လူသားတွေဟာ တစ်နေ့တာ သက်ဝင်လှုပ်ရှားနေရပြီး ညဘက်မှာတော့ ကောင်းမွန်စွာ အိပ်စက်အနားယူ ဖို့ လိုပါတယ်။ ကောင်းမွန်စွာအိပ်စက်အနားယူခြင်းဟာ ကွီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် တကယ်ကိုမရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါ။ ဒါပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် အိပ်စက်ရတာ ခက်ခဲတာမျိုး၊ လွယ်လွယ်အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်တာ သို့မဟုတ် ကောင်းမွန်စွာ မအိပ်စက်နိုင်တာ များလာရင်တော့ ကျန်းမာရေးနဲ့ အခြားသော ဘက်ပေါင်းစုံမှာ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ညဘက် အိပ်ပျော်ဖို့ခက်နေတဲ့ ကွီးတို့အတွက် သိထားသင့်တဲ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။
ညဘက် အိပ်ပျော်ဖို့ခက်နေတဲ့ ကွီးတို့အတွက် သိထားသင့်တဲ အကြောင်းလေးတွေ မပြောခင် ဘာကြောင့် အိပ်မပျော်တာလဲဆိုတာ ကိုယ့်ကိုယ်ကို အရင်သိအောင်လေ့လာဖို့ လိုပါတယ်။ စီးပွားရေးကြောင့်လား၊ မိသားစုဆက်ဆံရေး အခြေအနေတွေကြောင့်လား၊ အလုပ်ခွင်အတွင်းမှရတဲ့ စိတ်ဖိစီးတွေကြောင့်လား၊ ပေါင်းသင်းဆက်ဆံရေးနဲ့ Relationship ကြောင့်လား၊ ကျန်းမာရေး အခြေအနေကြောင့်လား၊ ဖုန်း နဲ့ဆိုရှယ်မီဒီယာကို မအိပ်ဘဲ အသုံးပြုနေမိပါသလား၊ သို့မဟုတ် ဘာအကြောင်းမှမရှိဘဲ အိပ်မပျော်ဖြစ်နေလား ဆိုတဲ့ မေးခွန်းများစွာနဲ့ ဘာကြောင့်အိပ်ပျော်ဖို့ ခက်ခဲနေရသလဲဆိုတာ အရင်ဆုံး ကိုယ့်ကိုယ်ကို ဆန်းစစ်ပါ။ အဖြေရှာပါ။ ထို့နောက် အခုဖော်ပြပေးမဲ့ နည်းလမ်းလေးကောင်းလေးတွေကို ကွီးတို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အသုံးပြုကြည့်လို့ရပါတယ်။
(၁) တရားထိုင်ပါ
Photo : Be Mediatation
အိပ်ပျော်ဖို့ ခက်ခဲနေတဲ့သူတွေအတွက် တရားထိုင်ခြင်းက အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ ယောဂကျင့်ခြင်းကလည်း အလားတူပါပဲ။ တစ်ခါတစ်လေကျရင် လူတွေက စိတ်ဖိစီးမှုကြောင့် အိပ်ပျော်ရခက်ခဲ တတ်ပါတယ်။ ယောဂကျင့်ခြင်းနဲ့ တရားထိုင်ခြင်းတို့က စိတ်ကိုတည်ငြိမ်စေပြီး ခန္ဓာကိုယ်ကို ပြေလျော့စေကာ လျင်လျင်မြန်မြန် အိပ်ပျော်စေပါတယ်။ ယောဂကျင့်ခြင်းက အိပ်စက်မှုစက်ဝန်းကို အပြုသဘောဆောင်သော အကျိုးများ သက်ရောက်စေတယ်လို့ ဆိုပါတယ်။ တရားထိုင်ခြင်းက Melatonin ပမာဏကို တိုးမြှင့်စေပြီး အိပ်ပျော်ရန်လွယ်ကူသည့် အခြေအနေကိုရောက်ရန် ဦးနှောက်ကို အထောက်အကူပြုပါတယ်။
