တစ်နေကုန် အထိုင်များလို့ပဲဖြစ်စေ၊ အထများလို့ပဲဖြစ်စေ ခြေထောက် ကြွက်သား များ နာကျင်ရောင်ရမ်းလာတတ်တာကြောင့် ဒီလိုနာကျင်မှုကို သက်သာစေမယ့် နည်းလမ်းကောင်း များကို စာဖတ်သူတို့အတွက် ဝေမျှပေးချင်ပါတယ်။ ဒူးမကောင်းတဲ့သူများ၊ လေးဖက်နာသမားများ၊ မကြာခဏဆိုသလို ခြေထောက် ကြွက်သားများ နာကျင်ကိုက်ခဲတတ်တဲ့ ကွီးတို့အတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။
ဂေါ်ဖီထုပ်အရွက်များကို ခြေထောက်မှာ ကပ်ထားပါ
ဂေါ်ဖီထုပ်သည် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေသည်သာမကဘဲ အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါသေးတယ်။ ဒါတင်မကသေးပါဘူး။ ခြေထောက် ကိုက်တတ်တဲ့သူများ၊ အဆစ်အမြစ် နာကျင်ကိုက်ခဲ တတ်သူများအတွက်လည်း အသုံးဝင်ပါသေးတယ်။
အရင်ဦးဆုံး ဂေါ်ဖီထုပ်အရွက်များကို ရေခဲသေတ္တာထဲ မိနစ်အနည်းငယ်ကြာ အအေးခံထားလိုက်ပါ။ ထို့နောက် နာကျင်ရောင်ရမ်းနေသော နေရာတစ်ဝိုက်တွင် ဂေါ်ဖီရွက်များကို ပတ်ထားပေးလိုက်ပါ။ ဂေါ်ဖီရွက်သည် နာကျင်ရောင်ရမ်းခြင်းကို သက်သာပျောက်ကင်းသွားစေပါလိမ့်မယ်။
သက်သာချောင်ချိတဲ့ အဝတ်အစားများ ဝတ်ဆင်ပါ

တစ်ခါတလေမှာ ကိုယ့်ရဲ့ အဝတ်အစားများကြောင့်လည်း ခြေထောက်ကြွက်သားများ နာကျင်ကိုက်ခဲတတ်ပါတယ်။ ဘယ်လိုအဝတ်အစားမျိုးလဲဆိုတော့ ကြပ်ထုပ်လွန်းသော ဘောင်းဘီများ၊ ကိုယ်ကြပ်ဂျင်းဘောင်းဘီများ၊ ဆွဲသားဘောင်းဘီများ အဝတ်များတဲ့အခါမှာ ခန္ဓာကိုယ် သွေးကြောကို သွေးလှည့်ပတ်မှု အားနည်းသွားစေပြီး ရောင်ရမ်းသွားစေပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်အတွက် သက်သောင့်သက်သာရှိတဲ့ အဝတ်အစားများကိုသာ ဝတ်ဆင်ပေးရပါမယ်။
ဖိနပ်ဆိုဒ် ရွေးချယ်မှု မမှန်တဲ့အခါ

ကိုယ့်ရဲ့ ရှူးဖိနပ်၊ Sneakers ဖိနပ်က ကိုယ့်ခြေထောက်ဆိုဒ်နဲ့ သေးနေတဲ့အခါမျိုးမှာလည်း သွေးလှည့်ပတ်မှု ကျဆင်းသွားစေပြီး ရောင်ရမ်းမှုကို ခံစားလာရပါတယ်။ ဒါ့ကြောင့် ဖိနပ်ဝယ်တဲ့အခါ၊ အထူးသဖြင့် ရှူးဖိနပ်နှင့် Sneakers ဖိနပ်များ ဝယ်တဲ့အခါ ကိုယ့်ခြေထောက်ဆိုဒ်ထက် တစ်ဆိုဒ်ကြီးတဲ့ဖိနပ်မျိုးကို ရွေးချယ် ဝယ်ယူဖို့လိုအပ်ပါလိမ့်မယ်။
ရေကူးလေ့ကျင့်ပါ

ရေကူးခြင်းသည်လည်း ခြေထောက်ကြွက်သားမာျး ရောင်ရမ်းနာကျင်ခြင်းကို သက်သာစေပါတယ်။ ရေကူးတဲ့အခါ ရောင်ရမ်းနေတဲ့ ခြေထောက်အပေါ် သက်ရောက်နေတဲ့ ဖိအားကို လျော့ချပေးပြီး ခန္ဓာကိုယ်ကို ပေါ့ပါးလွတ်လပ်သွားအောင် ကူညီပေးပါတယ်။
ပဲငံပြာရည် လျော့စားပါ

Photo: Themanual
ပဲငံပြာရည် အစားများခြင်းသည်လည်း ခန္ဓာကိုယ် ဖောရောင်စေတဲ့အတွက်ကြောင့် ပဲငံပြာရည်ကို လျော့စားသင့်ပါတယ်။ ပဲငံပြာရည်ထဲမှာ ပါဝင်တဲ့ အငန်ဓာတ်သည် ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက် သွားစေပါတယ်။
ပဲငံပြာရည်လိုမျိုး အငန်ဓာတ် များလွန်းတဲ့ အစားအစာများကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အငန်ဓာတ်ကြောင့် ခန္ဓာကိုယ် ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ကျောက်ကပ်က ရေဓာတ်ကို အချိန်ကြာကြာ ထိန်းသိမ်းပေးဖို့အတွက် အလုပ်ပိုလုပ်ရပြီး တဖြည်းဖြည်းလည်း ကွီးတို့ရဲ့ ခန္ဓာကိုယ်ကြွက်သားများ ရောင်ရမ်းလာပါလိမ့်မယ်။
ဘယ်ဘက်စောင်းအိပ်ပါ

Photo: Finepillow
ကွီးတို့ရဲ့ ခြေထောက် ကြွက်သား များ နာကျင်ကိုက်ခဲမှုကို လျော့ချနိုင်တဲ့ နောက်ထပ် နည်းလမ်းကောင်း တစ်ခုကတော့ အိပ်စက်အနားယူတဲ့အခါ ဘယ်ဘက်စောင်းအိပ်ခြင်းပဲဖြစ်ပါတယ်။ ဘယ်ဘက်စောင်းအိပ်တာကိုမှ ပေါင်ကြားထဲမှာ ဖက်လုံးလေး ညှပ်ပြီး အိပ်တဲ့အခါ ခန္ဓာကိုယ် သွေးလှည့်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ကြွက်သားများ နာကျင်ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်ပါတယ်။
Source: Brightside
Featured Image: Medical News Today

