ပိုက်ဆံရှိရင် လုပ်စရာတွေ အများကြီး ရှိကြမှာပါ။ မစားဖူးတဲ့ အစားအသောက်ကောင်းတွေ စိတ်ကြိုက်စားကြမယ်။ မသွားဖူးတဲ့ ခရီးတွေ ပိုက်ဆံရှယ်သုံးပြီး ခရီးထွက်ကြမယ် ၊ တန်ဖိုးအကြီးဆုံးဆိုတဲ့ တိုက်တွေ အိမ်တွေ နဲ့ ကားတွေ ဝယ်ပစ်မယ် စတဲ့ စတဲ့ စိတ်ကူးယဉ်အိပ်မက် မက်ကြမှာပါ။ ဒီလိုမျိုး ပိုက်ဆံရှိမှ လုပ်လို့ ရမယ့် အရာတွေထဲမှာ ဈေးအကြီးဆုံး ဆိုတဲ့ ဟိုတယ် တွေမှာ သွားတည်းဖို့ဆိုတာလည်း စာရင်းတစ်ခုအနေနဲ့ ပါနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဟိုတယ်ကောင်းကောင်းတစ်ခုမှာ တည်းဖို့ ဒေါ်လာ ရာဂဏန်းအနည်းငယ်ပဲ ကျသင့်နိုင်ပါတယ်။ ဒါပေမယ့်လည်း Penthouse Suite ဆန်ဆန် Luxury ဟိုတယ်တွေမှာ တည်းမယ်ဆိုရင် ဒေါ်လာ သောင်းနဲ့ချီ ကျသင့်နိုင်ပါတယ်။ အခုပြောမယ့် ဟိုတယ်တွေကတော့ တစ်ည တည်းခိုခ မြန်မာငွေ သိန်း ၁၂၀၀ ကနေ သိန်း ၃၀၀၀ အထိ ကုန်ကျစရိတ်ရှိပါတယ်။ ဘယ်ဟိုတယ်တွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

(၅) Ty Warner Penthouse – Four Seasons – $ 60,000

Ty Warner Penthouse

Photo : wealthy gorilla

အမေရိကန်နိုင်ငံ New York မြို့ Four Seasons Hotel မှာ ရှိတဲ့ Ty Warner Penthouse ဟာ ကမ္ဘာ့တည်းခိုစရိတ် အကြီးဆုံး ဟိုတယ်တွေထဲမှာ နံပါတ် ၅ နေရာက ရှိပါတယ်။ ဇိမ်ခံ ဟိုတယ်အဆောက်အဦဖြစ်ပြီး အဆောက်အဦပိုင်ရှင်ရဲ့ နာမည်ဖြစ်တဲ့ Ty Warner ကို အစွဲပြုပြီး ခေါ်ဝေါ်ထားတာပါ။ တစ်ညကို ဒေါ်လာ ၆ သောင်း ( မြန်မာငွေ သိန်း ၁၂၀၀ ) ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ အဆောက်အဦ ဟိုးထိပ်ဆုံး ၅၂ ထပ်မှာ ရှိပြီး စတုရန်း မီတာ ၄၀၀ ကျယ်တဲ့ အဆောက်အဦတွေဟာ ဆောက်လုပ်ပြီးစီးဖို့ ဒေါ်လာ သန်း ၅၀ ဝန်းကျင် ကုန်ကျပါတယ်။

တစ်မြို့လုံးကို ၃၆၀ ဒီဂရီ ပတ်ပတ်လည် မြင်နိုင်မယ့် Panoramic View ပါပြီး မှန်နဲ့ ဆောက်ထားတဲ့ လေသာဆောင် ၄ ခု ပါရှိပြီး New York မြို့လယ် ၊ မြို့ပြင်နဲ့ ဆင်ခြေဖုံး မြင်ကွင်းတွေအထိ စီးမြင်နိုင်ပါတယ်။ အခန်းထဲမှာ အိပ်ရာ Bedroom တစ်ခုပဲ ပါပြီး Spa တစ်ခု ၊ သလင်းကျောက်ဖြူသား နဲ့ ဖန်တီးထားတဲ့ ရေချိုးခန်း ၊ Panorama Infinity Tub ၊ သီးသန့် Private Elevator နဲ့ အခန်းအတွက် သီးသန့် ဧည့်မန်နေဂျာပါ ထားပေးထားတယ်လို့ ဆိုပါတယ်။

