အခြားသူတွေထက် ခြေတစ်လှမ်း သာ ချင်တယ်ဆိုရင် ဘာတွေ ပြုလုပ်ဖို့ လိုမလဲဆိုတာ ကွီးတို့ သိပြီးပါပြီလား။ များများစားစားတော့ မလိုအပ်ပါဘူး။ အခုဖော်ပြပေးမယ့် အချက် (၃) ချက်တည်းသာ လိုအပ်တာပါ။

(၁) ပျင်းရိတတ်တဲ့ စိတ်ကို လုံ့လ ဝီရိယ စိုက်ထုတ်တတ်တဲ့ စိတ်နဲ့ အစားထိုးပါ

man working

အောင်မြင်နေတဲ့ လူအများစုကို ကြည့်လိုက်မယ်ဆိုရင် သူတို့သည် သူတို့ လိုချင်တဲ့အရာကို မရ မချင်း တစိုက်မတ်မတ်နဲ့ ဇွဲ ရှိရှိ လုပ်တတ်ကြပါတယ်။ အောင်မြင် ဖို့အတွက် ယတြာ တွေ ထိုင်လုပ်နေကြတဲ့အစား သူတို့သည် ဝီရိယနဲ့ ဇွဲ လုံ့လ စိုက်ထုတ်ကာ ကြိုးစားအားထုတ်ကြပါတယ်။ အရှုံးနဲ့ ရင်ဆိုင်ရလို့လည်း လမ်းတစ်ဝက်မှာ လက်လျော့သွားတာမျိုး မလုပ်ကြဘဲ အရှုံးထဲကနေ သင်ခန်းစာ ယူကာ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို အောင်မြင်အောင် ဆက်လက် ချီတက်ကြပါတယ်။ ပျင်းရိတတ်တဲ့စိတ်၊ အချိန်ဆွဲတတ်တဲ့ စိတ်တွေကို ဖယ်ရှားကာ ကိုယ့်စိတ်ကိုယ် နိုင်အောင် ထရိန်းကာ ကိုယ်လိုချင်တဲ့ပန်းတိုင်ဆီ မရောက်မချင်း အားမလျော့ဘဲ တစ်စိုက်မတ်မတ် အာရုံစိုက်ကာ ရှေ့ဆက်ကြပါတယ်။ တကယ်လို့ ကွီးတို့သာ ကိုယ့်ရဲ့ ပျင်းရိတတ်တဲ့စိတ်၊ အချိန်စွဲတတ်တဲ့ စိတ်၊ အများနဲ့ လိုက်ပြိုင်ပြီး မနာလို တတ်တဲ့ စိတ်တွေကို အနိုင်ယူနိုင်မယ်ဆိုရင်တော့ အောင်မြင်မှုက ကွီးတို့အတွက်ပါပဲ။

(၂) အချိန်တွေကို စနစ်တကျ စီမံ ခန့်ခွဲပါ

ခြေတစ်လှမ်း သာ

ကွီးတို့ဆီမှာ တစ်ရက်လျှင် ၂၄ နာရီ အချိန်ရပါတယ်။ ၈ နာရီလောက်က အိပ်စက်ဖို့အချိန်ဖြစ်ပြီး နောက်ထပ် ၈ နာရီလောက်က ရုံးမှာ အလုပ်လုပ်ရင်း အချိန်ကုန်ဆုံးရတာပါ။ ဒါဆိုရင်တော့ ကွီးတို့ဆီမှာ နောက်ထပ် အချိန် ၈ နာရီသာ ပိုင်ဆိုင်နိုင်မှာပါ။ကွီးတို့ ကိုယ်ပိုင်အချိန် ၈ နာရီကို စနေ၊ တနင်္ဂနွေကို ဖယ်ထားပြီး ၅ ရက်နဲ့ မြှောက်ကြည့်လိုက်မယ်ဆိုရင် ကွီးတို့မှာ နာရီ ၄၀ အချိန်ရပါတယ်။ ထိုနာရီ ၄၀ လုံးသည် ကွီးတို့ အိပ်နေတာလည်း မဟုတ်သလို အလုပ်လုပ်နေတာလည်း မဟုတ်ပါဘူး။ ရည်မှန်းချက်တွေ အိပ်မက်တွေ မရှိတဲ့သူတွေကတော့ ထိုနာရီ ၄၀ ကို Netflix မှာ ရုပ်ရှင် စီးရီးတွေ ကြည့်ရင်း ကုန်ဆုံးမှာဖြစ်သလို တောင်စဥ် ရေမရ ဆိုရှယ်မီဒီယာ သုံးရင်း ကုန်ဆုံးသွားမှာပါ။

