ဂျပန်လူ့အဖွဲ့အစည်းမှာ ယမကာတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ စားသောက်ဆိုင်တွေနဲ့ Izakaya တွေလို နေရာတွေမှာ Drinking Party တွေ ကျင်းပတာဟာ ဂျပန်လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးလောက ဆက်ဆံရေးခိုင်မာဖို့အတွက် လုပ်ဆောင်နေကျ ပုံမှန် Activity တစ်ခုပါပဲ။ ဒါကြောင့်ပဲ ဂျပန်နိုင်ငံမှာ ယမကာအမျိုးအစားတွေ အများအပြား တွေ့ရတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ မှာ ထင်ပေါ်ကျော် ကြား လူကြိုက်များကြတဲ့ ယမကာတွေကို ပြန်ခွဲပြီး ကြည့်ရင် အခုပြောမယ့် ယမကာ အမျိုးအစားတွေ ထွက်လာပါတယ်။
(၁) Beer နဲ့ အလားတူ သောက်စရာများ

Photo : japan-guide
ဂျပန်နိုင်ငံ မှာ ဘီယာက လူကြိုက်အများဆုံး ယမကာ စာရင်းဝင်ပါတယ်။ ဂျပန်ဘီယာတွေကို ပင်မ ထုတ်လုပ်သူ ၄ မျိုးပေါ် လိုက်ပြီး ဘီယာအုပ်စုကို ၄ မျိုး ခွဲခြားနိုင်ပါတယ်။ အဲ့ဒါတွေကတော့ Asahi ၊ Kirin ၊ Sapporo နဲ့ Suntory တို့ပဲ ဖြစ်ပါတယ်။ အယ်လ်ကိုဟော ပါဝင်မှု ABV ဟာ ပျမ်းမျှ ၅.၀% ဝန်းကျင် ရှိတဲ့ အပျော့စား Light Lagers တွေ များပါတယ်။ အခွန်နှုန်းထား အပြောင်းအလဲမှာ တခြား ဘီယာလိုမျိုး Beer ဆန်တဲ့ ယမကာတွေဖြစ်တဲ့ Low-Malt Happoshu ဘီယာ ၊ New Genre (Shin Janru) တို့လည်း ထွက်လာပါတယ်။ ဂျပန်နိုင်ငံ ဘီယာဈေးကွက်ထဲ ပထမဆုံး ဘီယာချက်လုပ်မှုကို ၁၈၆၉ ခုနှစ်မှာ နိုင်ငံခြားသား စီးပွားရေးသမားတစ်ဦးက Yokohoma မြို့မှာ တည်ထောင်ခဲ့တာပါ။ ပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက် Kirin တံဆိပ် ဘီယာတွေ ၁၈၈၈ ခုနှစ်မှာ စတင် ထုတ်လုပ်ပါတယ်။ နောက်တော့ အစိုးရပိုင် ဘီယာချက်စက်ရုံတစ်ခု Sapporo မှာ တည်ထောင်ပြီး ၁၈၇၆ မှာ Sapporo Beer တံဆိပ်တွေနဲ့ ထုတ်လုပ်ရာကနေ နာမည်ကျော် ဘီယာ Brands တွေအဖြစ် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
(၂) Sake

