သဘာဝ အလှတရားတွေရော ၊ ခေတ်မှီဖွံ့ဖြိးမှုတွေနဲ့ပါ အချိုးညီညီ တိုးတက်လာနေတဲ့ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံထဲတွေထဲမှာ နိုင်ငံခြား ခရီးသွားတွေကို ဆွဲဆောင်နိုင်ဆုံး နိုင်ငံတစ်ခုလို့ ပြောရမှာပါပဲ။ ထိုင်းနိုင်ငံအတွင်းက စည်းကားသိုက်မြိုက်လှတဲ့ မြို့ကြီးပြကြီးတွေမှာပဲ လည်ပတ်မလား ၊ သဘာဝကျေးလက် အရသာကို ခံစားနိုင်မယ့် နယ်မြို့လေးတွေဆီပဲ ခြေဆန့်မလား ခရီးသွားတွေအကြိုက် လည်ပတ်စရာ နေရာတွေ အများကြီး ရှိနေတာပါ။ ဒီတစ်ခေါက်မှာတော့ ချစ်ရတဲ့ မိသားစုနဲ့အတူ လည်ပတ်လို့ကောင်းတဲ့ ထိုင်းနိုင်ငံ တဝှမ်းက ခရီးသွားနေရာတွေကို ပြောပြပေးချင်ပါတယ်။

(၁) Phuket

Phuket

Photo : Travel + Leisure

Phuket ဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးကျွန်းပေါ်မှာ တည်ရှိတဲ့ ကမ်းခြေမြို့ ဖြစ်ပါတယ်။ လည်ပတ်စရာ ရွှေရောင်လွှမ်းတဲ့ ကမ်းခြေတွေ ၊ စိတ်ဝင်စားဖွယ်ရာ ကျွန်းတွေ ၊ ပျော်ရွှင်ဖွယ် ရေပေါ်ကစားနည်းတွေ ၊ အရသာရှိတဲ့ ဒေသထွက် အစားအစာတွေ ၊ ထူးခြားတဲ့ Nightlife ဖြတ်သန်းမှုတွေ ၊ ရှောပင်ထွက်လို့ကောင်းတဲ့ ဈေးတန်းကြီးတွေနဲ့ လည်ပတ်စရာတွေ သိပ်ကိုပေါတဲ့ Phuket မြို့ဟာ အမြဲတမ်းနီးပါး နိုင်ငံခြား ခရီးသွားတွေနဲ့ စည်းကားနေတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ကမ်းခြေမှာ မိသားစုနဲ့အတူ အနားယူအပန်းဖြေချင်တယ်ဆိုရင်တော့ Phuket ကို ရွေးချယ်တာဟာ မမှားနိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါလိမ့်မယ်။

(၂) Chiang Mai

Chiang Mai

Photo : KAYAK

မြို့ပြရဲ့ ရှုပ်ရှက်ခက် ပြေးလွှားနေတဲ့ စက်ရုပ်ဆန်ဆန် နေထိုင်မှုတွေရဲ့ အဝေးမှာ အေးအေးချမ်းချမ်း အနားယူချင်တယ် ဆိုရင်တော့ Chiang Mai ဟာ မရောက်မဖြစ် ရောက်အောင်သွား သင့်တဲ့မြို့လေး တစ်မြို့ပါပဲ။ ကျေးလက်ဒေသရဲ့ မခမ်းနားပေမယ့် သဘာဝဆန်တဲ့ လတ်ဆတ်မှုတွေ ၊ မျက်စိအေးနားအေး အနားယူအပန်းဖြေစရာ တောတောင်တွေ ၊ မွန်းကြပ်မှုတွေကို ဖွင့်ထုတ်အပန်းဖြေနိုင်မယ့် စိမ်းစိုလန်းဆန်းတဲ့ သဘာဝအလှတရားတွေကြားမှာ စီးမြောခံစားရင်း ထူးခြားတဲ့ ခရီးသွားအတွေ့အကြုံတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ မိသားစုနဲ့အတူတူ  နာမည်ကြီး ဘုရားတွေဆီ သွားရောက်လည်ပတ်နိုင်သလို သဘာဝရဲ့ အေးချမ်းလှတဲ့ အလှတရားတွေကို ခံစားရင်း စိတ်ရောကိုယ်ပါ အနားယူချင်တယ်ဆိုရင်တော့ ထိုင်းနိုင်ငံ မြောက်ပိုင်းက Chiang Mai မြို့လေးကို ရောက်အောင်သာသွားဖို့ ညွှန်းပေးချင်ပါတယ်။

(၃) Ayutthaya

ayutthaya

Photo : BucketListly Blog

ထိုင်းဘာသာမှာတော့ Phra Nakhon Si Ayutthaya လို့ခေါ်တဲ့ ဒီမြို့လေးဟာ နှစ်ပေါင်းရာချီ တည်ရှိနေခဲ့တဲ့ ရှေးဟောင်းမြို့လေး တစ်မြို့ဖြစ်ပါတယ်။ ဒီမြို့လေးမှာ ရှေးခေတ် တန်ခိုးကြီး ဘုရားတွေ ၊ ဘုရားကျောင်းတွေ ၊ ဘုံဗိမာန်တွေနဲ့ ပြည့်နှက်နေပြီး တစ်ခေတ်တစ်ခါက ထိုင်းနိုင်ငံရဲ့ကုန်သွယ်မှု ၊ စီးပွားရေး ၊ အနုပညာနဲ့ ယဉ်ကျေးမှု စတဲ့ အချက်တွေအားလုံးအတွက် အရေးပါပြီး အချက်အချာကျတဲ့ ရှေးဟောင်းမြို့တော် ဖြစ်ပါတယ်။ မြို့တော် ဘန်ကောက်ရဲ့ မြောက်ဘက် ကီလိုမီတာ ၈၀ အကွာမှာ တည်ရှိတာကြောင့် မိသားစုနဲ့အတူ ဘန်ကောက်ကနေ ရက်တို နေ့ချင်းပြန် ခရီးသွားလို့ အဆင်ပြေပါတယ်။

(၄) Phi Phi Islands

phi phi islands
Photo : Elite Havens

ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်မယ်ဆိုရင်တော့ Phi Phi Islands ဟာ မသွားမဖြစ်တဲ့ ခရီးသွားနေရာတစ်ခုပါ။ Phi Phi Islands မှာ ကျွန်းကြီး ၆ ကျွန်း ပါဝင်ဖွဲ့စည်းထားပြီး Phi Phi Don နဲ့ Phi Phi Leh ကျွန်းတွေကတော့ ခရီးသွားတွေကြားမှာ နာမည်ကြီးပါတယ်။ ဖူးခက်မြို့ကနေ ကီလိုမီတာ ၄၀ သာဝေးပြီး စိမ်းပြာကြည်လဲ့တဲ့ ရေပြင်တွေနဲ့ မျက်စိတဆုံး လှပလွန်းတဲ့ကျွန်းတွေ ၊ တောတောင်တွေ ၊ သဲဖြူသောင်ပြင်တွေပြည့်နှက်နေတဲ့ Phi Phi Islands ဟာ မိသားစုနဲ့အတူတူ အေးအေးချမ်းချမ်း အနားယူ အပန်းဖြေလို့ကောင်းတဲ့ နေရာဆိုတာ သေချာပေါက် မမှားနိုင်ပါဘူး။

ကွီးတို့ရော ထိုင်းနိုင်ငံ ကို မိသားစုနဲ့အတူတူ သွားလည်ပြီးပြီလား ???

Source : Holidify

Featured Photo : ForeverVacation