သင့်မှာ သွေးတိုးရောဂါရှိတယ်ဆိုရင် ဆေးဝါး တွေသာ မှီဝဲသောက်သုံးခြင်းကသာ သွေးတိုး ရောဂါကို ကုသနိုင်တယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ သို့သော် ကိုယ့်ရဲ့ စားသောက်နေထိုင်မှု ပုံစံကို ပြောင်းလဲလိုက်ခြင်းသည် ဆေးဝါး များပေါ်တွင် မှီခိုအားထားနေတာထက် ပိုမိုထိရောက်မှုရှိပြီး သွေးတိုး ရောဂါကို တစ်စထက် တစ်စ ပိုမိုသက်သာလာအောင် ကူညီနိုင်ပါတယ်။
ဒါဆိုရင် ဆေးဝါး များကို အမှီသဟဲမပြုဘဲ သွေးတိုး ရောဂါကို သက်သာပျောက်ကင်းအောင် ဘယ်လိုထိန်းချုပ်ရမလဲ။
ကိုယ်အလေးချိန်ကို လျော့ချပြီးနောက် မိမိရဲ့ခါးဆိုဒ်ကို သေချာစောင့်ကြည့်ပါ

တခါတရံမှာ ကိုယ်အလေးချိန် တက်လာသည်နှင့်အမျှ သွေးပေါင်ချိန်သည်လည်း တက်လာတတ်ပါတယ်။ ဒါ့အပြင် အဝလွန်ခြင်းသည်လည်း တစ်ခါတစ်ရံမှာ ကောင်းစွာအိပ်စက်အနားမယူနိုင်အောင် အနှောင့်အယှက်ပေးတတ်ပါတယ်။ ကိုယ်အလေးချိန် လျော့ချခြင်းသည် သွေးတိုး ရောဂါကို သက်သာအောင် ပြုလုပ်တဲ့နေရာမှာ များစွာ အထောက်အကူ ဖြစ်စေပါတယ်။ ကိုယ်အလေးချိန် အနည်းငယ်လောက် ကျသွားရင်တောင် တော်တော်သိသာပါတယ်။
ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ခါးဆိုဒ်သည် ၄၀ လက်မခန့် ကျော်မလာအောင် ဂရုစိုက်ရပါမယ်။ ထို့ထက်ကျော်လာရင်တော့ အဝလွန်ရောဂါရော ၊ သွေးတိုးရောဂါအတွက်ပါ မကောင်းပါဘူး။ အမျိုးသမီးများကျပြန်တော့ ကိုယ့်ရဲ့ ခါးဆိုဒ်သည် ၃၅ လက်မထက် ကျော်မသွားအောင် ဂရုစိုက်ရမှာပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ

သွေးပေါင်ချိန် တက်မလာအောင် လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါမှာလည်း တစ်နေ့လျှင် မိနစ် ၃၀ ခန့် ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ အိမ်ထဲမှာပဲ လှေကား အတက်အဆင်း လုပ်ရုံလောက်၊ အိမ်ရှေ့နဲ့ အိမ်နောက် သွားတာလောက်ကိုတော့ ကိုယ်လက်လှုပ်ရှားမှု ရှိတယ်လို့ ဆိုလို့မရပါဘူး။ အမှန်တကယ် လေ့ကျင့်ခန်းနဲ့ တူအောင် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ ဥပမာ – လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကခုန်ခြင်း အစရှိတဲ့ လေ့ကျင့်ခန်းများကို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။
ကျန်းမာရေးနှင့် ညီညွှတ်တဲ့ အစားအစာများ စားသုံးပါ

အစေ့အဆံများ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် နို့ထွက်ပစ္စည်းများ အစရှိတဲ့ အစားအစာများသည် ကျန်းမာရေးနှင့် ညီညွှတ်ပြီး အာဟာရဓာတ် ပြည့်ဝစွာပါဝင်တဲ့ အစားအစာများကို နေ့စဥ်စားသုံးပေးရမှာပဲ ဖြစ်ပါတယ်။ ဆေးဝါးများကို မှီဝဲနေခြင်းထက် အစားအစာများကို ကျန်းမာရေးနှင့် အညီစားသုံးခြင်းက ပိုပြီး ထိရောက်မှုရှိပါတယ်။
ဟင်းလျာများ ချက်ပြုတ်စားသုံးတဲ့အခါ ဆားလျော့ထည့်ပါ