Photo : japan-guide
ဂျပန်ရဲ့ အကျော်ကြားဆုံး ယမကာ တစ်မျိုးက Sake (ဆာကေး) ဆန်အရက်ပဲ ဖြစ်ပါတယ်။ Nihonshu လို့လည်း ခေါ်ပါတယ်။ Sake ဆိုတဲ့ အဓိပ္ပါယ်ကိုက ဂျပန်လို အရက်လို့ အဓိပ္ပါယ် ရပါတယ်။ ဆန် ၊ ရေ ၊ တစေး နဲ့ Koji Mold မှိုနဲ့ ချက်လုပ်ပါတယ်။ Nihonshu အရက်မှာ အယ်လ်ကိုဟော ပါဝင်မှု 10-20% ရှိပါတယ်။ စားသောက်ဆိုင်တိုင်းလိုလို ဒီအရက်ကို ဝယ်ယူနိုင်လောက်အောင် ပေါပါတယ်။ နိုင်ငံတကာရောက် ဂျပန်အစားအသောက်တွေထဲမှာလည်း Sake က နာမည်ကြီးပါတယ်။ Sake အမျိုးအစား အနေနဲ့ Namazake ( Raw Sake ) ၊ Nigorizake ( Cloudy Sake ) ၊ Sparkling Sake ၊ Koshu ( Old Sake ) ၊ Jizake ( Local Sake ) နဲ့ Amazake ( Sweet Sake) ဆိုပြီး အမျိုးအစား အမျိုးမျိုး ကွဲပါတယ်။ ဂျပန်ရိုးရာ အရက်ဖြစ်တဲ့အတိုင်း Sake Brands ကတော့ မရေတွက်နိုင်အောင် ပေါများပါတယ်။
(၃) Shochu, Awamori
Photo : mensjournal
Shochu ယမကာ မှာ အယ်လ်ကိုဟော ပါဝင်မှု ၂၀ ကနေ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒီယမကာကတော့ ဆန် ၊ ကန်စွန်းဥ ၊ ဂျုံ နဲ့ ကြံတွေကနေ ချက်လုပ်ပါတယ်။ သောက်တဲ့အခါ ရေ , ရေခဲ ၊ သစ်သီးဝလံ ၊ Sparkling Water ၊ Oolong Tea တွေနဲ့ ရောစပ် သောက်သုံးကြပါတယ်။ Shochu က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူကြိုက်များပါတယ်။ အထူးသဖြင့် Kyushu မှာ ဖြစ်ပါတယ်။ Awamori ကတော့ Okinawa ဗားရှင်း Shochu ဖြစ်ပြီး ဂျပန်စတိုင် ဆန်စ တိုနဲ့ Black Koji မှိုနဲ့ ချက်ပါတယ်။
(၄) Whisky

Photo : japan-guide
ဂျပန်ဝီစကီတွေဟာ အခု ကမ္ဘာ့ယမကာဇာတ်ခုံပေါ်မှာ အတော်လေး ကျော်ကြားနေပါပြီ။ Suntory ကုမ္ပဏီ တည်ထောင်သူTorii Shinjiro နဲ့ Nikka ကုမ္ပဏီတည်ထောင်သူ Taketsuru Masataka တို့ကို ဂျပန်ဝီစကီတွေရဲ့ ဖခင်ကြီးတွေအဖြစ် သတ်မှတ်ထားပါတယ်။ ညက်ညောပြီး အဝင်ချောတာကြောင့်လည်း နိုင်ငံတကာမှာ ဆုတွေ အလီလီ ရပါတယ်။ အခုတော့ ဂျပန်ဝီစကီတွေဟာ နိုင်ငံရဲ့ နိမိတ်ကို ကျော်လွန်ပြီး တခြားနိုင်ငံက လျှာတွေကို ဆွဲဆောင်ညှို့ငင်နေကြပြီ ဖြစ်ပါတယ်။
(၅) Wine

Photo : japan-guide
ဂျပန်နိုင်ငံ မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ဝိုင်တွေက တစ်နေ့ထက် တစ်နေ့ ကျော်ကြားလာနေပါတယ်။ ကနဦးက ဝိုင်နီ ၊ ဝိုင်ဖြူနဲ့ Sparkling Wines တွေကို ပြင်သစ် ၊ အီတလီ ၊ အမေရိကန်ပြည်ထောင်စု ၊ ချီလီ နဲ့ ဩစတြေးလျ တို့ကနေ ဝိုင်တင်သွင်းခဲ့ပြီး အခုနောက်ပိုင်းမှာ Yamanashi Prefecture မှာ Kofu Basin အရပ်မှာ ပြည်တွင်းဝိုင်တွေ ထုတ်လုပ်နေပါတယ်။
Featured Photo : mensjournal
