ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုတွေက ရှုပ်ထွေးပါတယ်။ တစ်ခါတစ်ရံမှာ အကြောင်းအရင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ရဲ့ စိတ်ထဲကို အဆိုးမြင်စိတ်တွေ ၊ ဝမ်းနည်းမှုတွေ ဒါမှမဟုတ် စိတ်ဓာတ်ကျမှုတွေ အချိန်မရွေး ဝင်ရောက်လာနိုင်ပါတယ်။ မကောင်းတဲ့ စိတ်ခံစားချက်တွေက ကျွန်တော်တို့ ဘဝထဲက ပျော်ရွှင်စရာတွေကို စုပ်ယူဖျက်ဆီး ပစ်နိုင်ပါတယ်။ စိတ်ခံစားချက်တွေ မကောင်းဘူး ဖြစ်နေရပြီဆိုရင် ဒီအခြေအနေကနေ အမြန်ဆုံး ရုန်းထွက်ဖို့ လိုပါတယ်။ မကောင်းတဲ့ စိတ်ခံစားချက်တွေရဲ့ လွှမ်းမိုးမှုအောက်က ရုန်းမထွက်ဘူးဆိုရင် ကျွန်တော်တို့အတွက် အပျက်သဘောဆောင်တဲ့အရာတွေ ၊ ပိုဆိုးတဲ့ပြဿနာတွေ မျိုးစုံဝင်လာနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ စိတ်တွေထွေ ပြီး Mood အောက်နေတဲ့အခါ ဒီအခြေအနေကနေ လွတ်မြောက်နိုင်ဖို့ ကွီးတို့လုပ်ရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ဘာကြောင့်လဲ / ဘာလဲ အဖြေရှာပါ
Photo : Mapp Cloud
စိတ်တွေထွေ နေပြီး Mood မကောင်းတဲ့အခါ ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်းကို သိရဖို့ ကိုယ့်ကိုယ်ကိုယ် သတိရှိမှုအဆင့်တစ်ခု လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်အများစုက ကျွန်တော်တို့ရဲ့ အတွေးတွေကနေပဲတဆင့် ဖြစ်တည်လာတာပါ။ ဒါကြောင့် သင့်အနေနဲ့ ဘယ်လိုအတွေးတွေကို တွေးမိနေလဲ ၊ သင့်စိတ်ကို လောင်ကျွမ်းနေစေတဲ့ အတွေးတွေက ဘာတွေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆင်ခြင်သုံးသပ်ပြီး အတွေးတွေကို ကိုယ်တိုင်ရပ်တန့် ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ အပျက်သဘောဆောင်တဲ့ တွေးခေါ်မှုတွေရဲ့အောက်မှာ နစ်မြစ်နေမယ့်အစား အတွေးတွေကို ပြောင်းပြန်ပြန်လည် ပြောင်းလဲကြည့်ပါ။ ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိတက်ပါတယ်။ တက်နိုင်သမျှ အဆိုးမြင်အတွေးတွေကို ရှင်းထုတ်ပါ။ ဒါဆို စိတ်ခံစားချက်တွေ အထိုက်အလျောက် ပြန်လည်သက်သာ လာပါလိမ့်မယ်။
(၂) စာရွက်ပေါ်မှာ ချရေးပါ
Photo : Colter Reed
ကျွန်တော်တို့ရဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ပြေလျော့သက်သာသွားဖို့ အကောင်းဆုံးက စာရွက်ပေါ်မှာ ချရေးတဲ့ နည်းလမ်းပါပဲ။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေက တွန်းလှန်လေလေ ကျွန်တော်တို့အပေါ် လွှမ်းမိုးလေလေ ဖြစ်တက်ပါတယ်။ စိတ်ခံစားချက်တွေရဲ့ ရှုပ်ထွေးမှုကို သိသာကွဲပြားစေဖို့နဲ့ အမှန်အမှားကို ပေါ်လွင်စေဖို့ရာ စာရွက်ပေါ်မှာ ချရေးတဲ့နည်းက အထိရောက်ဆုံး ဖြစ်ပါတယ်။ ကိုယ်ဘာတွေ ခံစားနေရလဲ ၊ ဘာတွေက ကြောက်စိတ်ကို ဖြစ်စေလဲ ၊ အဆင်မပြေမှုတွေက ဘာလဲဆိုတာ ရင်ထဲရှိသလို ချရေးလိုက်ပါ။ ကိုယ့်ရဲ့ခံစားချက်တွေကို ဖွင့်ဟရေးချလိုက်ခြင်းက စိတ်ရဲ့အဆင်မပြေမှုတွေ ၊ မကောင်းတဲ့ Mood တွေကို သိသိသာသာ ပြေလျော့သက်သာသွားစေမှာ ဖြစ်ပါတယ်။
(၃) လေ့ကျင့်ခန်း လုပ်ပါ
Photo : Eat This Not That
ဆိုးရွားတဲ့ ခံစားချက်တွေကို ရပ်တန့်နိုင်တဲ့ တုံ့ပြန်မှုကတော့ လေ့ကျင့်ခန်းပါပဲ။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှား နေလိုက်တာနဲ့ တပြိုင်နက် ကျွန်တော်တို့ ခံစားနေရတဲ့ မကောင်းတဲ့ ခံစားမှုတွေရဲ့ ပြောင်းလဲလာမှုကို သတိထားမိစေမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ကျန်းမာရေးအတွက် မယုံနိုင်လောက်စရာ ကောင်းတဲ့ အလေ့အထ တစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေအရလည်း တစ်နေ့ကို ဆယ့်ငါးမိနစ်လောက် ပြေးတာ ဒါမှမဟုတ် တစ်နာရီ လမ်းလျှောက်တာက စိတ်ဓာတ်ကျတာကို ၂၆ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စိတ်တွေထွေ ပြီး Mood မကောင်းတဲ့အခါ အနည်းဆုံး နာရီဝက်လောက် လှုပ်လှုပ်ရှားရှား နေကြည့်ပါ။ လမ်းလျှောက်တာ ၊ ပြေးတာ ၊ စက်ဘီးနင်းတာ စတဲ့ လှုပ်ရှားမှုတွေ အားလုံးကို လုပ်နိုင်ပါတယ်။
(၄) ကျေးဇူးတင်စရာတွေ တွေးပေးပါ
Photo : Pray
မကောင်းတဲ့ ခံစားချက်တွေကို ရပ်တန့်ဖို့အတွက်အဖြေဟာ ကျေးဇူးတင်တက်တဲ့စိတ်ပါ။ ကျွန်တော်တို့ ဘဝထဲက ကျေးဇူးတင်စရာ အရာတွေကို အာရုံစိုက်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ ဘဝအမြင်တွေကို ပြောင်းလဲနိုင်ပါတယ်။ အနည်းဆုံး ကျွန်တော်တို့ လက်ရှိပိုင်ဆိုင်ထားတဲ့ အရာတွေအတွက် ကျေးဇူးတင်တက်တဲ့ စိတ်လေးရှိရင်ပဲ ဘဝကနေပျော်ပြီး မကောင်းတဲ့စိတ်ခံစားချက်တွေ ၊ အပျက်သဘောဆောင်တဲ့ အတွေးတွေကို ရပ်တန့်နိုင်မှာ ဖြစ်ပါတယ်။ ကျေးဇူးတင်တဲ့ အလေ့အကျင့်ဟာ မကောင်းတဲ့စိတ်ခံစားမှုတွေအတွက် ဖြေဆေးဖြစ်ပါတယ်။
Featured Photo : Mission Harbor Behavioral Health