ညီအစ်ကိုတို့ရေ Relationship တစ်ခုမှာ ချစ်ရသူလေးနဲ့ ပတ်သတ်တဲ့ အရေးကြီးတဲ့နေ့လေးတွေ မေ့နေတာကြောင့် အနည်းနဲ့အများတော့ ပြဿနာလေးတွေ တတ်ခဲ့ဖူးကြမှာပါ။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ ယောက်ျားလေးတွေ အများစုက ကိုယ့်ချစ်သူမိန်းကလေးကို အလေးမထားလို့ မဟုတ်ဘဲ ရက်စွဲများနဲ့ ပတ်သတ်ပြီး ဂရုမစိုက်မိသွားတာမျိုး၊ မေ့သွားတာမျိုး ဖြစ်တတ်ပါတယ်။ သို့သော် အမျိုးသမီးများကတော့ ရက်စွဲတွေနဲ့ ပတ်သတ်ပြီး မှတ်မှတ်ရရနဲ့ အလေးထားလေ့ရှိပါတယ်။ ထိုအခါမှာ ကွီးတို့ဘက်က သူမအလေးထားတဲ့ ဒီရက်လေးတွေ မေ့နေတာမျိုး တစ်ခါမှ နှစ်ခါ၊ နှစ်ခါမှ သုံးခါ ဖြစ်လာတဲ့ ညီအစ်ကိုတို့ရဲ့ ဆက်ဆံရေးအပေါ်မှာ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အကြိမ်ရေ များများ ထိုအရေးကြီးတဲ့ ရက်စွဲလေးတွေကို ကွီးတို့ဘက်က မှတ်မိဖို့ ပျက်ကွက်လာတဲ့အခါ မိုးမိလောင်တဲ့အထိတောင် ပြဿနာကြီးသွားနိုင်ပါတယ်နော်။
နောက်တစ်ချက်အနေနဲ့ ကတော့ ထိုအရေးကြီးတဲ့ ရက်တွေကို မှတ်မိနေခြင်းဖြင့် တစ်ဖက်သားအပေါ် အလေးထားရာ ရောက်သလို ကိုယ့်ရဲ့ ချစ်ခြင်းတရားကိုလည်း ပြသရာရောက်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ညီအစ်ကိုတို့ရဲ့ Relationship တစ်ခုမှာ မှတ်သားထားသင့်တဲ့ ရက်စွဲလေးတွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။
မွေးနေ့
Photo : Vista Create
ဟုတ်ပါတယ်။ ညီအစ်ကိုတို့အနေနဲ့ တခြားရက်တွေ မမှတ်မိရင်တောင်မှ ကိုယ်ချစ်ရတဲ့ မိန်းကလေးရဲ့ မွေးနေ့ကိုတော့ မမေ့ထားသင့်ပါဘူး။ ဘဝမှာ အရေးအကြီးဆုံးနေ့တွေထဲက တစ်ခုဖြစ်တဲ့ မွေးနေ့ကို မမှတ်မိဘူးဆိုရင်တော့ ညီအစ်ကိုတို့ အပေါ်မှာ တော်တော်လေးစိတ်ဆိုးသွားပြီး သူမလည်း စိတ်ထိခိုက်သွားနိုင်ကာ ညီအစ်ကိုတို့ရဲ့ ချစ်ခြင်းအပေါ် သံသယဝင်လာနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံးတော့ သူမရဲ့ မွေးနေ့ကို သတိတရ ရှိပေးပါ။
နှစ်ပတ်လည်နေ့
Photo : Relationship Culture