(၄) The Mark Penthouse – The Mark Hotel – $ 75,000

The Mark Penthouse

Photo : wealthy gorilla

The Mark ဟိုတယ်တွေထဲက Grand Penthouse ဟာ စတုရန်းပေ ၁ သောင်း ကျယ်ဝန်းပြီး အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံး Hotel Suite Penhouse တစ်ခု အဖြစ် သတ်မှတ်ထားပါတယ်။ တစ်ညကို ဒေါ်လာ ၇ သောင်းခွဲ ( မြန်မာငွေ သိန်း ၁၅၀၀ ခန့်) ပေးရပြီး အိပ်ခန်း ၅ ခန်း ၊ ရေချိုးခန်း ၆ ခု ၊ မီးလင်းဖို ၄ ခု ၊ Wet Bars ၂ ခု ၊ အလှပြင်နိုင်မယ့် Powder Room ၂ ခု နဲ့ ဧရာမ ဧည့်ခန်းကျယ်ကြီးတ်စခုလည်း ထည့်ပေးထားပါတယ်။

(၃) The Royal Penthouse – Hotel President Wilson – $80,000

The Royal Penthouse

Photo : wealthy gorilla

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ရှိတဲ့ The Royal Penthouse – Hotel President Wilson မှာ တစ်ည အိပ်ဖို့အတွက် ဒေါ်လာ ၈ သောင်း ( မြန်မာငွေ သိန်း ၁၆၀၀ ) ခန့် ကျပါတယ်။ Hotel President Wilson မှာ ရှိတဲ့ The Royal Penthouse ဟာ ဟိုတယ် ၈ လွှာ တစ်လွှာလုံးကို နေရာယူထားတာ ဖြစ်ပြီး Lake Geneva နဲ့ Mont Blanc တို့ကို Panoramic View မြင်ကွင်းကျယ် ကြည့်နိုင်အောင် ဆောက်ထားတာပါ။
အိပ်ခန်း ၁၂ ခန်း ၊ ရေချိုးခန်း ၁၂ ခန်း နဲ့ ဂျနီဗာကန်ကြီးကို အပေါ်စီးက ကြည့်ရင်း ရေစိမ်နိုင်မယ့် Jacuzzi တစ်ခုလည်း ပါဝင်ပါတယ်။

Luxury ဆန်ဆန် ဒီဇိုင်း ဖန်တီးမှုနဲ့ မြင်ကွင်းတွေအပြင် ၂၄ နာရီ ပတ်လုံး ကိုယ်ရေးလက်ထောက်အကူ ၊ သီးသန့် စားဖိုမှူး နဲ့ ဘတ္တလာတစ်ယောက် ထားပေးထားပါတယ်။ ဒီဟိုတယ်ဟာ ဘေးအကင်းဆုံးနေရာတွေထဲက တစ်ခုအဖြစ်ပါ သတ်မှတ်ထားပါတယ်။ The Royal Penthouse မှာ သုံးတဲ့ မှန်တွေဟာ ကျည်ဒဏ်ကို ကာကွယ်နိုင်တဲ့ မှန်တွေ ဖြစ်ပြီး အချိန်ပြည့် လုံခြုံရေးထားပေးသလို လုံခြုံရေးကင်မရာစနစ်တွေ နဲ့ အဖိုးတန်ပစ္စည်းတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် မီးခံသေတ္တာစနစ်တို့လည်း ပါဝင်ပါတယ်။ ကိုယ်ပိုင်သီးသန့် ဓါတ်လှေကား ၊ ၁၉၃၀ ထုတ် Brunswick Billiard ခုံ ၊ Steinway ပီယာနိုကြီး နဲ့ Bang & Olufsen’s ထုတ် BeoVision 4-103 အိမ်သုံး ရုပ်ရှင်ပြစက်တွေလည်း ပါဝင်ပါတယ်။

