ခရီးသွားရတာ ပျော်ရွှင်စရာကောင်းပြီး စိတ်လှုပ်ရှားဖွယ်၊ ကြည်နူးဖွယ် အမှတ်တရလေးတွေ ပေးစွမ်းနိုင်တယ်ဆိုတာ လူတိုင်း မငြင်းနိုင်ပါဘူး။ များသောအားဖြင့် ခရီးသွားရင် ချစ်ရသူနဲ့ ဖြစ်စေ၊ ဘော်ဒါတွေနဲ့ ဖြစ်စေ၊ မိသားစုနဲ့ ဖြစ်စေ ခရီးသွားကြတယ် မဟုတ်ပါလား။ ဒီလို မဟုတ်ဘဲ တစ်ယောက်တည်း ခရီးသွားခြင်း ကလည်း အမှန်တကယ်ပင် ဆန်းသစ်တဲ့ အတွေ့အကြုံနဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ အထူးသဖြင့် ခရီးစဉ်အတွင်း ဘယ်သူတစ်ဦး တစ်ယောက်ကိုမှ ညှိနှိုင်းစရာမလို၊ စောင့်ဆိုင်းစရာမလိုဘဲ ကိုယ့်စိတ်ကြိုက် စီမံလို့ရတာက အားသာချက်ပါပဲ။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ ကွီး တစ်ဗွေတည်း လှိမ့်မယ်ဆိုရင် ရွေးချယ်နိုင်စေဖို့ နေရာကောင်း လေးတွေကို ဖော်ပြပေးချင်ပါတယ်။

Photo : Shutter Stock
တစ်ကိုယ်တော် ခရီးသွားခြင်းအတွက် အဓိက ရွေးချယ်ရမှာတော့ လုံခြုံမှုရှိတဲ့ နေရာတွေကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ကွီးတို့ ရည်ရွယ်ချက်အလိုက် အပန်းဖြေမလား၊ လေ့လာရေးလား၊ စွန့်စားဖို့လား စသည်တို့အလိုက် သင့်တော်တဲ့ နေရာတွေကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။
နော်ဝေး

Photo : Arctic Kingdom
တစ်ဗွေတည်း လှိမ့်ချင်တဲ့ ညိုကီတို့အတွက် ပထမဆုံးဖော်ပြချင်တဲ့ နေရာကောင်း တစ်ခုကတော့ နော်ဝေး ပဲဖြစ်ပါတယ်။ နော်ဝေးကို ရောက်ခဲ့ရင် အရင်ဆုံး အမှန်တကယ်ကို ထူးခြားလှပတဲ့ ဥတ္တရအလင်းတန်းလို့ ခေါ်တဲ့ Northern Lights တွေကို ကြည့်ဖို့ ကွီးရဲ့ ထိပ်ဆုံးက စာရင်းထဲကို ထည့်လိုက်ပါ။ ဒ့ါအပြင် ရင်သပ်ရှုမောဖွယ် ကမ်းရိုးတန်းတွေ၊ ပြတိုက်တွေ၊ တခြား တစ်ကိုယ်တော် ပြုလုပ်နိုင်တဲ့ လှုပ်ရှားမှုများစွာကိုလည်း ပြုလုပ်နိုင်ပါတယ်။
နယ်သာလန်

Photo : National Graphics Kids
လှပတဲ့ ကောဇောတစ်ချက် ခင်းထားသလို ရောင်စုံပန်းခင်း ကြီးတွေနဲ့ နယ်သာလန်က တစ်ယောက်တည်း အေးဆေး ခရီးထွက်လာတဲ့ ကွီးတို့ကို ကြိုဆိုနေပါတယ်။ ဥရောပအနောက်မြောက်ပိုင်းရှိ နယ်သာလန်နိုင်ငံကတော့ တူးမြောင်းများ၊ ကျူးလစ်ခင်းများ၊ လေရဟတ်များနှင့် စက်ဘီးစီးဖို့ လမ်းကြောင်းများကြောင့် ခရီးသွားများ အကြားမှာ ရေပန်းစားပါတယ်။ ကွီးတို့ရဲ့ ခရီးသွားခြေရာတွေကို လှပတဲ့ ပန်းတွေရှိတဲ့ မြေမှာ ချထားဖို့ မမေ့ပါနဲ့။
ဂျပန်

Photo : Time Out
အာရှတိုက်ထဲမှာပဲ တစ်ဗွေတည်း ခရီးသွားချင်တဲ့ ကွီးတို့အတွက် နေရာကောင်း တစ်ခုကတော့ ဆာကူရာ ပန်းများပွင့်လန်းရာ ဂျပန်မြေပဲ ဖြစ်ပါတယ်။ ဂျပန်မှာ နီယွန်မီးရောင်စုံတွေနဲ့ လှုပ်ရှားသက်ဝင်နေပြီး မိုးမျှော်တိုက်များဖြင့် ပြည့်နေတဲ့ တိုကျိုမြို့တော်မှာပဲ Nightlife ကို ဖြတ်သန်းမလား။ အေးချမ်းလှတဲ့ ဝါးတောများရှိရာ ကျေးလက်ဒေသများအထိ အလည်အပတ်သွားရင်း ဂျပန်ရိုးရာ ယဉ်ကျေးမှုတွေကို လေ့လာကြမလား၊ ဖူဂျီတောင်ကိုပဲ သွားရောက်လည်ပတ်မလား၊ ကွီးတို့စိတ်ကြိုက် တစ်ကိုယ်တော် ခြေဆန့်လိုက်ပါ။
ဒိန်းမတ်

Photo : State Departments
ဒိန်းမတ်ကတော့ တစ်ကိုယ်တော် ခရီးသွားများအတွက် သွားရတာလွယ်ကူတဲ့ နိုင်ငံလို့ ဆိုကြပါတယ်။ ဒိန်းမတ်ရောက်ရင် Copenhagen ကနေ စတင်ကာ မြို့တော်ရဲ့ အထင်ကရ သစ်သားသင်္ဘောများနှင့် တူးမြောင်းကို စီတန်းထားသော ရောင်စုံမြို့ပြအိမ်များကို ကြည့်ရှုရန် Nyhavn သို့ သွားဖို့ မမေ့ပါနဲ့။ ထိုမှတစ်ဆင့် ခရီးသွားများကို ဆွဲဆောင်နေတဲ့ Tivoli Gardens မှာ လမ်းလျှောက်ပါ။ တကယ်လို့ ကွီးတို့က ရှိတ်စပီးယား ဝတ္တုတွေရဲ့ ပရိတ်သတ်ဆိုရင် Kronborg ရဲတိုက်ကို မဖြစ်မနေ သွားရောက်လည်ပတ်ပါ။
တစ်ကိုယ်တော် ခရီးသွားဖို့အတွက် ရွေးချယ်စရာ နေရာကောင်းလေးတွေကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ တစ်ကိုယ်တော် ခရီးသွားများအတွက် လှပတဲ့ နေရာများစွာလည်း ရှိပါသေးတယ်။ ဒီထဲမှာ ကွီးတို့ရော ဘယ်နေရာကို အရင်ဆုံး သွားရောက်လည်ပတ်ချင်ပါသလဲ။
Source : Travel+ Leisure
Featured Photo : Oyo Rooms
