ခြောက်သွေ့ကြမ်းတမ်းသော ဆံကေသာ သည် အစိုဓာတ်ကို မစုပ်ယူနိုင်တဲ့ အတွက်ကြောင့် ဆံပင်သည် ခြောက်သွေ့ကြမ်းတမ်းကာ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်သည် ဖက်ရှင်မကျနိုင် ဖြစ်နေတတ်ပါတယ်။ ဒီလိုမျိုး ဆံကေသာ ကြမ်းတမ်းခြောက်သွေ့နေလို့ စိတ်ညစ်နေရတဲ့ ကွီး တို့အတွက် သဘာဝ အိမ်တွင်းကုသနည်း များအကြောင်း ဝေမျှပေးချင်ပါတယ်။
သဘာဝနည်းလမ်းကောင်းလေးတွေကို မလေ့လာခင်မှာ ဘာ့ကြောင့် ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းရသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ဆံကေသာ ကြမ်းတမ်းခြောက်သွေ့ရခြင်း အကြောင်းအရင်းများကတော့ … အာဟာရဓာတ် ချို့တဲ့ခြင်း၊ နေလောင်ဒဏ် ခံရခြင်း၊ ကလိုရင်း ပါဝင်သောရေနှင့် ဆံကေသာသည် မကြာခဏ ထိတွေ့ရေခြင်း၊ ဆံပင် အလျှော်များဖြင်း၊ ဓာတုပစ္စည်းပါဝင်မှုများသော ဆံကေသာထုတ်ကုန်များ အသုံးပြုခြင်း၊ ဆံပင်မှုတ်စက်၊ ပုံသွင်းစက်များကို မကြာခဏအသုံးပြုခြင်း အစရှိတဲ့ အကြောင်းအရင်းများသည် အဓိကတရားခံတွေဖြစ်ပါတယ်။
အထက်ဖော်ပြပါ အကြောင်းအရာများကြောင့် ဆံကေသာ ကြမ်းတမ်းပျက်စီးကာ ခြောက်သွေ့လာပြီဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို အသုံးပြုနိုင်ပါတယ်။
သဘာဝဆီများကို အပူပေးကာ လိမ်းကျံပါ

အုန်းဆီ၊ အယ်လ်မွန်သီးအဆီ၊ ဂျိုဂျိုးပါးအဆီ၊ ပြောင်းဖူးအဆီတို့သည် ဗီတာမင်အီးဓာတ် ကြွယ်ဝသော သဘာဝအဆီတွေဖြစ်ကြပါတယ်။ ထိုဆီများကို လိမ်းကျံပေးပါက ခြောက်သွေ့ကြမ်းတမ်းနေတဲ့ ဆံကေသာများကို ပြန်လည်နူးညံ့လာအောင် ကူညီပေးပါတယ်။
ပြုလုပ်နည်းကတော့ …
အုန်းဆီ၊ သံလွင်ဆီ အစရှိတဲ့ သဘာဝအဆီတစ်မျိုးမျိုးကို ရွေးချယ်ပါ။ ထို့နောက် ဆီသည် နွေးနွေးလေးဖြစ်သွားအောင် အပူပေးလိုက်ပါ။ အရမ်းကြီး ပူသွားအောင် အပူပေးစရာမလိုပါဘူး။ နွေးနွေးလေးဖြစ်သွားပြီဆိုရင်တော့ ဆံကေသာပေါ် သုတ်လိမ်းကာ ဦးရေပြားကို မိနစ်အနည်းငယ်ကြာအောင် နှိပ်နယ်ပေးလိုက်ပါ။ ထို့နောက် ဆံကေသာကို သဘက်နွေးနွေးဖြင့် ပတ်ထားလိုက်ပါ။ မိနစ် ၃၀၊ ၄၀ (သို့) တစ်ညခန့် ထိုအတိုင်း ထားထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ မိမိလျှော်နေကျ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ချလိုက်လို့ရပါပြီ။
ကြက်ဥနဲ့ ပေါင်းတင်ပါ

ကြက်ဥ ၃ လုံးကို သမအောင် မွှေခလောက်လိုက်ပါ။ ထို့နောက် သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ ပေါင်းထည့်ကာ သမအောင် ထပ်မံမွှေခလောက်လိုက်ပါ။ ရရှိလာတဲ့အရောအနှောကို ဆံကေသာနှင့် ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ဆံကေသာကို Shower Cap ဖြင့် အုပ်ထားကာ မိနစ် ၃၀ ခန့် ပေါင်းတင်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ရေအေးအေးလေးနှင့် ခေါင်းလျှော်ချလိုက်လို့ရပါပြီ။
ဒိန်ချဉ်နှင့် ပေါင်းတင်ပါ