(၂) Empathy Suite – The Palms – $100,000

Empathy Suite

Photo : wealthy gorilla

တစ်ညကို ဒေါ်လာ ၁ သိန်း ( မြန်မာငွေ သိန်းပေါင်း ၂၀၀၀ ) ပေးပြီး တည်းရတဲ့ ဟိုတယ်ကတော့ ဘီလျံနာလောက်မှ တည်းခိုနိုင်မယ်လို့ ထင်ပါတယ်။ အမေရိကန်နိုင်ငံ Las Vegas မြို့ The Palms မှာ ရှိတဲ့ Empathy Suite ဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ဈေးအကြီးဆုံး ဟိုတယ်လည်း ဖြစ်ပါတယ်။ Empathy Suite တစ်ခုလုံးကို ကမ္ဘာကျော် အင်္ဂလန် အနုပညာရှင် Damian Hurts က ဒီဇိုင်းဆွဲပေးထားတာပါ။

ဒေါ်လာ ၁ သိန်းပေး တည်းရတဲ့ Empathy Suite မှာ Master Bedrooms ၂ ခု ၊ အနှိပ်ခံနိုင်မယ့် Massage Tables ၊ လာ့စ် ဗီးဂတ်စ်မြို့ကြီးကို ခြုံပြီး မြင်နိုင်မယ့် ရေစိမ်ခံ Jacuzzi တစ်ခု ၊ ဆားနဲ့ အကြောလျှော့နိုင်မယ့် အခန်း ၊ Damian Hurst ရဲ့ မူရင်းလက်ရာ ၆ ခု အပါအဝင် သီးသန့် အနုပညာပစ္စည်းတွေ စုဆောင်းရာ နေရာတွေလည်း ရှိပါတယ်။ အနုပညာကို ခံစားတတ်တဲ့ ဘီလျံနာတွေ တစ်ညလောက် သွားတည်းဖို့ သင့်တဲ့ နေရာပါပဲ။

(၁) Lover’s Deep – Luxury Submarine Hotel – $150,000

Lover’s Deep

Photo : travelmagma

မိုးပျံဟိုတယ်ကြီးတွေမှာ ဒေါ်လာထောင်ချီ သောင်းချီ ပေးပြီး တည်းခိုရတာထက် ပိုပြီး အတွေ့အကြုံဆန်း လိုချင်ရင် ဇိမ်ခံ ရေငုပ်သင်္ဘောဟိုတယ်ဖြစ်တဲ့ Lover’s Deep – Luxury Submarine Hotel ကို ရွေးချယ်သင့်ပါတယ်။ တစ်ည ဒေါ်လာ ၁ သိန်းခွဲ (မြန်မာငွေ သိန်း ၃ ထောင်) ပေးပြီး တည်းခိုရတဲ့ ဒီဟိုတယ်ဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဟိုတယ်ပဲ ဖြစ်ပါတယ်။

ကာရစ်ဘီယံ ပင်လယ်ရေအောက်မှာ သွားတည်းချင်သူတွေအတွက် Lover’s Deep ဟိုတယ်က အမိုက်စား ရွေးချယ်မှု ဖြစ်နိုင်ပါတယ်။ Lover’s Deep – Luxury Submarine Hotel ဟာ စိန့် လူစီယာမှာ ရှိပြီး ကြယ်ငါးပွင့်ရ ဟိုတယ်ဖြစ်လို့ ကိုယ်ပိုင် Captain ၊ သီးသန့် စားဖိုမှူး နဲ့ ဘတ္တလာအပြင် ရေငုပ်သင်္ဘောဆီ သွားချည် ပြန်လှည့် လိုက်ပို့နိုင်မယ့် Speed Boat နဲ့ တခြား Helicopter နဲ့ လိုက်ပို့မှုတွေ ဝန်ဆောင်မှု ပေးထားပါတယ်။

Featured Photo : travelmagma