(၂) ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ
Photo : Men’s Health
ညဘက် အိပ်ပျော်ဖို့ခက်နေတဲ့ ကွီးတို့အတွက် နေ့ဘက်မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းကလည်း တကယ်ကို နည်းလမ်းကောင်းတစ်ခုပါ။ ဇီဝကမ္မဖြစ်စဉ်အရ လေ့ကျင့်ခန်းလုပ်ခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို အံ့သြဖွယ်ကောင်းလောက်အောင် အကျိုးရှိစေပြီး အိပ်စက်ခြင်း စက်ဝန်းကို ပိုမိုကောင်းမွန်စေပါတယ်။ စူးစမ်းလေ့လာသူများ၏ အကြံပြုချက်များအရ နေ့စဉ် လေ့ကျင့်ခန်းလုပ်ခြင်းက အိပ်စက်ခြင်းကို မြှင့်တင်ပေးတယ် လို့ဆိုပါတယ်။ ထို့နောက် လေ့ကျင့်ခန်းလုပ်ရာတွင်လည်း လေ့ကျင့်ခန်းလုပ်သည့်နေ့၏ အချိန်သည်လည်း အရေးကြီးပါသည်။ ပိုမိုကောင်းမွန်သော အိပ်စက်ခြင်းအရည်အသွေးကို မြှင့်တင်နိုင်ရန် အတွက် နံနက်စောစောတွင် လေ့ကျင့်ခန်းလုပ်ခြင်းက နေ့ခင်းဘက်တွင် လေ့ကျင့်ခန်းလုပ်ခြင်း ထက်ပို ထိရောက်တယ်လို့ ဆိုပါတယ်။ ကွီးတို့ ညဘက်တွင် အမြန်ဆုံး အိပ်ပျော်ဖို့အတွက် နေ့ဘက်တွင် အချိန်တစ်ခုသတ်မှတ်ပြီး လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်းနဲ့ တင်းနစ်ကစားခြင်း စသည့် ကွီးတို့ ကြိုက်နှစ်သက်ရာ ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုကို လုပ်ပါ။
(၃) ရေနွေးနွေးလေးနဲ့ ရေချိုးပါ
Photo : GQ
ရေနွေးနွေးလေးနဲ့ ရေချိုးပေးခြင်းကလည်း ခန္ဓာကိုယ်အပူချိန်ပြောင်းလဲမှုကို အရှိန်မြှင့်ပေးနိုင်ပါတယ်။ သုံးသပ်ချက်တစ်ခုအရ အိပ်ရာမဝင်မီ ရေနွေးနွေးလေးနဲ သို့မဟုတ် ရေချိုးပေးခြင်းသည် အိပ်ချိန်ထိရောက်မှုနှင့် အိပ်စက်မှုစက်ဝန်းကို တိုးတတ်ကောင်းမွန် လာစေတယ်လို့ ဆိုပါတယ်။ ကွီးတို့ရဲ့ အိပ်ခန်းက အနည်းငယ်ပူနေလျှင် အိပ်ပျော်ဖို့ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် အခန်းအပူချိန်ကို သင့်တော်ပြီး အေးမြတဲ့ အနေအထားမှာ ထားပါ။ အပူချိန်ကိုလျှော့ချခြင်းကလည်း ကွီးတို့ကို အမြန်ဆုံး အိပ်ပျော်စေမဲ့ နည်းလမ်းကောင်းလေး ဖြစ်ပါတယ်။
(၄) Screen Time လျှော့ပါ
Photo : Metro
