OnePlus 11 ဖုန်း ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအစောပိုင်းမှာ တရားဝင်မိတ်ဆက်ခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီလထဲမှာ တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြန့်ချီခဲ့ပါတယ်။ ဒီဖုန်းကို Black နဲ့ Green ဆိုပြီး အရောင်နှစ်မျိုးနဲ့ ထုတ်ခဲ့ပြီး အခုလက်ရှိမှာတော့ နောက်ထပ်ရွေးချယ်စရာအဖြစ် အထူးခြားဆုံး ဒီဇိုင်းကာလာနဲ့ Limited Edition ဗားရှင်းအသစ်ကို ထပ်မံမိတ်ဆက်လာပါတယ်။

OnePlus 11 Limited Jupiter Rock Edition

Photo : GSMArena.com

အဆိုပါ OnePlus 11 ဖုန်း ဗားရှင်းအသစ်ကို Jupiter Rock လို့ နာမည်ပေးထားပြီး နေအဖွဲ့အစည်းထဲက အကြီးဆုံးဂြိုဟ်ဖြစ်တဲ့ ဂျူပီတာဂြိုလ်ရဲ့ မျက်နှာပြင်ကို Inspired ယူပြီး အထူးခြားဆုံး ဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။

ဒီ Limited Edition ဗားရှင်း ဖုန်း ဟာ Volumetric Microcrystalline Rock Material ကို အသုံးပြုတည်ဆောက်ထားပြီး “Natural Texture” အနေနဲ့ ပါဝင်လာတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါဟာ စမတ်ဖုန်းလောကမှာတော့ ပထမဆုံးပါပဲ။ ဖုန်းရဲ့ ကျောဘက် မျက်နှာပြင်ဟာ ကြည့်လိုက်တာ ဂြိုလ်မျက်နှာပြင်ရဲ့ ကြမ်းတမ်းမာကျောတဲ့ အကန့်လိုက်ဒီဇိုင်းတွေနဲ့ ဖန်တီးထားတယ်ဆိုတာ သိသာပြီး သဘာဝကျောက်သား ဖွဲ့စည်းပုံတွေရဲ့ ကြမ်းရှရှ Texture မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။

OnePlus 11 Limited Jupiter Rock Edition

Photo : GSMArena.com

ဖုန်း ရဲ့ ပြင်ပဒီဇိုင်းပိုင်းကတော့ ယခင်ထွက်ခဲ့တဲ့ OnePlus 11 မော်ဒယ်နဲ့ အားလုံး အတူတူပါပဲ။ OnePlus 11 Limited Jupiter Rock Edition ဖုန်းမှာ Qualcomm ရဲ့ နောက်ဆုံးထွက်နာမည်ကြီး Snapdragon 8 Gen 2 SoC မောင်းနှင်ထားပြီး 16GB RAM နဲ့ 512GB Internal Storage ပါရှိပါတယ်။ ဘက်ထရီပိုင်းမှာတော့ 100W SuperVOOC Charging စနစ် ထောက်ပံ့ပေးထားတဲ့ 5,000mAh ဘက်ထရီနဲ့ လာပါတယ်။ ဖုန်းရဲ့ ကျောဘက်မှာ 50 Megapixel Triple Camera Setup ပါရှိပြီး အရှေ့ဘက်မှာတော့ 16 Megapixel Selfie Shooter တပ်ဆင်ထားပါတယ်။

OnePlus 11 Limited Jupiter Rock Edition

Photo : GSMArena.com

OnePlus 11 Limited Jupiter Rock Edition ဖုန်း ရဲ့ဈေးနှုန်းကိုတော့ တိတိကျကျ မသိရသေးပေမယ့် ယခင် OnePlus 11 မော်ဒယ်ရဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ခန့်မှန်း ကြည့်မယ်ဆိုပါက ဒေါ်လာ ၇၁၀ ဝန်းကျင်နဲ့အထက်မှာ ရှိနိုင်ပြီး Special Edition ဖြစ်တာနဲ့အညီ ဒေါ်လာ ၈၀၀ ခန့် ကျသင့်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ လာမယ့် ဧပြီလ ပထမအပတ်ထဲမှာတော့ စတင်ရောင်းချသွားမယ်လို့ သိရပြီး ဈေးနှုန်း အတိအကျကို ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Featured Photo : NoypiGeeks