OnePlus ကတော့ လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့မှာ တရုတ်နိုင်ငံ ၊ ရှိန်းကျိန့်မြို့မှာ ကုမ္ပဏီရဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲကြီး ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ OnePlus ရဲ့ CEO နဲ့ Founder ဖြစ်သူ Pete Lau ကတော့ ဒီပွဲအခမ်းအနား စင်မြင့်ထက်မှာ နောက်ဆုံးထွက် စမတ်ဖုန်း အသစ်ဖြစ်တဲ့ OnePlus 12 ကို အဓိကထား မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

OnePlus 12

Photo : GSMArena.com

ပေါက်ကြားလာတဲ့ သတင်းတွေ အရတော့ အဆိုပါ Flagship ဖုန်း OnePlus 12 မှာ BOE ကနေ ထုတ်လုပ်ထားတဲ့ ၆.၈၂ လက်မ LTPO OLED Panel ပါဝင်မှာဖြစ်ပြီး 1,440 x 3,168px Resolution နဲ့ 2,600 Nits Peak Brightness အထိ ထောက်ပံ့ပေးထားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် OnePlus 12မှာ အဆင့်မြှင့်တင်ထားတဲ့ ကင်မရာ Setup ကိုလည်း မိတ်ဆက်သွားမှာဖြစ်ပြီး 1/2.0” 64MP OV64B Sensor ပါတဲ့ Sony ရဲ့ အသစ်စက်စက် 48MP Dual-layer Stacked Lytia 808 Main Sensor နဲ့ 3x Optical Zoom ပေးစွမ်းမယ့် Telephoto Lens တို့ ပါဝင်မယ်လို့ သိရပါတယ်။ နောက်ထပ် တတိယမြောက် ကင်မရာကိုတော့ 48MP Ultrawide Lens တပ်ဆင်ပေးထားမယ်လို့ မျှော်လင့်ရပါတယ်။

OnePlus 12

Photo : Digit

၂၀၂၃ ခုနှစ်ထဲက အမိုက်စား Flagship ဖုန်းတစ်လုံး ဖြစ်လာမယ့် OnePlus 12ဟာ မကြာသေးခင်က AnTuTu ကြေညာထားတဲ့ အတိုင်း Snapdragon 8 Gen 3 Chip နဲ့ လာမှာ ဖြစ်ပါတယ်။ OnePlus 12 မှာ 100W Charging စနစ် ထောက်ပံ့ပေးထားမှာ ဖြစ်ပြီး တရုတ်နိုင်ငံမှာ ရောင်းချမယ့် မော်ဒယ်တွေကတော့ Android 14 အခြေပြု ColorOS 14 ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာ ရောင်းချမယ့် ဗားရှင်းအတွက်ကိုတော့ OxygenOS 14 ကို အသုံးပြုမယ်လို့ ယူဆရပါတယ်။

Featured Photo : ShiftDelete.Net