လူဆိုတာ ပေါင်းသင်းဆက်ဆံရေး သတ္တဝါလို့ ဆိုကြတယ် မဟုတ်လား။ “လူအကြောင်း ပေါင်းမှသိ” လို့တောင် ဆိုရိုးစကား ရှိကြပါတယ်။ အပေါင်းအသင်းဆိုတာ လူတစ်ယောက်ရဲ့ ဘဝမှာ အရေးပါလှတဲ့ အစိတ်အပိုင်းဆိုတာ ငြင်းမရပါဘူး။ ဒါပေမယ့်လည်း သေတပန် သက်တဆုံး ပေါင်းသင်းသွားဖို့ ဆိုရင် စိတ်တူကိုယ်တူ ဖြစ်တဲ့ မိတ်ဆွေမျိုးနဲ့ ဆုံဖို့ပဲ မျှော်လင့်ရမှာ ဖြစ်ပါတယ်။ ဘဝတစ်လျှောက် ပေါင်းခဲ့ သင်းခဲ့တဲ့ လူတွေထဲမှာ ကိုယ်နဲ့ စိတ်ချင်းမတိုက်ဆိုင်လို့ အကြောင်းမလှစွာ ခွဲခွာခဲ့ရတဲ့ သူငယ်ချင်း မိတ်ဆွေတွေလည်း အများကြီး ရှိတာပါပဲ။ ဘယ်လို အခက်အခဲနဲ့ လောကဓံတွေပဲ ကြုံကြုံ မိတ်ဆွေအဖြစ် အတူ တွန်းတိုက်ခံ ပေါင်းသင်းသွားမယ့် မိတ်ဆွေတွေ ရှိထားသူကလည်း ကံကောင်းခြင်း လာဘ်ကြီးတစ်ပါး လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် တစ်သက်လုံး ပေါင်းထိုက်တဲ့ ဘော်ဒါ ဟုတ်မဟုတ် သိနိုင်ဖို့ တိုက်စစ်နိုင်မယ့် အချက်ပြ Signs လေးတွေ အကြောင်း မျှဝေ ပေးချင်ပါတယ်။

(၁) အမြဲတမ်း အဆက်အသွယ် လုပ်ကြတယ်

Male Friends

Photo : Unsplash

စိတ်ဝိဉာဉ်ချင်း အပ်ပြီး ပေါင်းသင်းလို့ ရတဲ့ Soul Mate တစ်ယောက်လို့ ပြောလိုက်ရင် ချက်ချင်း မြင်သာမယ့် Sign တစ်ခုက အမြဲတမ်း အဆက်အသွယ် ရှိကြခြင်းပဲ ဖြစ်ပါတယ်။ Soul Mate ဆိုတာ ဘယ်တော့မှ ပြဿနာမဖြစ်တဲ့ အပေါင်းအသင်းမျိုးကို ပြောတာမျိုးတော့လည်း မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ကိုယ့်ကို ဘယ်လို အခြေအနေမှာ ဖြစ်ဖြစ် ကိုယ့်ကို ပစ်မထားဘူး။ အဆက်အသွယ် လုပ်တယ် ဆိုတာ ကိုယ့်ကို ဂရုစိုက်ကြောင်း ပြသတဲ့ အထိရောက်ဆုံး အပြုအမူတစ်ခုပါပဲ။

တကယ်လို့ ကွီးတို့ရဲ့ မိတ်ဆွေတွေထဲမှာ သူတို့ရဲ့ လိုအပ်ချက်ကို ဗဟိုပြုပြီး ကိုယ့်ဆီ ဆက်သွယ်တတ်ပေမယ့် အဆင်ပြေနေချိန်မှာ အဆက် အသွယ်လုပ်ဖို့ သတိမရသူမျိုး ရှိရင် အဲ့ဒီလို လူမျိုးကို Soul Mate လို့ သတ်မှတ်လို့ မရပါဘူး။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ Soul Mate ဆိုတာ ဘယ်အခြေအနေ ရောက်ရောက် ကိုယ့်မိတ်ဆွေကို သတိတရ ဂရုစိုက်ဖော် ရတဲ့သူမျိုး ဆိုတာ သတိရသင့်ပါတယ်။