ဒါပေမဲ့ ကွီးတို့ကတော့ အဲ့ဒီလို လုပ်လို့ မရပါဘူး။ ကွီးတို့ လိုချင်တဲ့ အိပ်မက်၊ ကွီးတို့ရဲ့ ရည်မှန်းချက်တွေကို မြင်ယောင်ကြည့်ရင်း လုံ့လ ဝီရိယ စိုက်ထုတ်ဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ ကွီးတို့က ထို နာရီ ၄၀ မှာ နာရီ ၂၀ လောက်ကို အကျိုးရှိရှိ အသုံးချပြီး ကိုယ့် တိုးတက်ရာ တိုးတက်ကြောင်းပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းအတွက်ပဲဖြစ်ဖြစ် ပြုလုပ်ဖို့ ကြံစည်နေတယ်ဆိုရင် အနာဂတ်မှာ ဘာဖြစ်လာမယ်လို့ ထင်ပါသလဲ။ တကယ်လို့သာ လက်ရှိ အချိန်ကို အကျိုးရှိရှိ အသုံးမချဘူးဆိုရင်တော့ ကွီးတို့ လိုချင်တဲ့ အနာဂတ်က တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားပါလိမ့်မယ်။

(၃) တစ်စုံတစ်ခု ပြုလုပ်တော့မယ်ဆိုရင် Plan ချထားဖို့ လိုအပ်ပါတယ်

ခြေတစ်လှမ်း သာ

အနီးကပ်မှ ကောက်ကာငင်ကာ ထလုပ်တာထက်စာရင် ကြိုတင် ပြင်ဆင်ကာ စီစဥ်ထားခြင်းက ပိုပြီး နည်းစနစ်ကျကာ အိပ်မက်များကို အလုံးစုံ အကောင်အထည် ဖော်နိုင်ပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ အကျင့်က အနားနီးမှ ကောက်ကာငင်ကာနဲ့ ထလုပ်တတ်တယ်ဆိုရင် ထိုအကျင့်ဆိုးကို မြန်မြန်ဆန်ဆန် ဖျောက်ဖျက်ပစ်ဖို့ လိုအပ်ပါလိမ့်မယ်။ စနစ်တကျ အစီအစဥ် ရွေးဆွဲထားမယ်ဆိုရင်တော့ ဘာပြီးရင် ဘာလာမယ်ဆိုတာကို သိမြင်နေမှာဖြစ်ပြီး ကိုယ့်ရဲ့ အစီအစဥ်အတိုင်း အကုန်လုံး ပြည့်စုံနေမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ ပထမ အစီအစဥ်က မအောင်မြင်ခဲ့ဘူး ဆိုရင်တောင်မှ ဒုတိယ အစီအစဥ်ကို ထပ်မံရေးဆွဲကာ ပြုလုပ်နိုင်ပါတယ်။ အဓိကကတော့ လမ်းတစ်ဝက်မှာ အရှုံးမပေးမိဖို့ပါပဲ။

ဒီအချက်တွေကတော့ အခြားသူတွေထက် ခြေတစ်လှမ်း သာ ချင်တယ်ဆိုရင် မဖြစ်မနေ လုပ်ကို လုပ်သင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။

Source: Forbes

Featured Image: Bizmag.co.za