ဆားလေး နည်းနည်းလောက် လျော့ချက်လိုက်ရုံနဲ့တင် ကွီးတို့ရဲ့ နှလုံးကျန်းမာရေးနှင့် သွေးပေါင်ချိန်ကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အပြင်စာများ၊ အသင့်စား အစားအစာများ ဝယ်စားတဲ့အခါမှာလည်း ဘူးပေါ်က အညွှန်းများကို သေချာဖတ်ပါ။ ဆိုဒီယမ်ပါဝင်မှု ဘယ်လောက်များများ ရှိနေသလဲဆိုတာကို လေ့လာရပါမယ်။ ဒါ့အပြင် ကြာရှည်ခံအစားအစာများကို ရှောင်ကြဉ်ရမှာပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အိမ်ချက်တွေကိုသာ စားသုံးပါ။ ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။
ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းသည် သွေးပေါင်ချိန်ကို တက်စေပါတယ်။ ကွီးတို့အနေနဲ့ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင်တော့ သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပြီးသားဖြစ်သွားပါလိမ့်မယ်။ ဒါ့အပြင် နှလုံးရောဂါနှင့် ယေဘုယျ ကျန်းမာရေးပြဿနာများကိုလည်း ကြိုတင်တားဆီးလိုက်ရာရောက်ပြီး ကျန်းကျန်းမာမာနဲ့ အသက်ရှည်စွာ နေထိုင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။
ညဘက်မှာ အိပ်ရေးဝဝ အိပ်စက်အနားယူပါ

နေ့စဥ်ရက်ဆက် ၆ နာရီထက် လျော့နည်းစွာ အိပ်စက်မိမယ်ဆိုရင်တော့ ရက်သတ္တပတ် တော်တော်ကြာလာတဲ့အခါ သွေးတိုးရောဂါ ခံစားရနိုင်ချေများပါတယ်။ ညဘက်မှာ အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ဆိုရင် အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန်ကို တစ်သတ်မှတ်တည်း သတ်မှတ်ထားရပါမယ်။ မနက်ဖြန်ကျ ရုံးပိတ်လို့ ဒီညတော့ တော်တော်ကြာတဲ့အထိ မအိပ်ဘဲ နေဦးမယ်၊ မနက်ကျ ရုံးသွားစရာမရှိလို့ နောက်ကျမှ ထမယ် စသည်ဖြင့် ပြုလုပ်မယ်ဆိုရင်တော့ နောက်ရက်တွေကျရင် အိပ်ရာဝင်ဖို့နဲ့ အိပ်ရာထဖို့အချိန်မှာ ခက်ခဲသွားမှာပဲ ဖြစ်ပါတယ်။
အိပ်စက်အနားယူတဲ့အခါမှာလည်း အခန်းကို အမှောင်ချထားပြီး အိပ်စက်ခြင်းက ပိုမိုနှစ်ခြိုက်စွာ အိပ်စက်နိုင်အောင် ကူညီပေးပါတယ်။ အိပ်စက်ခါနီးမှာ ကွန်ပျူတာသုံးခြင်း၊ ဖုန်းသုံးခြင်းတို့ကိုလည်း ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗိုက်ဆာဆာနဲ့ အိပ်ရာဝင်ဖို့လည်း မစဥ်းစားပါနဲ့။ ဆာလောင်မှုက အိပ်စက်ခြင်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အိပ်ခါနီးမှာ အစားအစာများ အလွန်အကျွံ စားသုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
စိတ်ဖိစီးမှုများကို လျော့ချပါ

အလွန်အကျွံ အလုပ်လုပ်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ မိမိကိုယ်ကိုယ် အားလပ်ချိန်ပေးပါ။ မိမိ ဖြေရှင်းနိုင်တဲ့ ပြဿနာများပေါ်တွင်သာ အာရုံ စူးစိုက်ပါ။ သင်သည် စူပါဟီးရိုးတစ်ယောက် မဟုတ်ပါဘူး။ ရှိသမျှ ပြဿနာများအားလုံးကို သင် တစ်ယောက်တည်း ဒိုင်ခံ ဖြေရှင်းနေစရာမလိုပါဘူး။ ကိုယ် မလုပ်နိုင်တဲ့ ကိစ္စများကိုလည်း မလုပ်နိုင်ဘူးလို့ အပြတ်ငြင်းပါ။ အားနာပြီး ကိုယ် မလုပ်တတ် လုပ်တတ်နဲ့ လုပ်မယ်ဆိုရင် သင်ပဲ စိတ်ဖိစီးရမှာဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများကို မဖြစ် ဖြစ်အောင်လို့ တွန်းပို့နေတဲ့အရာများကို ရှောင်ကြဉ်ရပါမယ်။ ဥပမာ – အလုပ်ချိန်နဲ့ ကပ်ပြီးမှ အိပ်ကထွက်ခြင်းထက်စာရင် စောစောစီးစီး အိမ်က ထွက်ဖို့ ကြိုးစားပါ။ ရုံးချိန်နဲ့ ကပ်ပြီးသွားတဲ့အခါ လမ်းမှာကလည်း ကားလမ်းပိတ်နေမယ်၊ ကားကြပ်နေနဲ့အခါ ပိုပြီး စိတ်ညစ်ရပြီး စိတ်ဖိစီးစရာများ ပိုများလာမှာပဲ ဖြစ်ပါတယ်။
Source: Mayoclinic
Featured Image: Heart
