လေထိုး လေအောင့်ခြင်းနှင့် အစာအိမ်ပြဿနာများကို ကြိုတင်ကာကွယ်နိုင်သလို လက်ရှိမှာ ခံစားနေရပါကလည်း သက်သာ ပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။ မိမိရဲ့ Lifestyle ကို အနည်းငယ် ပြောင်းလဲလိုက်ရုံမျှဖြင့် အစာအိမ် ပြဿနာများလည်း ကင်းဝေးသွားမှာပဲဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် အစာအိမ်ပြဿနာ ပေါ်ပေါက်နိုင်သလို စိတ်ဖိစီး မှုများကြောင့်လည်း အစာအိမ် ကျန်းမာရေးလည်း လျော့ကျနိုင်ပါတယ်။

ကွီးတို့အနေနဲ့ စိတ်ဖိစီးမှု ခံစားရနေချိန်မှာ အစာအိမ်ထဲကနေ မအီမသာ ခံစားချက်မျိုး ခံစားနေရပါသလား။ ဒါသည် ဘာ့ကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုနှင့် စိတ်ပူပန်မှုတို့ကြောင့် အစာခြေစနစ် ကမောက်ကမဖြစ်သွားပြီး မအီမသာ ခံစားနေရခြင်း ဖြစ်ပါတယ်။

အချို့ လူတွေမှာဆိုရင် စိတ်ဖိစီးမှုကြောင့် အစာခြေစနစ် နှေးကွေးသွားပြီး ဝမ်းဗိုက် ပြည့်အင့်ခြင်း (သို့) ဝမ်းချုပ်ခြင်းတို့ကို ခံစားရပြီး အချို့ကျတော့လည်း စိတ်ဖိစီး မှုကြောင့် အစာအိမ် သည် ပုံမှန်အစာခြေနှုန်းထက် ပိုမိုလျင်မြန်စွာ အစာခြေတဲ့အတွက်ကြောင့် မကြာခဏ အိမ်သာသွားနေရခြင်း၊ ဝမ်းလျှောခြင်းတို့ကို ခံစားရတတ်ပါတယ်။ အချို့ကျတော့လည်း အစား စားချင်စိတ် လုံးဝပျောက်ဆုံးသွားတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ပိုမိုဆိုးရွားတဲ့ အခြေအနေတွေမှာဆိုရင် အစာအိမ် အနာဖြစ်ခြင်းတို့တောင် ခံစားရနိုင်ပါတယ်။

အထက်ဖော်ပြပါ ကျန်းမာရေး ပြဿနာများကို ရှောင်ကြဉ်လိုပါက စိတ်ဖိစီးမှုများနေချိန်၊ စိတ် မပျော်မရွှင်ဖြစ်နေချိန်မှာ အစားများ နင်းကန်စားခြင်း၊ မိမိကိုယ်ကိုယ် အတင်းအကြပ်စေခိုင်းကာ အစား စားစေခြင်းတို့ကို ရှောင်ကြဉ်ရပါမယ်။

အစာအိမ် ကျန်းမာရေး မထိခိုက်ရလေအောင် ဘယ်လို စားသုံးသင့်သလဲ

စိတ်ဖိစီး အစာအိမ်

Photo: Medicalnewstoday

အလုပ် များလွန်းလို့ အစားစားဖို့ အချိန်မရှိတာကြောင့် အလုပ်လုပ်နေရင်း အစားစားတာမျိုး (သို့) ရုံးသွားနေရင်း လမ်းမှာ အစားစားတာမျိုး ပြုလုပ်နေမိပါသလား။​ ဒါဆိုရင်တော့ ထိုအကျင့်ကို ဖျောက်ဖျက်ပစ်ဖို့ လိုအပ်နေပါပြီ။ အလုပ်လုပ်ချိန်က အလုပ်လုပ်ချိန်သပ်သပ် ဖယ်ထားရမှာဖြစ်ပြီး၊ အစား စားချိန်ကိုလည်း အချိန်ပေးကာ စားသုံးရမှာပဲ ဖြစ်ပါတယ်။

အစားအစာများကို အလျင်စလို မစားပါနဲ့

စိတ်ဖိစီး အစာအိမ်

အချိန်မရလို့ အလျင်စလို စားသုံးခြင်းသည်လည်း အစာခြေဖျက်ခြင်းကို နှောင့်ယှက်နေပြီး အစာမကျေ ဖြစ်စေပါတယ်။ အစားအစာများကို အချိန်ပေးပြီး သေချာကြေညှက်အောင် ဝါးစားရပါမယ်။ ဒါမှသာလျှင် အစာအိမ်ပြဿနာများကို မခံစားရမှာပါ။

အလွန်အကျွံ မစားပါနှင့်

စိတ်ဖိစီး အစာအိမ်

မနက်စာ စားဖို့ အချိန်မရှိလို့၊ နေ့လည်စာတွေ တဝကြီး စားပစ်တာမျိုး၊ တနေ့ခင်းလုံး အစား မစားဘဲနဲ့ ညရောက်မှ ညစာကို တနင့်တပိုးကြီး စားတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အစားအစာများကို အချိန်မှန် စားသုံးသင့်ပြီး အစားပမာဏ နည်းနည်းခြင်းစီကို အကြိမ်ရေ များများစားပေးမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးပါပဲ။

အစား စားပြီးပြီးချင်း ချက်ခြင်း လှဲမအိပ်ပါနဲ့

man sleeping

အိပ်ချိန်နှင့် အရမ်းနီးကပ်ပြီး အစား စားခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အနည်းဆုံး အိပ်ချိန်နှင့် ၂ နာရီ၊ ၃ နာရီခန့် ခွာပြီး ညစာ စားသင့်ပါတယ်။ ဒါ့အပြင် မနက်စာ၊ နေ့လည်စာ စားပြီးနောက်မှာလည်း ချက်ချင်း လှဲအိပ်တာမျိုးကို ရှောင်ကြဉ် သင့်ပါတယ်။

တစ်နေ့တာလုံးမှာ ရေဓာတ်ပြည့်ဝစွာ နေထိုင်ပါ။ အစားကို အချိန်မှန်မှန်စားပါ။ စိတ်ဖိစီးမှုများကို တတ်နိုင်သမျှ လျော့ချပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ စိတ်ဖိစီး မှုများကြောင့် အစာအိမ် ကျန်းမာရေးကို ထိခိုက်နေတဲ့ ပြဿနာများမှ ကင်းဝေးသွားမှာပဲဖြစ်ပါတယ်။

Source: Amg-gi

Featured Image: US News Health