မိန်းကလေးတွေအတွက် Relationship နဲ့ ပတ်သတ်လာရင် အရေးအကြီးဆုံးနေ့များထဲက တစ်ခုကတော့ ချစ်သူသက်တမ်း အတွက် နှစ်ပတ်လည်နေ့လေးတွေပါပဲ။ ညီအစ်ကိုတို့အနေနဲ့ သူမနဲ့ အတူတူရှိခဲ့တဲ့ အချိန်လေးတွေကို အလေးထားခြင်းဖြင့် နှစ်ပတ်လည်နေ့လေးတွေကိုလည်း မမေ့သင့်ပါဘူး။ အချို့သော အမျိုးသမီးလေးများက အချစ်ရေးမှာ အရေးကြီးတဲ့ နေ့များကို သေချာလေး အမှတ်အသားပြုထားကာ လေးလေးနက်နက် ရှိတတ်ကြပါတယ်။ ဒီလိုနေ့မျိုးမှာ ညီအစ်ကိုတို့အနေနဲ့ အမှတ်တရလေးတွနဲ့ ရိုမန့်တစ်ဆန်တဲ့ အချိန်ကောင်းလေးတွေကို သူမကို ပိုင်ဆိုင်စေခြင်းကလည်း ချစ်ခြင်းကို ဖော်ပြခြင်းတစ်မျိုးပါပဲ။
First Date
Photo : Glamour
ညီအစ်ကိုတို့ရေ သူမနဲ့ ပထမဆုံး စချိန်းတွေ့တဲ့နေ့ တစ်နည်းအားဖြင့် First Date ကိုလည်း မမေ့ထားသင့်ပါဘူး။ မိန်းကလေး တော်တော်များများက နှစ်ယောက်သား စတွေ့တဲ့နေ့၊ နေရာနဲ့ အချိန်အပြင် အဲ့ဒီနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတော်တော်များများကို မေ့နိုင် ခဲပါတယ်။ ဒါကြောင့် ညီအစ်ကိုတို့အနေနဲ့ သူမနဲ့ စတွေ့တဲ့ First Date ကို သတိရခြင်းဖြင့် ချစ်ရသူလေးရဲ့ နှလုံးသားကို အပိုင်ယူနိုင်ဖို့ အကောင်းဆုံးသော နည်းလမ်းပါပဲ။
ကတိပေးထားသော ရက်စွဲများ
Photo : Man of Many
ညီအစ်ကိုတို့အနေနဲ့ သူမနဲ့အတူ ရုပ်ရှင်ကြည့်ဖို့၊ သူမနဲ့အတူ လျှောက်လည်ဖို့၊ ဒါမှမဟုတ် ညစာစားဖို့ ကတိပေးထားရင် အဲ့ဒီရက်တွေကို လုံးဝမမေ့လိုက်ပါနဲ့။ တစ်ခါလောက် ကတိပျက်သွားတာက သူမစိတ်ကျေနပ်အောင် ချော့လို့ရပေမယ့်၊ အခါခါဆိုရင် သူမကို လေးနက်မှုမရှိဘူးလို့ ခံစားရကာ စိတ်ပျက်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကတိပေးထားတဲ့ ရက်စွဲလေးတွေကို သေချာမှတ်ထားပါ။
ညီအစ်ကိုတို့ရေ ချစ်ရသူလေးနဲ့ သာယာပျော်ရွှင်ပြီး အချစ်ရေးမှာ အဖုအထစ်လေးတွေ ကင်းရှင်းချင်တယ်ဆိုရင် ဒီရက်လေးတွေ ကို မေ့လို့တော့ မဖြစ်ပါဘူးနော်။ ဒါ့အပြင် ညီအစ်ကိုတို့ရဲ့ ပထမဆုံး အနမ်းပေးတဲ့ နေ့စွဲလေးတွေ၊ သူမ ဘဝရဲ့ အရေးအကြီးဆုံး နေ့ရက်လေးတွေ၊ အတူတူ ပထမဆုံး ခရီးသွားတဲ့ နေ့ရက်လေးတွေပါ မှတ်မိရင်တော့ အကောင်းဆုံးပါပဲဗျာ။
Source : EL CREMA
Featured Photo : Life Berrys