Energy Bar ဆိုတာကတော့ အားကစားသမားတွေ ၊ Gym ကစားသူတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဖြည့်စွက်အစားအစာတစ်ခု ဖြစ်ပါတယ်။ Energy Bar တွေက လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း လောင်ကျွမ်းသွားတဲ့ ကယ်လိုရီနဲ့ အာဟာရဓာတ်တွေကို အကောင်းဆုံး ပြန်လည်ဖြည့်တင်း ပေးပါတယ်။ အားကစားလုပ်ချိန်မှာလည်း စွမ်းအင်ပိုမိုပြည့်ဝစေပြီး ခွန်အားအပြည့်နဲ့ အင်တိုက်အားတိုက် လေ့ကျင့်ခန်းလုပ်နိုင်ဖို့ ထောက်ပံ့ပေးပါတယ်။

ဒါပေမယ့် အသင့်စားလို့ရတဲ့ Ready-Made Energy Bar တွေက ဈေးနှုန်းအားဖြင့်တော့ အနည်းငယ်ကြီးတယ်လို့ ပြောလို့ရပါတယ်။ ပါဝင်တဲ့ ကုန်ကြမ်း ပစ္စည်းတွေကအစ ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့ အသီးအနှံ့တွေ ၊ အစေ့အဆံတွေကို အသုံးပြုထားတဲ့အတွက် ဈေးကြီးပေးပြီးဝယ်ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ အားကစားသမားကွီးတို့အတွက် အရသာရှိပြီး အာဟာရလည်း ပြည့်ဝတဲ့ သန့်ရှင်းလတ်ဆတ် စွမ်းအင်တက်မယ့် Homemade Energy Bar အိမ်မှာကိုယ်တိုင် လွယ်လွယ်ကူကူ ပြုလုပ်နိုင်မယ့် နည်းလမ်းလေး မျှဝေပေးချင်ပါတယ်။

Photo : The Manual

အခုပြောပြပေးမှာကတော့ လူကြိုက်များပြီး အရသာလည်း အရမ်းကောင်းတဲ့ Classic Granola Bar လို့ခေါ်တဲ့ Energy Bar ပြုလုပ်နည်းလေး ဖြစ်ပါတယ်။ Granola Bar ကိုတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ Oats ၊ သစ်သီးခြောက် ၊ ချောကလက် ၊ အစေ့အဆံတွေနဲ့ အဓိကပြုလုပ်ပါတယ်။ Granola Bar မှာ ကာဗိုဟိုက်ဒရိတ် အများအပြားပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ပမဏကို အချိန်အတော်ကြာ ထောက်ပံ့ပေးထား နိုင်ပါတယ်။ အရသာကတော့ ချိုချိုဆိမ့်ဆိမ့်လေးဖြစ်လို့ အသက်အရွယ်မရွေး စားလို့အဆင်ပြေတဲ့ အရသာမျိုးပါ။ ကဲဒါဆိုရင်တော့ Classic Granola Bar မှာပါဝင်တဲ့ Ingredients တွေနဲ့ ပြုလုပ်နည်း အဆင့်ဆင့်ကို ဆက်ကြည့်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်းများ

Photo : Maddy’s Avenue

  • Rolled Oats – ၂၀၀ ဂရမ်
  • အခွံမာသီး (ဗာဒံစေ့/ဟေဇယ်သီး) – ခွက်တဝက်ခန့်
  • ဘယ်ရီသီးခြောက် – ခွက်တဝက်ခန့်
  • ပျားရည် – စားပွဲတင်ဇွန်း ၅ ဇွန်း
  • ထောပတ် – စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြားအညို – စားပွဲတင်ဇွန်း ၂ ဇွန်း
  • ချောကလက် Chip – စားပွဲတင်ဇွန်း ၂ ဇွန်း
  • Vanilla – စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား – အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

Photo : Inspired Taste

အရင်ဆုံး ဒယ်အိုးကို မီးအပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်လောက်နဲ့ အပူပေးပါ။ ဒယ်အိုးပူလာပြီဆိုရင် Rolled Oats နဲ့ အခွံမာသီးတွေကို ၁၀ မိနစ်ခန့် လှော်ပေးရပါမယ်။ လှော်ထားတဲ့ Rolled Oats နဲ့ အခွံမာသီးတွေကို ပန်းကန်တစ်ခုထဲမှာ သက်သက်ဖယ်ထားလိုက်ပါ။ ပြီးတဲ့အခါ ဒယ်အိုးထဲမှာ ထောပတ်၊ ပျားရည် ၊ vanilla နဲ့ သကြားတို့ကို အချိုးကျရောထည့်ပြီး အရည်ပျော်သွားတဲ့အထိ ဆက်တိုက် မွှေပေးပါ။ ပြီးရင်တော့ ရလာတဲ့ အရည်ကို ဇလုံတစ်ခုထဲပြောင်းထည့်ပြီး လှော်ထားတဲ့ Rolled Oats နဲ့ အခွံမာသီးတွေပါ ရောထည့်ကာ သမအောင်ထပ်မွှေပေးရပါမယ်။

ပါဝင်ပစ္စည်းတွေ အားလုံးကို ရောမွှေပြီးရင် မိနစ် (၂၀) ​​လောက် အအေးခံထားလိုက်ပါ။ အချိန်ပြည့်တဲ့အခါ ချောကလက် အခဲလေးတွေပါ ရောထည့်ပြီး ချောကလက်တွေ ကောင်းကောင်းရောနှောသွားတဲ့အထိ မွှေပေးရပါမယ်။ ရလာတဲ့ အရောအနှောကို စတီးလင်ဗန်းပေါ်မှာ ဖြန့်ထည့်ကာ အနေတော်အချောင်းလေးတွေ လှီးဖြတ်ပြီး ‌ရေခဲသေတ္တာထဲမှာ နာရီပေါင်းများစွာ အအေးခံထားလိုက်ပါ။ ဒါဆိုရင်တော့ တကယ့်ကိုပဲ အရသာရှိပြီး အာဟာရပြည့်ဝတဲ့ Homemade Granola Energy Barလေး အသင့်စားလို့ရပြီ ဖြစ်ပါတယ်။

Featured Photo : Inspired Taste