ဂျပန်နိုင်ငံဟာ တကယ်တော့ ကျွန်းစုပတ်လည် ဝန်းရံထားတဲ့ ကျွန်းနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ကျွန်းကြီးလေးကျွန်းဖြစ်တဲ့ ဟော့ကိုင်းဒိုး ၊ ဟွန်ရှူး ၊ ရှီကိုကူနဲ့ ကျူရှူး ကျွန်းတွေဟာ ရှည်လျားကျဉ်းမြောင်းတဲ့ ပုံသဏ္ဍာန်ရှိပြီး အရှေ့ဘက်မှာ ပစိဖိတ်သမုဒ္ဒရာနဲ့ အနောက်ဘက် ဂျပန်ပင်လယ်တို့ ဝန်းရံပံ့ပိုးထားပါတယ်။ ဒါ့အပြင် ဂျပန်ပြည်မကြီးကို ဝန်းရံထားတဲ့ ကျွန်းငယ်ပေါင်း ၃၀၀၀ ကျော်ရှိပြီး ဒီထဲမှာ တောင်ပိုင်း အိုကီနာဝါကျွန်းနဲ့ စီရင်စုကျွန်းပေါင်း ၁၅၀ ကျော်တို့ ပါဝင်ပါတယ်။ ဒါကြောင့်လည်း ဂျပန်နိုင်ငံမှာ လည်ပတ်အပန်းဖြေစရာ ကမ်းခြေတွေပေါများပြီး နွေရာသီလို့ အချိန်အခါမျိုးမှာ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အဓိက ခရီးသွားနိုင်ငံတစ်ခု ဖြစ်နေတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဂျပန်နိုင်ငံထဲက အလှဆုံး ကမ်းခြေ တွေအကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။
(၁) Katsurahama ကမ်းခြေ
Photo : VISIT KOCHI JAPAN
Katsurahama ကမ်းခြေဟာ ရှီကိုကူကျွန်းမှာရှိတဲ့ ကိုချီမြို့အနီးက သာယာလှပတဲ့ ကမ်းခြေနေရာတစ်ခု ဖြစ်ပါတယ်။ Katsurahama ကမ်းခြေမှာ ရေကူးခြင်းကို တားမြစ်ထားပေမယ့်လည်း နာမည်ကြီး Sakamoto Ryoma ရုပ်တုနဲ့ Tosa Dog ပြတိုက်တို့ အပါအဝင် ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ လည်ပတ်စရာနေရာတွေ အများကြီး ရှိပါတယ်။ JR ကိုချီ ဘူတာကနေ Katsurahama ကမ်းခြေကို ရထားနဲ့ တိုက်ရိုက် သွားရောက်နိုင်ပါတယ်။
(၂) အိုကီနာဝါရှိ ကမ်းခြေများ
Photo : World Beach Guide
အိုကီနာဝါမှာရှိတဲ့ ကျွန်းတွေဟာ တစ်နှစ်ပတ်လုံး သဲဖြူသောင်ပြင်တွေနဲ့ နွေးထွေးတဲ့ရာသီဥတုရှိပြီး အရမ်းကို သာယာလှပပါတယ်။ ဆောင်းရာသီမှာပင် အပူချိန် ၁၅ ဒီဂရီစင်တီဂရိတ် (၅၉ ဒီဂရီဖာရင်ဟိုက်) အောက်ရောက်ဖို့ဆိုတာ အတော်လေး ရှားပါတယ်။ ကမ်းခြေမှာ ရေကူးခြင်းနဲ့ ရေကစားခြင်းတွေ ပြုလုပ်ဖို့သွားရောက်လည်ပတ်ရန် အကောင်းဆုံးအချိန်ဟာ မေလနဲ့ အောက်တိုဘာလကြား ဖြစ်ပါတယ်။ အိုကီနာဝါကျွန်းရဲ့ အဓိက ကျွန်းတွေအပြင် ဒီဒေသမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အခြားကမ်းခြေတွေလည်း အများအပြား ရှိပါသေးတယ်။ Kerama ကျွန်း ၊ Ishigaki ကျွန်းနဲ့ Miyako ကျွန်းတွေရဲ့ ကမ်းခြေတွေကို သွားရောက်လည်ပတ်တဲ့ အခါမှာ ကမ်းခြေအနီးမှာရှိတဲ့ လှပတဲ့ သန္တာကျောက်တန်းတွေ ၊ ရှုခင်းတွေနဲ့ ပင်လယ်လိပ်တွေကိုပင် တွေ့နိုင်ပါတယ်။
(၃) တိုကျိုအနီးရှိ ကမ်းခြေများ
Photo : Hotels.com
“နီယွန်မြို့တော်” လို့ တင်စားခေါ်ကြတဲ့ တိုကျိုမြို့ဟာ ဂျပန်နိုင်ငံရဲ့ အလန်းဆုံး ခရီးသွားနေရာတွေထဲက တစ်ခုဖြစ်ပြီး ရိုးရာယဉ်ကျေးမှုတွေ ၊ မြင့်မားတဲ့ မိုးမျှော်တိုက်ကြီးတွေနဲ့ ထူးခြားတဲ့ စျေးဝယ်အတွေ့အကြုံတွေကို ခံစားရရှိနိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် တိုကျိုမြို့နဲ့ မနီးမဝေးတဲ့ နေရာမှာလည်း လှပတဲ့ကမ်းခြေတွေ အများကြီး တည်ရှိနေပါတယ်။ ရာသီဥတု ပူနွေးတဲ့ ဇူလိုင်လလယ်ကနေ သြဂုတ်လအထိဟာ တိုကျိုအနီးတဝိုက်က ကမ်းခြေတွေကို သွားရောက်လည်ပတ်ဖို့အကောင်းဆုံး ဖြစ်ပြီး စက်တင်ဘာလကုန်လောက်အထိ ရေကူးဖို့အတွက် လုံလောက် ရာသီဥတု အပူချိန်ရှိနေပါတယ်။
(၄) Odaiba ကမ်းခြေ
Photo : Japan Wonder Travel Blog
Odaiba ကမ်းခြေဟာ Decks ရှော့ပင်းမောလ် အနီးမှာရှိတဲ့ အရှည် ၈၀၀ မီတာရှိတဲ့ လူလုပ်ကမ်းခြေတစ်ခုဖြစ်ပါတယ်။ Odaiba ကမ်းခြေ မှာ ရေကူးခြင်းကို ခွင့်မပြုထားသော်လည်း လာရောက်လည်ပတ်သူတွေအနေနဲ့ နေပူဆာလှုံတာ ၊ လှပတဲ့ ညနေခင်းနေဝင်ဆည်းဆာကို ကြည့်ရှုရင်း အနားယူအပန်းဖြေတာ ၊ ကမ်းခြေ ဘော်လီဘောကဲ့သို့ အားကစားတွေကို ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။
Featured Photo : Time Out