ဒိန်ချဉ် စားပွဲတင်ဇွန်း ၈ ဇွန်းကို သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ Essential Oil ၆ စက်ဖြင့် ရောနှောကာာ သမအောင် မွှေပေးလိုက်ပါ။
ထို့နောက် ဆံကေသာကို မိမိကြိုက်နှစ်သက်ကာ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ချလိုက်ပါ။ လျှော်ပြီးတဲ့နောက်မှာတော့ စောစောက ဒိန်ချဉ်အရောအနှောကို ဆံကေသာနှင့် ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် Shower Cap ဖြင့် အုပ်ထားပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာမှ ရေနွေးနွေးလေးဖြင့် ခေါင်းလျှော်ချလိုက်ပါ။
ထောပတ်သီး အသုံးပြုပါ
![]()
ထောပတ်သီးထဲတွင် ဗီတာမင် အေ၊ ဗီတာမင် အီး၊ ပြည့်ဝဆီနှင့် သတ္တုဓာတ်များ ပါဝင်တဲ့အတွက်ကြောင့် ခြောက်သွေ့ကြမ်းတမ်းတဲ့ဆံကေသာကို အမြန်ဆုံး နူးညံ့ပျော့ပျောင်းလာအောင် ကူညီပေးပါတယ်။
ထောပတ်သီးမှည့်တစ်လုံးနှင့် ကြက်ဥတစ်လုံးတို့ လိုအပ်ပါမယ်။ ထောပတ်သီးမှည့်ကို အနှစ်များဖြစ်သွားအောင် ချေမွလိုက်ပါ။ ထို့နောက် ကြက်ဥတစ်လုံး ဖောက်ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ ဆံကေသာကို စိုစွတ်သွားအောင် ပြုလုပ်ပါ။ စိုစွတ်ဆံကေသာပေါ်သို့ ထောပတ်သီးအရောအနှောများဖြင့် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာတဲ့အခါမှာတော့ ခေါင်းလျှော်ချလိုက်လို့ရပါပြီ။
ငှက်ပျောသီးဖြင့် ပေါင်းတင်ပါ

ငှက်ပျောသီးများထဲတွင် ပိုတက်စီယမ်ဓာတ်နှင့် အစိုဓာတ်များ အများအပြားပါဝင်တဲ့အတွက်ကြောင့် ခြောက်သွေ့ဆံကေသာအတွက် ကောင်းတဲ့အပြင် အဖျားနှစ်ခွ ဆံကေသာ ကြောင့် စိတ်ညစ်နေရတဲ့ ကွီး တို့အတွက်လည်း အကောင်းဆုံး အိမ်တွင်းကုသနည်း တစ်ခုဖြစ်ပါတယ်။
ငှက်ပျောသီးတစ်လုံးကို အနှစ်များဖြစ်သွားအောင် ချေမွလိုက်ပါ။ ထို့နောက် ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ ဆံပင်အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးရမှာဖြစ်ပါတယ်။ ထို့နောက် ၁ နာရီခန့် ပေါင်းတင်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်သီးနွေး ရေနွေးဖြင့် ခေါင်းလျှော်ချလိုက်လို့ရပါပြီ။
အစားအစာ စားသုံးမှုစနစ်ကို ပြောင်းလဲလိုက်ပါ

ဆံကေသာ နူးညံ့ပျော့ပျောင်းချင်တယ်ဆိုရင် ကွီး တို့အနေနဲ့ အိုမီဂါသရီး ကြွယ်ဝတဲ့ အစားအစာများကို စားသုံးပေးဖို့လိုအပ်ပါတယ်။ အိုမီဂါသရီးဓာတ် ကြွယ်ဝတဲ့အစားအစာကြောင့် ဆံကေသာကျန်းမာလှပလာမှာဖြစ်ပြီး ပိုမိုနူးညံ့ တောက်ပြောင်လာမှာဖြစ်ပါတယ်။
အိုမီဂါသရီးဓာတ် ကြွယ်ဝတဲ့ အစားအစာများကတော့ ဆော်လမွန်ငါး၊ မက်ကရယ်ငါး၊ ငါးသေတ္တာငါး၊ တူနာငါး၊ ဘလူးဘယ်ရီသီးများ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်းနှင့် ပဲကတ္တီပါတို့ပဲဖြစ်ပါတယ်။
ထိုအစားအစာများ မနှစ်သက်ပါကလည်း အိုမီဂါသရီး ဖြည့်စွက်အားဆေးများကို သောက်သုံးပေးနိုင်ပါတယ်။
အခုဖော်ပြပေးမယ့်အချက်များကိုလည်း ရှောင်ကြဉ်ပေးဖို့လိုအပ်ပါတယ်
မိမိ ဆံကေသာကို နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ ဆံပင်အလွန်အကျံ လျှော်ခြင်းမှ ရှောင်ကြဉ်ပါ။ ဓာတုပစ္စည်းပါဝင်မှုများသော ဆံကေသာ ထုတ်ကုန်များ မသုံးစွဲပါနဲ့။
နေပူထဲသွားတဲ့အခါ ဦးထုပ် (သို့) ထီးဆောင်းသွားပါ။ တစ်ပတ်လျှင် အများဆုံး ၂ ကြိမ်ခန့်သာ ခေါင်းလျှော်ရပါမယ်။
ဒီအချက်များကို ပြုလုပ်ပေးမယ်ဆိုရင်တော့ နူးညံ့ပျော့ပျောင်းတဲ့ ဆံကေသာ ကို ပိုင်ဆိုင်ပြီး ကြည့်ကောင်းတဲ့ ကွီး တစ်ယောက်ဖြစ်သွားမှာ အမှန်ပါပဲ။
Source: Medicalnewstoday.com
Featured Image: Vedix

