လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပြင်ပအသွင်အပြင် ဆိုင်ရာကို မြှင့်တင်ပေးတာဟာ ကျွန်တော်တို့ရဲ့ ဦးခေါင်းထက်က ဆံပင်တွေပါပဲ။ လူတစ်ယောက်မှာ ဆံပင်ဟာ ဒုတိယမျက်နှာလို့ ပြောရလောက်တဲ့အထိ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါ။ ဆံပင်နဲ့ ဦးရေပြား ကျန်းမာရေးကို ဂရုစိုက်တာဟာ ဗောက် ၊ ယားယံခြင်းတွေအပြင် ဦးရေပြားနဲ့သက်ဆိုင်တဲ့ ရောဂါပိုးမွှားတွေကို ကာကွယ်ပေးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပါတယ်။ ဒါပေမယ့်လည်း အချို့သော အမျိုးသားတွေမှာတော့ အရွယ်မတိုင်ခင် ဆံပင်ကျွတ်တဲ့ ပြဿနာတွေ မကြာခဏဆိုသလို ကြုံရနေတာမျိုး တွေ့ရပါတယ်။ ဆံပင်တွေ ကျွတ်နေမယ်ဆိုရင် ကွီးတို့ကို အထာကျတဲ့ ယောကျာ်းတစ်ယောက် ဘယ်နည်းနဲ့မှ မဖြစ်စေနိုင်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသားတွေ ဘာကြောင့် ဆံပင်ကျွတ် တဲ့ ပြဿနာ ကြုံရတာလည်း ၊ ဆံပင်ကျွတ်ခြင်းကို ဘယ်နည်းလမ်းတွေနဲ့ ဖြေရှင်းရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

(၁) အာဟာရဓာတ် ချို့တဲ့ခြင်း

Hair Fall

Photo : Eat This Not That

ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစာအာဟာရဓာတ်တွေထဲမှာ ဗီတာမင် ၊ ပရိုတင်းနဲ့ သတ္တုဓာတ်တွေလို ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံမျှတစွာ မစားသုံးပေးဘူးဆိုရင် ဆံပင်မွေးညင်းပေါက်တွေ အားနည်းလာပြီး အလွန်အကျွံ ဆံပင်ကျွတ် တဲ့ ပြဿနာမျိုး ကြုံရနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့နေ့စဉ်စားသုံးတဲ့ အစားစာတွေထဲမှာ လတ်ဆတ်တဲ့ သစ်သီးတွေ ၊ ဟင်းသီးဟင်းရွက်တွေ ၊ အဆီနည်းပြီး ပရိုတင်းရမယ့် အသားတွေနဲ့ အစေ့အဆန်တွေကို လုံလုံလောက်လောက် စားပေးဖို့ လိုပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးလည်း ဖြည့်စွက်စာတွေကို မှီဝဲနိုင်သလို တစ်နေ့တာအတွက်လိုအပ်တဲ့ ရေဓာတ်ပမဏကို ပြည့်မီအောင် သောက်သုံးပေးခြင်းဟာလည်း ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ရရှိစေဖို့ အကူအညီ ဖြစ်စေပါတယ်။

(၂) စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများခြင်း

Hair Fall

Photo : DS Laboratories

ဆံပင်ကျွတ်စေတဲ့ အဓိကတရားခံတွေထဲမှာ စိတ်ဖိစီးမှုဟာလည်း တစ်ခုအပါအဝင်ပါပဲ။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေဟာ သဘာဝအတိုင်း ဆံပင်ကြီးထွားမှုကို အနှောင့်အယှက်ဖြစ်စေပြီး ဆံပင်ကျွတ် တဲ့ ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက်ဆို တရားထိုင်တာ ၊ ယောဂ သို့မဟုတ် ပုံမှန်လေ့ကျင့်ခန်းလုပ်တာ စတဲ့နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုအဆင့်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနည်းပြီး ဟန်ချက်ညီမျှ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ထိန်းသိမ်းခြင်းဟာ ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေးကိုသာမက ဆံပင်နဲ့ ဦးရေပြား ကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

