မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမား ဂါနာချို ဟာ သရဲနီရဲ့ ခါးသီး ပြိုင်ဘက် ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ လိုလားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို ယူနိုက်တက် အသင်းဘက်ကလည်း အာဂျင်တိုင်းသားရဲ့ တန်ကြေးထက် စျေးလျှော့ပြီး ရောင်းထုတ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Alejandro Garnacho

Photo : Goal.com

GiveMeSport အဆိုအရ အာဂျင်တီးနား လက်ရွေးစင်ဟာ ပရီးမီးယားလိဂ်မှာ နည်းပြ အာမိုရင်လက်အောက် အဆိုးရွားဆုံး စွမ်းဆောင်ရည်ပိုင်းတွေနဲ့ ပရိသတ်ဝေဖန်မှုတွေ များစွာကြုံခဲ့ရတဲ့အပေါ် ပြန်ပြောင်းသက်သေထူနိုင်ဖို့ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်ရဲ့ ပြိုင်ဘက် အင်္ဂလန်ထိပ်တန်းကလပ် အသင်းတစ်သင်းကို ပြောင်းရွေ့ဖို့ ဦးစားပေးစီစဉ်နေတယ်လို့ ဆိုပါတယ်။

ယူနိုက်တက်အနေနဲ့လည်း အသက် ၂၀ အရွယ် ကစားသမားကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ထုတ်လိုတာကြောင့် အပြောင်းအရွှေ့အဆင်ပြေရေးအတွက် ကစားသမားရဲ့တန်ကြေး ပေါင်သန်း ၇၀ တန်ကြေးကနေ ပေါင် သန်း ၄၀ နဲ့ လျှော့ပြီး ရောင်းထုတ်ဖွယ်ရှိနေပါတယ်။ဂါနာချို ကို ချဲလ်ဆီးနဲ့ အက်စတွန်ဗီလာတို့လို ပြည်တွင်း ပရီးမီးယားလိဂ် အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ပြည်ပကလပ်တွေဖြစ်တဲ့ နာပိုလီနဲ့ ဆရာဟောင်းဖြစ်သူ နည်းပြတန်ဟက်ရဲ့လေဗာကူဆင်အသင်းတွေလည်း အာဂျင်တီးနား လက်ရွေးစင်ကို စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

ပြီးခဲ့တဲ့လက တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ ဂါနာချိုနဲ့ နည်းပြ အာမိုရင်တို့ကြား ဆက်ဆံရေး အဆင်မပြေမှုတွေ ဖြစ်လာခဲ့ပြီး သူတို့နှစ်ဦးကြား အလဲလဲအကွဲကွဲနဲ့ အာဂျင်တိုင်းသားဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့များနေတယ်ဆိုတဲ့ စကားသံတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Alejandro Garnacho
Photo : Goal.com

ဂါနာချိုဟာ အသက် ၁၆ နှစ်အရွယ်မှာပဲ အက်သလက်တီကိုမက်ဒရစ်မှ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့ပြီး စီနီယာအသင်းကို မြန်မြန်ဆန်ဆန်ပဲ ဝင်ရောက်ခွင့်ရခဲ့သလို အသက် ၁၈ နှစ်အရွယ် နည်းပြတန်ဟက် လက်အောက်မှာ သရဲနီတို့အတွက် အရေးပါတဲ့ သွင်းဂိုးတွေကို စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့သူပါ။

ဒါပေမယ့် တန်ဟက်အလွန် နည်းပြသစ် အာမိုရင် လက်အောက်မှာတော့ အာမိုရင်ဟာ ဂါနာချိုထက်ကျော်ပြီး ဒီယာလိုနဲ့ မေဆင့်မောင့်တို့ကိုသာ နေရာပေးခဲ့တာကြောင့် အိုးထရက်ဖို့ဒ်မှာ အာဂျင်တီးနားကြယ်ပွင့်ရဲ့ ကစားသမားဘဝဟာ မှေးမှိန်လာခဲ့တာ ဖြစ်ပါတယ်။ ဂါနာချိုကတော့ လာမယ့် ဘောလုံးရာသီမှာ ဘယ်ကလပ်အသင်းမှာမဆို အဓိက ပွဲထွက်ကစားခွင့်ရဖို့ကိုပဲ အာရုံစိုက်ထားပြီး ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဦးမယ်ဆိုပါက အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေနဲ့ ပြန်လာနိုင်မယ်လို့ ယုံကြည်နေသလို သူရဲ့အရည်အချင်းနဲ့ ထိုက်တန်ကြောင်းကိုလည်း သက်သေပြ ချင်နေပါတယ်။

Source  : Goal.com

Featured Photo : Football365