ကွီးတို့ရေ လူအများစုကတော့ ဒေါသတွေ ထွက်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် ဒေါသထွက်တာကို သိပါလျက်နဲ့ မထိန်းနိုင်ရင် မလိုလားအပ်တဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒေါသ ဆိုတာက ရန်လိုသော အတွေးများ၊ ဇီဝကမ္မ နိုးကြားမှု နှင့် ဆိုးရွားသော အပြုအမူများနှင့် ဆက်နွှယ်နေသည့် အဆိုးမြင် ခံစားချက် အခြေအနေ ဖြစ်တယ်လို့ ပြောကြပါတယ်။ ကွီးအနေနဲ့ ကိုယ့်အပေါ်မှာ မရိုသေမှု၊ နှိမ့်ချမှု၊ ခြိမ်းခြောက်မှု သို့မဟုတ် လျစ်လျူရှုမှုလို့ ယူဆတဲ့ အခြားသူတစ်ဦးဦးရဲ့ မလိုလားအပ်သော လုပ်ရပ်တွေကို တုံ့ပြန်ရာမှာ များသောအားဖြင့် ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ပြင်းထန်တဲ့ဒေါသမဖြစ်ဖို့ ဒေါသခဏခဏ မထွက်အောင် နေထိုင်တတ်ဖို့ လိုပါတယ်။ ဒေါသကင်းတဲ့သူဟာ လူချစ်လူခင်ပေါပြီး လူမှုရေးမှာ အောင်မြင်သူဖြစ်ပါတယ်။ ဒေါသကို အမြန်ဆုံး ပြေလျော့စေဖို့ နည်းလမ်းကောင်းတွေကို တင်ပြလိုက်ပါတယ်။

ဒေါသထွက်တဲ့အခါ ဖြစ်လာတဲ့ လက္ခဏာများကို သတိထားပါ

ဒေါသကို ပြေလျော့စေဖို့

Photo : Apollo Hospitals Blog

ကွီးအနေနဲ့ ဒေါသထွက်စရာ ဖြစ်လာတဲ့အခါ သတိပြုမိအောင် ကြိုးစားပါ။ ဒေါသထွက်ပြီး တစ်စုံတရာ တုန့်ပြန်မှု မပြုခင် ဘာ‌တွေ ဖြစ်လာသလဲ၊ သတိပေးလက္ခဏာတွေ ဖြစ်တဲ့ နှလုံးခုန်မြန်တာ၊ အသက်ရှူမြန်တာ၊ ချွေးထွက်တာ မျက်နှာနီလာတာ၊ စိုးရိမ်သောက ဖြစ်လာတာ တွေရှိပါတယ်။ ဒီလက္ခဏာတွေကို သတိထားမိတာနဲ့ ငါ ဒေါသထွက် စိတ်ဆိုးနေပြီလို့ စဉ်းစားပြီး ထိန်းလိုက်ပါ။ ဒါက ဒေါသကို အမြန်ဆုံး ပြေလျော့စေဖို့ နည်းလမ်းကောင်းနဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။

ဘာကြောင့်စိတ်ဆိုးရသလဲဆိုတာကို အဖြေရှာပါ

ဒေါသကို ပြေလျော့စေဖို့

Photo : Dojo Bali Coworking

ဒေါသဖြစ်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိတယ်။ လူအများစုက အကြောင်းအရာ အမျိုးမျိုးကြောင့် စိတ်ဆိုးဒေါသထွက်ခြင်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ တစ်စုံတစ်ဦးနဲ့ ပတ်သက်ပြီး မကျေမနပ် ရှိတဲ့အခါ ခဏခဏပြန်စဉ်းစားမိပြီး ဒေါသထွက်တတ်ပါတယ်။ ဒီလိုဖြစ်တယ်ဆိုတဲ့ အရင်းအမြစ်ကို ဖယ်ထုတ်နိုင်အောင် ကြိုးစားပါ။

ဒါ့အပြင် ကွီးတို့အနေနဲ့ ဖိအားတွေအောက်မှာ အလုပ်လုပ်နေရတာ၊ ဇီဝကမ္မဆိုင်ရာ ဟော်မုန်းအပြောင်းအလဲ ဖြစ်တဲ့အခါ၊ ကိုယ်ရဲ့ လက်ရှိအခြေအနေအပေါ် ကျေနပ်မှု မရှိတဲ့အခါတွေမှာ ဒေါသထွက်တတ်ပါတယ်။ ဒေါသဖြစ်ရတဲ့ အကြောင်းရင်းကို အသိအမှတ်ပြုလက်ခံပြီး ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် ကွီးတို့ရဲ့ လူမှုဆက်ဆံရေး၊ ကိုယ်ခန္ဓာနဲ့ စိတ်ခံစားချက်တွေအပေါ် ထိခိုက်စေတော့မှာ မဟုတ်ပါဘူး။

အကြောင်းအရာကို ချရေးပါ

ဒေါသကို ပြေလျော့စေဖို့

Photo : Ladder

တစ်ခါတရံမှာ ကွီးဘာကြောင့် စိတ်ဆိုးနေရသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်မလဲဆိုတာ အဖြေရှာဖို့ ဒီနည်းက ကူညီပေးနိုင်ပါတယ်။ ကွီးကို စိတ်ဆိုးစေတယ်လို့ ထင်တဲ့ အကြောင်းအရာ၊ အခြေအနေတွေကို ကွီးဘယ်လိုတုံ့ပြန်ခဲ့တယ်၊ ခံစားချက်များကို မည်သို့ဖြေရှင်းဖို့လိုတယ်ဆိုတာမျိုး ချရေးကြည့်ပါ။

