ဆံပင် ဆေးဆိုး ဆေးချွတ်တာတွေ အမြဲတမ်းဆိုသလို ပြုလုပ်ရင် ဦးရေပြား ထိခိုက်ပျက်စီးတတ်တယ်ဆိုတာကို ကွီးတို့ သိပြီးပါပြီလား။

ဒီလိုမျိုး မကြာခဏ ဆံပင် ဆေးဆိုး ဆေးချွတ်နေတဲ့အတွက်ကြောင့် ဦးရေပြား နဲ့ ဓာတ်မတည့်လို့ ယားယံခြင်း၊ ဆံကေသာ ပျက်စီးကြမ်းတမ်းခြင်း၊ ဦးရေပြား အစိုဓာတ်များ ဆုံးရှုံးသွားခြင်း၊ ဗောက်ထခြင်း အစရှိတဲ့ ပြဿနာများကို ခံစားရနိုင်ပါတယ်။ ဆံပင်အဆိုးများလွန်းလို့ မကြာခဏ ဆံပင်ကျွတ်တဲ့ ဒုက္ခကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။

ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ဆိုးဆေးထဲမှာ ပါဝင်တဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို မကြာခဏ ရှုရှိုက်နေရတဲ့အတွက်ကြောင့် အဆုတ်က ရောင်ရမ်းလာပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ပန်းနာရင်ကြပ်ရောဂါ အစရှိသည်တို့ကို ခံစားရနိုင်ပါတယ်။ ဒါ့တင်မကသေးပါဘူး။ အချို့သော ဆိုးဆေးထဲတွင် Carcinogens လို့ခေါ်တဲ့ ပြင်းထန်တဲ့ ဓာတုပစ္စည်းများ ပါဝင်တာကြောင့် ကင်ဆာရောဂါကိုတောင် ခံစားရစေနိုင်ပါတယ်။

ဖက်ရှင်ကျချင်ဇောနဲ့ ဆံပင် ဆေးဆိုး ရာကနေ ဦးရေပြား ထိခိုက်ပြီး ကျန်းမာရေးပါ မထိခိုက်ဖို့ သေချာဂရုစိုက်သင့်ပါတယ်။ ဒါ့ကြောင့် ဆံပင်ဆိုးတော့မယ်ဆိုရင် အခုဖော်ပြပေးမယ့် အချက်များကို သတိရသင့်ပါတယ်။

အရင်ဆုံး စမ်းသပ်ပါ

အရင်ဆုံး စမ်းသပ်ပါ

ဆိုးဆေးကို ခေါင်းတစ်ခုလုံးမှာ မဆိုးသေးဘဲ ဆံပင် တစ်ချောင်း၊ နှစ်ချောင်းဖြင့် အရင်စမ်းဆိုးတာမျိုး၊ ဒါမှမဟုတ် ဆံပင် တစ်ကွက်လောက်ကလေး ဆိုးတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ဒီဆိုးဆေးက ကိုယ်နဲ့ တည့်လား မတည့်ဘူးလားဆိုတာကို သိရှိသွားပါလိမ့်မယ်။

ပရော်ဖက်ရှင်နယ်ကျကျ လုပ်ကိုင်နိုင်တဲ့ ဆိုင်တွေကိုသာ သွားပါ

ဆိုင်

အိမ်မှာ ကိုယ့်ဘာသာကိုယ် ဆိုးတာမျိုးမဟုတ်ဘဲ ကျွမ်းကျင်တဲ့ဆိုင်မှာ သွားဆိုးရပါမယ်။ ကိုယ့်ဘာသာ လုပ်ရင်းနဲ့ တစ်စုံတစ်ခု ချွတ်ချော်သွားတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ဆိုင်မှာ သွားဆိုးတဲ့အခါမှာလည်း ထိုဆိုင်ရဲ့ သဘောကို နောကျေနေအောင် သိထားဖို့လိုအပ်ပါတယ်။ ကိုယ့်ဆီက ပိုက်ဆံအများကြီးယူပြီး ပြီးပြီးရော လုပ်ပေးမှာလား၊ သေချာ ဂရုတစိုက်နဲ့ စေတနာပါပါ လုပ်ပေးရဲ့လား သေချာ ရီဗျူးတွေ ရှာဖတ်ပြီးမှ ဆေးသွားဆိုးသင့်ပါတယ်။

သဘာဝ နည်းလမ်း အသုံးပြုပါ

ဆေးဆိုး ဦးရေပြား

ကွီးတို့ ဆံပင်ကို ပိုမိုမဲနက်သွားအောင် လုပ်ချင်တယ်ဆိုရင်တော့ ကော်ဖီ (သို့) လက်ဖက်ရည်က အကောင်းဆုံးပါပဲ။ လုပ်နည်းကလည်း လွယ်ကူပါတယ်။ ကော်ဖီ (သို့) လက်ဖက်ရည်ကို အရင်ဦးဆုံး နှပ်ထားလိုက်ပါ။ ထို့နောက် ဆံကေသာပေါ် လောင်းချလိုက်ပါ။ ပြီးရင် ဘာရေနဲ့မှ ပြန်မလောင်းချဘဲ သဘာဝအတိုင်း အခြောက်ခံလိုက်ပါ။ နောက်တစ်ရက်မှာ ကွီးတို့က ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်မယ်ဆိုရင် အရောင်တက်လာပါလိမ့်မယ်။

ပျားရည်နှင့် သံပုယိုရည်

ဆေးဆိုး ဦးရေပြား

ဒီနည်းလမ်းကတော့ ဆံပင် အရောင်က Highlight ဖောက်ထားသလိုမျိုး အရောင်တောက်တောက်လေး ဖြစ်လာချင်တဲ့သူတွေအတွက် အသုံးတည့်ပါတယ်။ ပျားရည်နှင့် သံပုယိုရည်ကို ဆတူရောနှောလိုက်ပါ။ ထို့နောက် ဆံကေသာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ပြီးရင် နေရောင်အောက်မှာ ၁ နာရီလောက် ထိုင်နေပါ။ ဒါမှမဟုတ် လေမှုတ်စက်ကို လေအေးအေးနှင့် မှုတ်ပေးရပါမယ်။ ထို့နောက် အသုံးပြုနေကျ ခေါင်းလျှော်ရည်နှင့် Conditioner တို့အသုံးပြုကာ ခေါင်းလျှော်လိုက်ပါ။

ဒီနည်းလမ်းကို နှစ်ကြိမ်ခန့် အသုံးပြုမယ်ဆိုရင်တော့ သိသာထင်ရှားတဲ့ ရလဒ်ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ဓာတုဆိုးဆေးတွေကို ဘယ်အချိန်ထိ အသုံးပြုနေကြမှာလဲ။ အခုလို သဘာဝနည်းလမ်းနဲ့ ဆံပင်ကို ဆေးမဆိုးချင်ကြဘူးလား။

Source: Stylecraze

Featured Image: Menshealth