ဖုန်း၊ ကွန်ပျူတာ စတဲ့ ဒီဂျစ်တယ် ဖန်သားပြင်များမှ ထုတ်လွှတ်သော အပြာရောင်အလင်းတန်းများက ကွီးတို့ခန္ဓာကိုယ်ထဲရှိ အိပ်စက်ခြင်း ဟော်မုန်း Melatonin ထုတ်လုပ်မှုကို အနှောင့်အယှက် ဖြစ်စေသောကြောင့် အိပ်ချိန်ပမာဏ ကိုထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင် ဒစ်ဂျစ်တယ် ပစ္စည်းများ အသုံးပြုခြင်းက ကွီးတို့အိပ်ပျော်ဖို့ကို အခက်အခဲဖြစ်စေပါတယ်။ ဒါကြောင့် Screen Time ကို ကန့်သတ်လိုက်ခြင်း သို့မဟုတ် လျှော့ချလိုက်ခြင်းဖြင့် ဒီပြဿနာကို အနည်းနဲ့အများ ဖြေရှင်းပြီးသား ဖြစ်စေပါတယ်။
(၅) ရနံ့ကုထုံးကို စမ်းကြည့်ပါ
Photo : LifeSavvy
အခုနောက်ပိုင်းမှာ ညဘက် အိပ်ပျော်ဖို့ခက်နေတဲ့ သူများဟာ ရနံ့ကုထုံးများကို အသုံးပြုလာတာ တွေ့ရပါတယ်။ လေ့လာချက်များအရ ရနံ့ကုထုံးအသုံးပြုခြင်းက အိပ်စက်ခြင်း အရည်အသွေးကို ပိုမိုကောင်းမွန်စေရန် ထိရောက်မှုရှိလို့ ဆိုပါတယ်။ အိပ်စက်ခြင်းအပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှုရှိပြီး လူကြိုက်များသော ရနံ့များမှာ လာဗင်ဒါနံ့၊ နှင်းဆီနံ့နဲ့ အခြားသင်းပျံ့သောရနံ့များ ဖြစ်ပါတယ်။ ကွီးတို့ အနေနဲ့ နေ့ဘက်မှာ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရှိဘူးဆိုရင် ဒီရနံ့ကုထုံးကို စမ်းကြည့်ပါ။
(၆) ဆရာဝန်နဲ့ တိုင်ပင်ပါ
Photo : Say Communications
ကွီးတို့ရေ တစ်ခါတစ်လေကျရင် အကြောင်းတစ်စုံတစ်ရာမရှိဘဲ တော်တော်နဲ့ အိပ်မပျော်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အပေါ်မှာဖော်ပြခဲ့တဲ့ အချို့သောနည်းလမ်းတွေ လိုက်နာကျင့်သုံးတာတောင် အိပ်ပျော်ဖို့ ခက်ခဲနေတယ်ဆိုရင် ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာရှိတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ ဆရာဝန်နဲ့အမြန်ဆုံး တိုင်ပင်ဆွေးနွေးပြီး၊ ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပါ။
အခု ဖော်ပြပေးလိုက်တာကတော့ ညဘက် အိပ်ပျော်ဖို့ခက်နေတဲ့ ကွီးတို့အတွက် သိထားသင့်တဲ့ နည်းလမ်းကောင်းလေးတွေ ပဲဖြစ်ပါတယ်။ အိပ်ရေးပျက်တာ များလာပြီး အိပ်ပျော်စေဖို့ ဆေးသောက်တာမျိုးမလုပ်ပဲ ဒီနည်းလမ်းလေးတွေကို ပြုလုပ်ကြည့်ပါ။ ဒီနည်းလမ်းလေးတွေက တစ်ခါတစ်လေ အိပ်ပျော်ဖို့ခက်ခဲတဲ့ အချိန်မှာလည်း အသုံးပြုလို့ရသလို၊ နေ့စဉ်ရက်ဆက် အိပ်ပျော်ဖို့ခက်ခဲနေသူတွေ အတွက်လည်း တကယ်ကို အထောက်အကူပြုမှာ အသေအချာပါပဲ။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းက ကျန်းမာရေးအတွက် တကယ်ကို အရေးကြီးတာကြောင့် ဂရုပြုဖို့ တိုက်တွန်းလိုက်ပါတယ်။
Source : Healthline
Featured Photo : Best Life