တနင်္ဂနွေနေ့ ဆိုတာ တစ်ပတ်တာရဲ့ လူကြိုက်အများဆုံးနေ့ ဖြစ်သလို လူအများစုအတွက် အနားယူအပန်းဖြေကြတာ ၊ ခရီးထွက်တာ၊ မိသားစု သူငယ်ချင်းတွေနဲ့ အတူတူအချိန်ဖြုန်းတာတွေ လုပ်တတ်ကြပါတယ်။ ဒါပေမယ့် တချို့ကျတော့ ဒီလိုတနင်္ဂနွေနေ့ အားလပ်ရက်တွေကို အကျိုးရှိအောင် ဖြတ်သန်းချင်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ တနင်္ဂနွေနေ့ အားလပ်ရက် လေးကို အကျိုးရှိရှိ ကုန်ဆုံးလို့ရအောင် နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။
(၁) ပုံမှန်အိပ်ယာထချိန်အတိုင်း ထပါ
Photo : Real Deal Sleep
တနင်္ဂနွေနေ့တွေမှာဆိုရင် လူတော်တော်များများ နေတော်တော်မြင့်တဲ့အထိ အိပ်လေ့ရှိပါတယ်။ ဒီလို အလွန်အကျွံ အိပ်တာကြောင့် ညဘက်မှာ အိပ်ဖို့ခက်ခဲပြီး အိပ်ရေးမဝတဲ့သံသရာမှာပဲလည် နေတတ်ပါတယ်။ ပုံမှန် ကိုယ်နိုးနေကျအချိန်တိုင်းပဲ အိပ်ယာထတာက ရေရှည်အိပ်စက်မှုပုံစံကို ထိန်းထားနိုင်တဲ့အတွက် ကိုယ့်ရဲ့အိပ်ချိန်ဇယားကို တသမတ်တည်းဖြစ်စေပါတယ်။ တစ်ပတ်လုံး အိပ်ရေးဝဖို့ အကြွေးတင်နေမယ်ဆိုရင်တော့ နေ့ဘက်တွေမှာ အလုပ်ကောင်း ကောင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ ညဘက်မှာ ကောင်းမွန်တဲ့အိပ်စက်မှုပုံစံရှိမှသာ ကွီးတို့အတွက် အလုပ်မှာပိုပြီး Productive ဖြစ်စေနိုင်မှာပါ။
(၂) နေ့တစ်နေ့ကို “Me-Time” နဲ့ စတင်ပါ
Photo : Medium
“Me-Time” ဆိုတာ ကွီးတို့ ကိုယ့်အတွက် ကိုယ်တိုင်ပေးတဲ့အချိန် ကိုပြောတာပါ။ အနှောက်အယှက်တစ်ခုခုဖြစ်မှာ မကြောက်ရဘဲ ကိုယ်နှစ်သက်တဲ့အရာအားလုံးကို လုပ်နိုင်တဲ့အချိန်ပါပဲ။ “Me-Time” မှာ လေ့ကျင့်ခန်းလုပ်တာ ၊ စာဖတ်တာ ၊ လမ်းလျှောက်တာ ဒါမှမဟုတ် တရားထိုင်တာတွေ လုပ်နိုင်ပါတယ်။ ကွီးတို့ရဲ့ တနင်္ဂနွေနေ့ မနက်ခင်းအတွက် ကိုယ်ဘာလုပ်ချင်တာလဲဆိုတာကို ကြိုတင်စဉ်းစားပြီးရင်တော့ အဲ့ဒီအပေါ်မှာပဲ အာရုံစိုက်ထားပြီး နေ့တစ်နေ့ကို စတင်လိုက်ပါ။ ဒါဆို ကိုယ့်ရဲ့ တစ်နေ့တာ အားလပ်ရက်လေးကို အကျိုးရှိရှိကုန်ဆုံးသွားစေတဲ့အတွက် ကိုယ့်ကိုယ်ကို ကျေးဇူးတင်နေပါလိမ့်မယ်။
(၃) အိမ်အပြင်ထွက်ပါ
Photo : Getty Images
တနင်္ဂနွေနေ့မှာ လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာ နဲနဲတော့စဉ်းစားစရာပါပဲ။ ဒါပေမယ့် ဒါက အပြင်ထွက်ပြီး ၁ဝ မိုင်လောက်ပြေးတာ ဒါမှမဟုတ် အားကစားခန်းမမှာ တစ်နာရီ နှစ်နာရီလောက်ကြာအောင် လေ့ကျင့်ခန်းလုပ်ရ မှာကို မဆိုလိုပါဘူး။ အဓိကားဖြင့် အပြင်ထွက်ပြီး လှုပ်လှုပ်ရှားရှားနေဖို့ပါပဲ။ အိမ်ကနေအလုပ်လုပ်ရတာတွေ ပိုများလာတဲ့အတွက် ရတဲ့အချိန်မှာ အပြင်ကို တစ်နာရီလောက်ပဲ ဖြစ်ဖြစ်ထွက်ပေးပါ။ သဘာဝတရားကို ခံစားတာ၊ မိသားစု၊ သူငယ်ချင်းတွေကို သွားတွေ့တာတွေလုပ်ပေးပါ။ ဒါက စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
(၄) တနေ့တာကို ကြိုတင်စီစဉ်ပါ
Photo : LuckyVitamin
ကွီးတိုရဲ့ တနင်္ဂနွေနေ့ပိတ်ရက်တွေမှာ တစ်နေ့တာအတွက် ဘာလုပ်မယ်ဆိုတာကို မစဉ်းစားထားတာက တခြားအရေးမကြီးတဲ့ကိစ္စတွေနဲ့ပဲ အချိန်တွေကုန်သွားစေမှာပါ။ ဒါကြောင့် မနက်ဖြန်ဘာလုပ်မယ်ဆိုတာကို စနေနေ့ ညနေကတည်းက စဉ်းစားထားတာပိုကောင်းပါတယ်။ ပုံမှန်အိပ်ယာထချိန်အတိုင်းထမယ်၊ မနက်စာကို ဘာစားမယ် ဆိုတာတွေလို အစီအစဉ်လေးတွေ လုပ်ထားပါ။ တစ်နေ့တာအတွက် ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်မရှိတာ၊ နောက်ကျမှ အိပ်ရာက နိုးလာပြီး ညဘက်မှာလည်း ကောင်းကောင်းအိပ်ဖို့ခက်ခဲတာတွေက တစ်ပတ်မှ တစ်ရက်ရတဲ့ ပိတ်ရက်လေးကို ကောင်းကောင်းအသုံးမချလိုက်ရဖြစ်သွားနိုင်ပါတယ်။
Featured Photo : ThinkNewsBrands