ကျောပိုးအိတ်တစ်လုံးနဲ့ တစ်ကိုယ်တော် ရွက်လွင့်ခရီးနှင်ဖို့ စိတ်ဝင်စားတဲ့ လူငယ်တွေ အများအပြားရှိမယ် ထင်ပါတယ်။ တစ်ယောက်တည်း တစ်ကိုယ်တော် ခရီးသွားတယ်ဆိုတာဟာ စွန့်စားမှုနဲ့ လွတ်လပ်ခြင်းရဲ့ အရသာကို အပြည့်အဝခံစားနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခုပဲ မဟုတ်လား။ နေရာသစ်တစ်ခုကို ရောက်တိုင်းမှာ အတွေ့အကြုံအသစ်တွေ များစွာရနိုင်သလို ကိုယ့်ကိုယ့်ကို အပြည့်အဝ အားကိုးတက်မှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေတာကလည်း တစ်ကိုယ်တော် ခရီးသွားခြင်းရဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒီဆောင်း ပါးလေးမှာတော့ လက်တလောမဟုတ်တောင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ တစ်ကိုယ်တော် ခရီးသွား ဖြစ်မယ်လို့ ရည်စူးထားတဲ့ ကွီးတို့အတွက် ကမ္ဘာတဝှမ်းက သွားရောက်လည်ပတ်သင့်တဲ့ အကောင်းဆုံး နိုင်ငံ တချို့အကြောင်း ပြောပြပေးချင်ပါတယ်။
(၁) စပိန်
Photo : Siachen Studios
တစ်ကိုယ်တော် ခရီး သွားကိုသွားသင့်တဲ့ အကောင်းဆုံး နိုင်ငံတွေထဲက တစ်ခုကတော့ စပိန်နိုင်ငံပါ။ စပိန်နိုင်ငံမှာ အံ့အားသင့်စရာ ဗိသုကာလက်ရာတွေ ၊ သမိုင်းဝင်နေရာတွေ ၊ ပြတိုက်ကြီးတွေနဲ့ ကမ္ဘာ့အလှဆုံးဆိုတဲ့ ကမ်းခြေတွေ များစွာရှိပါတယ်။ Bilbao Guggenheim ပြတိုက် ၊ လှပတဲ့ San Sebastian အပန်းဖြေကမ်းခြေမြို့ ၊ Madrid မြို့တော်ရဲ့ ခမ်းနာကြီးကျယ်တဲ့ တော်ဝင်နန်းတော်နဲ့ Socorro ၊ Ocata တို့လို ရင်သပ်ရှု့ မောဖွယ် အပန်းဖြေကမ်းခြေတွေကတော့ စပိန်နိုင်ငံရောက်ရင် မဖြစ်မနေသွားရောက် လည်ပတ်သင့်တဲ့နေရာတွေပဲ ဖြစ်ပါတယ်။
(၂) နယူးဇီလန်
Photo : NewZealand.com
နယူးဇီလန်နိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွား တွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတစ်နိုင်ငံလို့ ပြောရင်မမှားပါဘူး။ နယူးဇီလန်နိုင်ငံမှာ သွားရောက်လည် ပတ်စရာ အမျိုးသားဥယျာဉ်တွေ များစွာရှိသလို အပျော်ဖောင်စီးခြင်း ၊ လေထီးခုန်ခြင်း ၊ ကမ္ဘာ့ပထမဆုံးနဲ့ အကျော်ကြားဆုံး ဘန်ဂီခုန်ခြင်း တို့လို စွန့်စွန့်စားစား Activities တွေများစွာ ပြုလုပ်နိုင်မယ့် စွန့်စားခန်းမြို့တော် Queenstown မြို့ကြီးလည်း တည်ရှိပါတယ်။ နောက်ပြီး Waitomo Glowworm လှိုင်ဂူတွေ ၊ Auckland ဆိပ်ကမ်းမြို့တော် ၊ ကျွန်းစုပင်လယ်အော် ၊ Fox ရေခဲမြစ် ၊ Franz Joseph ရေခဲမြစ် ၊ Waiheke ကျွန်းနဲ့ Kaikoura ကျွန်းတွေကတော့ နယူးဇီလန်နိုင်ငံရဲ့ သွားရောက်လည်ပတ်သင့်တဲ့ အံ့ဖွယ်နေရာတွေပဲ ဖြစ်ပါတယ်။
(၃) ဂျာမနီ
Photo : Lonely Planet