(၂) ကိုယ့်အိမ် ကိုယ်ယာလို ခံစားရစေတယ်

Male Friends

Photo : Unsplash

နောက်ထပ် Soul Mate တွေမှာ တွေ့ရတတ်တဲ့ အချက်တစ်ချက်က သူတို့အချင်းချင်း ဆုံဆည်းမှုဟာ အမြဲတမ်း သက်ဆိုင်မှု ရှိတယ် ၊ ကိုယ်ပိုင် လွတ်လပ်မှု နဲ့ ဖြစ်တည်ချက်ကို အလေးအနက် ထားတယ် ဆိုတာကို ခံစားရမိခြင်းပဲ ဖြစ်ပါတယ်။ တကယ် လှိုက်လှိုက်လှဲလှဲ ရင်းနှီးကျွမ်းဝင်တဲ့ လူတွေလုပ်နေကျအတိုင်း သူတို့ဟာ တစ်ယောက်ကို တစ်ယောက် တကယ် အကျွမ်းတဝင် ချစ်ခင်လှိုက်လှဲ ကြပါတယ်။

အချင်းချင်း ပြန်တွေ့ချိန်မှာ စိတ်ထဲ တင်းကြပ်ပြီး စည်းကမ်းတွေနဲ့ ချုပ်နှောင်ထားသလိုမျိုး မခံစားရပါဘူး။ ဟန်ဆောင်စရာ မလိုဘဲ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ခြင်းက ရင်ချင်းအပ် မိတ်ဆွေဖြစ်မှုရဲ့ ဆုလာဘ်လို ပါပဲ။ ဒါကြောင့်ပဲ အနောက်နိုင်ငံက ပညာရှင်တွေက Soul Mate တွေဟာ တစ်ယေက်ကို တစ်ယောက် Feeling Like Home ( ကိုယ့်အိမ် ကိုယ့်ယာလို ခံစားရစေတယ် ) ဆိုပြီး ပြောကြတာ ဖြစ်ပါတယ်။

(၃) တစ်ယောက် နဲ့ တစ်ယောက် စိတ်အခြေခံ တူကြတယ်

Sunset and Friends

Photo : Unsplash

လူတွေ တစ်ယောက် နဲ့ တစ်ယောက် ရေရှည် ပေါင်းသင်းဆက်ဆံနိုင်ဖို့အတွက် အရေးကြီးတဲ့ အခြေခံတစ်ရပ်က တူမျှတဲ့ စိတ်နေသဘောထားတွေ ရှိကြဖို့ ပဲ ဖြစ်ပါတယ်။ စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့သူ ၊ ဆန့်ကျင် ဖီလာ အယူဝါဒ ကွာခြားတဲ့ သူတွေဟာ တစ်ယောက် နဲ့ တစ်ယောက် တကယ် စစ်မှန်တဲ့ အဖော် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဘယ်လိုပဲ အခြေအနေအရ ပေါင်းသင်းနေကြပေမယ့် စိတ်နေသဘောထား နဲ့ အယူအဆ မတူမျှတဲ့ သူတွေဟာ ရေရှည်မိတ်ဆွေအဖြစ် လက်တွဲသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ရေရှည် တစ်သက်လုံး ပေါင်းသင်းသွားနိုင်မယ့် ဘော်ဒါ မိတ်ဆွေ ဟုတ် ပါ့မလား သိချင်ရင် အခြေခံအားဖြင့် ဘဝပေါ် ဘယ်လို အမြင်တွေ ရှိကြတယ် ၊ ဘယ်လို အရာတွေ စိတ်ဝင်စားကြတယ် ၊ ရှေ့ရေး နောက်ရေး အမြင်တွေ ဘယ်လို ကိုင်စွဲ ထားသလဲ ဆိုတာမျိုးပါ သိအောင် လုပ်ဖို့ လိုပါတယ်။ ဒါမှသာ သေတပန် သက်တဆုံး ကျောချင်းကပ် ရင်ချင်းအပ် ပေါင်းလို့ရမယ့် မိတ်ဆွေတွေ ရလာမှာ ဖြစ်ပါတယ်။

Featured Photo : Unsplash