(၃) ဓာတုပစ္စည်းများ အသုံးပြုခြင်း

Hair Fall

Photo : Urban Company

ပြင်လွန်းရင် ဖင်ချွန်းတယ်ဆိုတဲ့ မြန်မာစကားပုံလေး အတိုင်းပါပဲ။ လှချင်လွန်းလို့ ပြင်ကာမှ နဂိုရှိရင်းစွဲအလှပါ ပျက်ယွင်းပြီး ပိုဆိုးမျိုးတာမျိုး ဖြစ်တက်ပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ရဲ့ ဆံကေသာကို ရွှိုင်းဖို့အတွက် ဓာတုပစ္စည်းပါတဲ့ ထုတ်ကုန်တွေ ၊ ဆံပင်ဆိုးဆေးတွေနဲ့ အပူပေးကိရိယာတွေကို မကြာခဏဆိုသလို သုံးမိတက်ကြပါတယ်။ ဒါတွေဟာ ဆံသားမွေးညင်းပေါက်တွေကို အားနည်းစေပြီး ဆံပင်ကျွတ် ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ ဆံပင်ကို သတဲ့အခါမှာ သဘာဝဆံပင်ထိန်းသိမ်းရေး ပစ္စည်းတွေကိုသာ အသုံးပြုသင့်ပြီး ဆံပင်အခြောက်ခံစက် ၊ အပူပေးစက်တွေကိုလည်း လျော့သုံးဖို့ လိုပါမယ်။ သဘာဝအတိုင်း ကျန်းမာသန်စွမ်းတဲ့ ဆံကေသာ ထိန်းပေးခြင်းဟာ ဆံပင်နဲ့ ဦးရေပြား ကျန်းမာရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေနိုင်မှာပါ။

(၄) ဦးရေပြားနဲ့ ဆံသားသန့်ရှင်းမှု အားနည်းခြင်း

Hair Fall

Photo : Brickell Men’s Products

ဦးရေပြားနဲ့ ဆံသားကျန်းမာရေးကို လျစ်လျူရှုထားခြင်းဟာ ဆံသားပေါက်တွေ ပိတ်ဆို့စေပြီး ဦးရေပြားမှာ ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ကြောင့် ဆံပင်ကျွတ် တဲ့ ပြဿနာကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံး တစ်ပတ်ကို ၂ ကြိမ်ခန့် ကွီးတို့ရဲ့ ဦးရေပြားနဲ့ ဆံသားအမျိုးအစား အလိုက် သင့်လျော်တဲ့ အပျော့စား ခေါင်းလျှော်ရည်ကို အသုံးပြုပြီး ခေါင်းလျှော်ပေးတာ ၊ ဆံပင်ပေါင်းဆေး အသုံးပြုတာမျိုး လုပ်ပေးဖို့ လိုပါတယ်။ ဦးရေပြားနဲ့ ဆံသားကို သန့်ရှင်းအောင်ထားခြင်းဟာ ဆံပင်နဲ့ ဦးရေးပြား ကျန်းမာရေးအတွက် သိပ်ကိုအရေးကြီးတဲ့ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ရေခြောက်အောင်သုတ်ပြီး ဦးရေပြားကို အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီလို သဘာဝအဆီတစ်မျိုးနဲ့ ညင်သာစွာနှိပ်နယ်ပေးခြင်းဖြင့်လည်း ဦးရေပြား သွေးစီးဆင်းမှုကို လှုံ့ဆော်ပေးပြီး ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

(၅) ဆေးဝါးများ မှီဝဲခြင်း

Photo : Verywell Health

အချို့သော ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကနေ ဆံပင်ကျွတ် ခြင်း ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဆေးဝါးတစ်ခု သောက်သုံးမှီဝဲတော့မယ်ဆိုရင် ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်သလား ၊ ဆံပင်ကျွတ်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေ ရှိမရှိ ဆေးဝါးညွှန်ကြားပေးတဲ့ ဆရာဝန်ထံကို သေချာမေးမြန်းပါ။ အကယ်၍ ကိုယ်သောက်နေတဲ့ ဆေးဝါးတွေက ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတယ်လို့ သံသယရှိပါကလည်း ဆရာဝန်နဲ့အရင်ဆုံး သွားရောက်ဆွေးနွေးတိုင်ပင်ဖို့ အရေးကြီးပါတယ်။ ဆရာဝန်ညွှန်ကြားချက်မရှိပဲ အခြားသော ကျန်းမာရေးအခြေအနေတွေအရ သောက်သုံးနေရတဲ့ ဆေးဝါးတွေကို ရပ်တန့်ပစ်တာ ၊ မိမိသဘောအလျောက် ဆေးဝါးတွေ ပြောင်းလဲမှီဝဲတာမျိုး လုံးဝမလုပ်မိဖို့ အကြံပေးချင်ပါတယ်။

Featured Photo : Qraa Men