ဂျာမနီနိုင်ငံဟာ လည်ပတ်စရာ အံ့ဖွယ်ရဲတိုက်ကြီးတွေနဲ့ ပြတိုက်ကြီးတွေများစွာတည်ရှိတဲ့ နိုင်ငံတစ် နိုင်ငံ ဖြစ်ပါတယ်။ Bavarian Alps ၊ Rhine Valley နဲ့ Black Forest တို့လို မျက်တောင်ခတ်ဖို့ မေ့သွားလောက်တဲ့အထိ လှပတဲ့နေရာတွေလည်း များစွာရှိပါတယ်။ ဂျာမနီနိုင်ငံရောက်ခဲ့မယ်ဆိုရင် ဘာလင် ရုက္ခဗေဒဥယျာဉ် ၊ ကျွန်းပြတိုက် ၊ Munich ၊ Frankenstein ရဲတိုက် နဲ့ Cologne Cathedral စတဲ့ စိတ်လှုပ်ရှားဖွယ်ရာ နေရာများစွာကိုလည်း သွားရောက်လည်ပတ်ဖို့ အကြံပြုချင်ပါတယ်။
(၄) အိုက်စလန်
Photo : DesignWanted
လှပတဲ့လည်ပတ်စရာနေရာများစွာနဲ့ ခရီးသွား တွေကို ဆွဲဆောင်နေတဲ့ နိုင်ငံ ကတော့ အိုက်စလန် ဖြစ်ပါတယ်။ အိုက်စလန်နိုင်ငံရဲ့ အကြီးဆုံးမြို့တော် Reykjavik ဟာဆိုရင် ဝေလငါးကြည့်ခြင်းနဲ့ ပတ်သတ်ပြီး ကျော်ကြားပါတယ်။ အိုက်စလန်နိုင်ငံမြောက်ဘက် တောင်တန်းတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်သလို Gulfoss နဲ့ Dettifoss တို့လို ရင်သပ်ရှု့မောဖွယ်လှပတဲ့ ရေတံခွန်တွေလည်း ရှိပါတယ်။ အံ့အားသင့်လောက်အောင်လှတဲ့ အပြာရောင်ကျောက်နံရံသားတွေနဲ့ သဘာဝအလှတရားတွေ ပြည့်နှက်နေတဲ့ Vatnajökull အမျိုးသားဥယျာဉ်ထဲက Skaftafell ရေခဲလှိုဏ်ဂူဟာလည်း အိုက်စလန်နိုင်ငံရောက်ရင် မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အိုက်စလန်နိုင်ငံရဲ့ အထင်ကရ Blue Lagoon နဲ့ ရေပူစမ်းတွေဟာလည်း အနည်းဆုံး တစ်ခေါက်လောက် သွားရောက်လည်ပတ်သင့်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။
(၅) နယ်သာလန်
Photo : Tripadvisor
ခရီးသွား တွေ အနှစ်သက်ဆုံးနိုင်ငံတွေထဲမှာ နယ်သာလန်နိုင်ငံကလည်း တစ်ခုအပါအဝင်ဖြစ်ပြီး တစ်ကိုယ်တော် ခရီးသွားရောက်သင့်တဲ့ အကောင်းဆုံး နိုင်ငံတစ် နိုင်ငံ ဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံဟာ ဥရောပမှာ အလှဆုံးသောနိုင်ငံတွေထဲကတစ်ခုဖြစ်ပြီး ငြိမ်းချမ်းမှုနဲ့ သဘာဝအလှတရားတွေ ပေါင်းစပ်ထားတဲ့ နိုင်ငံလို့လည်း တင်စားညွှန်းဆိုလေ့ ရှိပါတယ်။ နယ်သာလန်နိုင်ငံရဲ့ မြို့တော် Amsterdam မှာရှိတဲ့ Anne Frank House ပြတိုက် ၊ Adams ပြတိုက် ၊ Breda ရဲတိုက် ၊ Gouda Cheese ပြတိုက် နဲ့ Grote Kerk လို ကြည်နူးဖွယ်ရာ လည်ပတ်စရာ နေရာတွေ များစွာရှိပါတယ်။
အခုပြောပြပေးခဲ့တာကတော့ တစ်ကိုယ်တော် ခရီးသွားရောက်ဖို့ အကောင်းဆုံး ကမ္ဘာတဝှမ်းက နိုင်ငံတွေပဲ ဖြစ်ပါတယ်။ နောက်ထပ် အံ့အားသင့်ဖွယ်ရာ လှပတဲ့လည်ပတ်စရာ နေရာများစွာနဲ့ ခရီးသွားလို့ကောင်းတဲ့ နိုင်ငံတွေတော့ ဂျပန်နိုင်ငံ ၊ ဂွါတီမာလာ နိုင်ငံ ၊ အိုင်ယာလန်နိုင်ငံ ၊ ဖင်လန်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေပဲ ဖြစ်ပါတယ်။ ကွီးတို့ အခွင့်အခါကြုံလို့ တစ်ကိုယ်တော် ခရီးသွားမယ်ဆိုရင် ဒီနိုင်ငံတွေကိုသာ ဦးစားပေး သွားဖို့ စဉ်းစားပါ။ နောင်တရတယ်ဆိုတာ မရှိမှာအသေအချာပါပဲ။
Featured Photo : Physiorelax