တော့တင်ဟမ်ဟော့စပါးအသင်း တိုက်စစ်မှူး ရစ်ချာလီဆန် ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွင်းမှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ၅ ပတ်ကနေ ၆ ပတ်ခန့်အထိ အနားယူရဖွယ် ရှိနေပါတယ်။
အသက် ၂၅ နှစ်အရွယ် ဝက်ဖို့ဒ်နဲ့ အဲဗာတန်တိုက်စစ်မှူးဟောင်းဟာ ဘရာဇီးရဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ် ခရိုအေးရှားနဲ့ ကစားရမယ့် ပွဲစဉ်မတိုင်မီ လေ့ကျင့်ရေးမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
Photo : Football.London
ဒါ့ကြောင့် အဆိုပါပွဲစဉ်မှာ ရစ်ချာလီဆန်ဟာ ပွဲချိန် ၈၄ မိနစ်သာ ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဘရာဇီးအသင်းကလည်း ပင်နယ်တီ အဆုံးအဖြတ်မှာ ခရိုအေးရှားအသင်းကို ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလားနောက်တစ်ကြိမ်ထပ်ယူဖို့ အိပ်မက်ပျက်ပြယ်သွားခဲ့ရတာကြောင့် ရစ်ချာလီဆန်အတွက် နှစ်ဆနာကျင်ရတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။
မကြာသေးမီက ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ရစ်ချာလီဆန် ဟာ ဒဏ်ရာပြဿနာကြောင့် ၁ လခန့် အနားယူရမယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဓာတ်မှန်စစ်ဆေးမှုပြုလုပ်ပြီးနောက်မှာတော့ ရစ်ချာလီဆန်အနေနဲ့ သတင်းပတ် ၆ ပတ်အထိ အနားယူရနိုင်တယ်လို့ Football.London က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
နည်းပြကွန်တီအတွက်တော့ ဒါဟာကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပြီး တိုက်စစ်အတွဲဖြစ်တဲ့ ဆွန်ဟောင်မင်နဲ့ ကူလူဆက်စကီး တို့ကလည်း မကြာသေးမီအချိန်ကမှ ဒဏ်ရာပြဿနာကနေ ပြန်လည်သက်သာလာတာ ဖြစ်ပါတယ်။
ရစ်ချာလီဆန် အနေနဲ့ ပွဲတော်ကာလတစ်လျှောက်လုံးကို ကျိန်းသေလွဲချော်မှာဖြစ်ပြီး နောက်လထဲမှာ ယှဉ်ပြိုင်ကစားမယ့် ပို့စ်မောက်နဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်ကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁၅ ရက်မှာ ကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲအပြင် မန်ချက်စတာစီးတီး ၊ ဖူလ်ဟမ်တို့နဲ့ ပွဲစဉ်တွေမှာလည်း ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ဘူးပဲ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးဟာ ဖေဖော်ဝါရီ ၅ ရက်မှာ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီအသင်းနဲ့ ထပ်မံရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲနောက်ပိုင်းမှာ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာဖို့ ပစ်မှတ်ထားနေပုံ ရပါတယ်။
Photo : The Sun
ဖေဖော်ဝါရီလဟာ စပါးအသင်းအတွက် စိန်ခေါ်မှုများတဲ့ လတစ်လလို့ ဆိုရမှာဖြစ်ပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ အေစီမီလန်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်သလို လန်ဒန်ပြိုင်ဘက် ဝက်စ်ဟမ်းနဲ့ ချဲလ်ဆီးအသင်းတွေနဲ့လည်း ကစားသွားရမှာ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ စပါးအသင်းဟာ နိုဝင်ဘာ ၁၂ ရက်နေ့က လိဒ်စ်ကို အနိုင်ရရှိခဲ့ပြီးနောက် ဘောက်ဆင်ဒေးမှာ ပထမဆုံးပွဲအဖြစ် ဘရန်ဖို့ဒ်ကို သွားရောက် ကစားရမှာဖြစ်ပါတယ်။
Featured Photo : Daily Mail