာ ကွင်းအတွင်းလဲကျသွားခဲ့တာကြောင့် အသင်းဖော် ပါပူ ဂိုမက်ဇ်နဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။
Marca ရဲ့ ဖော်ပြချက်အရ မာရှယ်ဟာ တံကောက်ကြောဒဏ်ရာ ရရှိတာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဆီဗီလာနည်းပြ လိုပါတီဂူကတော့ အက်စ်ပန်ညိုနဲ့ ပွဲအပြီးမှာ ” ကျွန်တော်တို့ စမ်းသပ်မှုတွေ လုပ်ရပါမယ် ၊ သူရဲ့ ဒဏ်ရာအခြေအနေ ဘယ်လောက်ထိ ပြင်းထန်လဲဆိုတာ သိရဖို့ စမ်းသပ်ကုသမှုတွေ ပြုလုပ်သွားပါမယ်” လို့ ပြောကြားခဲ့ပါတယ်။
Photo : The Sun
တိုက်စစ်မှူးမာရှယ်ဟာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ ရန်းနစ်ခ်လက်ထပ်မှာ နေရာမရခဲ့တာကြောင့် အငှားနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ဆီဗီလာကို ပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။
မာရှယ်က ” အမှန်ပါပဲ ၊ ဂျူဗင်တပ်စ်က ကျွန်တော့်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ ၊ ကျွန်တော့် အေးဂျင့်နဲ့ သူတို့ စကားပြောခဲ့ပေမယ့် ကျွန်တော်က ဆီဗီလာကိုပဲ ပိုသဘောကျခဲ့ပါတယ် ၊ အဲဒါက ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်အတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ ၊ ဘာစီလိုနာကလည်း ကျွန်တော့်ရဲ့ အေးဂျင့်နဲ့ ဆွေးနွေးခဲ့ပေမယ့် ကျွန်တော့်ရဲ့ ဦးစားပေးမှုက ဆီဗီလာဖြစ်တယ်လို့ ကျွန်တော် ထပ်ပြောခဲ့ပါတယ် ၊ ကျွန်တော် စိတ်မပြောင်းပါဘူး ၊ ကျွန်တော်ပြောတဲ့စကားကိုတည်အောင် ကျွန်တော်အမြဲစောင့်ထိန်းပါတယ်” လို့ ပြောခဲ့ပါတယ်။
Featured Photo : The Sun