ဒီနည်းလမ်းက ကွီးရဲ့ခံစားချက်တွေကို ဖော်ပြနိုင်တာ ဖြစ်ပြီး ကွီးရဲ့ စကားလုံးတွေကို ပြန်ဖတ်ရှုခြင်းက ဒေါသဖြစ်စေတဲ့အရာတွေကို ရှုထောင့်တစ်ခုကနေ ပြန်ကြည့်ဖို့ ကူညီပေးပါလိမ့်မယ်။ စာရေးပြီးသည့်နောက် ခံစားချက်တွေ ဒေါသတွေ လျော့ပါးသွားတာ တွေ့ရပါလိမ့်မယ်။ ဒီနည်းက တကယ်ကို အလုပ်ဖြစ်ပါတယ်။

အားလုံးကို ခေတ္တရပ်ထားလိုက်ပါ

ဒေါသကို ပြေလျော့စေဖို့

Photo : Dr. Christian Conte

ကွီးတို့အနေနဲ့ တစ်ခုခုကြောင့် စိတ်ဆိုးဒေါသထွက်လာတဲ့အခါ ပြဿနာကို အကျိုးရှိရှိ သို့မဟုတ် ကောင်းတဲ့ နည်းလမ်းနဲ့ တုန့်ပြန်ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ကိုယ်တိုင် အေးချမ်းမှု ပျောက်ဆုံးနေတယ်လို့ ခံစားရရင် ဒီအခြေအနေနဲ့ ခဏလောက် ဝေးဝေးနေလိုက်ပါ။ ကွီးတို့ကိုယ်တိုင်နဲ့ ပါဝင်သည့်လူတိုင်း နည်းနည်းတည်ငြိမ်လာပြီလို့ ခံစားလာရသောအချိန်မျိုးရောက်တဲ့အခါ ပြဿနာကို ကောင်းကောင်း ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပါ

Angry

Photo : Men’s Health

ဒေါသထွက် စိတ်ဆိုးနေတဲ့အခါ ငြိမ်မနေပါနဲ့။ လမ်းလျှောက်လိုက်ပါ၊ ပြေးလိုက်ပါ၊ ဒါမှမဟုတ် လက်ဝှေ့လိုမျိုး စွမ်းအင်သုံးရတဲ့ လေ့ကျင့်ခန်း လှုပ်ရှားမှု တစ်ခုခုက ကွီးရဲ့ သွေးလှည့်ပတ်မှုကောင်းစေပြီး စိတ်ကြည်လင်မှု ဖြစ်စေပါတယ်။ ဒေါသကို အမြန်ဆုံး ပြေလျော့စေဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

တစ်ယောက်ယောက်နဲ့ စကားပြောပါ

Angry

Photo : Your Tango

ကွီးတို့အနေနဲ့ဒေါသထွက်ပြီး တအုံနွေးနွေး ဖြစ်နေရင် ကွီးတို့ရဲ့ခံစားချက်ကို ယုံကြည်ရသူတစ်ဦးကို ရင်ဖွင့် စကားပြောခြင်းက ကိုယ်ရော စိတ်ပါ ပေါ့ပါးစေပါတယ်။ ယုံကြည်ရသူတွေက လူကြီး၊ သူငယ်ချင်း သို့မဟုတ် မိသားစုဝင် ဖြစ်နိုင်ပါတယ်။ ‌ဒေါသတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာတာ၊ ဒါမှမဟုတ် ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းမှုဆိုင်ရာ ဒေါသတွေ ဖြစ်နေတယ်ဆိုရင် စိတ်ကျန်းမာရေးပညာရှင်နဲ့ စကားပြောခြင်းက ဒေါသကို ထိန်းချုပ်ဖို့ နည်းလမ်းကောင်းတွေ ရနိုင်ပါတယ်။

အနားယူလိုက်ပါ။ စိတ်လျှော့ပါ

Angry

Photo : Health Central

ကွီးတို့အနေနဲ့ တင်းကြပ်နေတဲ့ စိတ်ကို လျှော့ချ အနားယူလိုက်မယ်ဆိုရင် ဒေါသစိတ်ကို လျှော့နည်း သွားစေပါတယ်။ ကွီးကိုယ်တိုင် ဒေါသထွက်နေတဲ့အချိန် သတိထားပြီး စိတ်လျှော့အနားယူ လိုက်မယ်ဆိုရင် အကျိုးရှိတာ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ဒေါသထွက်လာရင် နှစ်သက်တဲ့ အလုပ်တစ်ခုခု လုပ်ပြီး အနားယူလိုက်ပါ။ ပန်းခြံထဲလမ်းလျှာက်ပါ။ စာအုပ်ဖတ်ပါ။ နှစ်သက်ရာ ဘာသာတရားကို လိုက်စားပါ။ သီချင်းနားထောင်ပါ။ ဒီလိုလုပ်ခြင်းက ဒေါသကို အမြန်ဆုံး ပြေလျော့စေဖို့ နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။

ကွီးတို့ရေ ဒေါသဆိုတာ မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ဆိုးကျိုးတွေကိုသာ ဖြစ်စေတဲ့အတွက် ဒေါသကို အမြန်ဆုံး ပြေလျော့စေဖို့ နည်းလမ်းကောင်းများတွေ သုံးပြီး ထိန်းချုပ်ပါလို့ ပြောပါရစေ။

Source : Reach Out

Featured Photo : SteemKR