နိုင်ငံခြား သို့ အပျော် ခရီးသွား တာမျိုးပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စနဲ့ ခရီးသွားတာမျိုးပဲဖြစ်ဖြစ် သိထားရမယ့် ဆောင်ရန်ရှောင်ရန်လေးတွေ ရှိပါတယ်။
ကိုယ့်နိုင်ငံမှာမဟုတ်ဘဲ နိုင်ငံခြား သို့ ခရီးသွား ရတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ပုံရိပ် ၊ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကိုလည်း ထိန်းသိမ်းထားဖို့လိုအပ်ပါသေးတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အန္တရာယ်နှင့် လုံခြုံမှုတို့ကိုလည်း အမြဲတစေဆိုသလို ဂရုစိုက်သင့်ပါတယ်။ ဒါမှသာလျှင် ဘေးအန္တရာယ်ကင်းကင်းနှင့် ပျော်ရွှင်ရတဲ့ ခရီးတစ်ခုဖြစ်မှာပါ။
ပိုက်ဆံအမြောက်အမြားကို ထင်သာမြင်သာအောင် ကိုင်ဆောင် မထားပါနှင့်
နိုင်ငံခြားငွေ လဲလှယ်တဲ့နေရာမျိုးတွေသည်လည်း လုံခြုံမှု မရှိတာများပါတယ်။ ဒါ့ကြောင့် မိမိရဲ့ပတ်ဝန်းကျင်ကို မျက်စိလျင်လျင်ထားပြီး မြန်မြန်ဆန်ဆန် လဲလှယ်ကာ ပိုက်ဆံများကိုလည်း လုံခြုံတဲ့နေရာမှာ ထည့်ထားလိုက်ပါ။
ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်တည်းမှာ လျောတိလျောရဲ လွယ်ထားခြင်းမှ ရှောင်ကြဉ်ပါ
Photo: Escape
ကိုယ်နဲ့ မရင်းနှီးတဲ့ နိုင်ငံခြား တစ်နေရာသို့ ခရီးသွား ရတာဖြစ်တဲ့အတွက်ကြောင့် ခါးပိုက်နှိုက်တွေ ရှိလား၊ လုယက်မှုတွေ ရှိသလား၊ မရှိဘူးလားဆိုတာကိုလည်း သင် သိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် လူများတဲ့နေရာတွေမှာဆိုရင် ခါးပိုက်နှိုက်မခံရအောင် ကျောပိုးအိတ်ကို ရင်ဘတ်ရှေ့မှာ ပိုက်ကာ လွယ်ထားသင့်ပါတယ်။ ဒါမှ အရေးကြီးသော စာရွက်စာတမ်းများ မပျောက်မပျက်ရှိနေမှာ ဖြစ်ပါတယ်။
သူတစ်ပါး ယဉ်ကျေးမှုကို လှောင်ပြောင်ရယ်မောခြင်းမှ ရှောင်ကြဉ်ပါ
သင်သည် ထိုနိုင်ငံရဲ့ ဧည့်သည်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ထိုနိုင်ငံသို့ သွားရောက်လည်ပတ်တဲ့အခါ သူတို့ရဲ့ ဝတ်ပုံစားပုံ၊ ယဉ်ကျေးမှုတို့ကို လှောင်ပြောင်ရယ်မောခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ ဒါမှ မိမိရဲ့အဆင့်အတန်းသည် မြင့်မားနေတာကို ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။
မိမိသွားလည်တဲ့နေရာတွင် ညမထွက်ရ အမိန့် ရှိ မရှိ လေ့လာပါ
တချို့နေရာဒေသတွေသည် အကြောင်းပြချက် အမျိုးမျိုးကြောင့် ညမထွက်ရ အမိန့် ထုတ်ထားတတ်ကြပါတယ်။ သင့်အနေနဲ့ မိမိသွားရောက်လည်ပတ်နေတဲ့ နေရာဒေသအကြောင်းကို သေသေချာချာ လေ့လာထားပြီး ညဘက်ထွက်ရင်ရော ဘေးကင်းရဲ့လားဆိုတာကို သိရှိထားဖို့လိုအပ်ပါတယ်။
မိမိပတ်ဝန်းကျင်တစ်ဝိုက်မှာ မျက်စိလျင်လျင်ထားပါ
မိမိအနားမှာ တစ်စုံတစ်ရာ မသင်္ကာစရာတစ်ခုခု တွေ့လာတဲ့အခါ တစ်ယောက်ယောက်ကို ပြောပြပြီး အကူအညီတောင်းတာမျိုး ပြုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် လူများတဲ့နေရာသို့ မြန်မြန်ရှောင်ထွက်လိုက်ပါ။ ကိုယ့်ရဲ့ ဘေးကင်းလုံခြုံမှုကသာလျှင် အရေးအကြီးဆုံးပါ။
ကိုယ့်ရဲ့ ပတ်စ်ပို့နံပါတ်ကို အလွတ်မှတ်မိနေပါစေ
သင့်ရဲ့ပတ်စ်ပို့နံပါတ်ကို အလွတ်ကျက်ထားတာမျိုး (သို့) ကော်ပီကူးထားပြီး အခြားတစ်နေရာရာမှာ သိမ်းထားတာမျိုး လုပ်ထားသင့်ပါတယ်။ ဒါမှ မတော်လို့ ပျောက်ရှသွားတဲ့အခါ အသစ်ပြန်လျှောက်ရတာ လွယ်ကူမှာပါ။
နေရာဒေသနှင့် လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်ပါ
မိမိသွားတဲ့နေရာသည် ဘယ်လိုနေရာဒေသမျိုးလဲဆိုတာ သိရှိနားလည်ဖို့လိုအပ်ပါတယ်။ ဘာသာရေးနှင့် သက်ဆိုင်သော နေရာဒေသများသို့ သွားရောက်လည်ပတ်တဲ့အခါ သူတို့ရဲ့ ယဉ်ကျေးမှုကိုလည်း အလေးထားပြီး အမြင်သင့်တော်အောင် ဝတ်စားဆင်ယင်သင့်ပါတယ်။
ပျော်ရွှင်မှုကို အပြည့်အဝ ခံစားလိုက်ပါ
ကိုယ့်ရဲ့လုံခြုံမှုကို ဂရုစိုက်ပြီးသွားပြီဆိုရင်တော့ နောက်ထပ်အရေးကြီးဆုံးအချက်ကတော့ ပျော်ရွှင်မှုကို ခံစားဖို့ပါပဲ။ နိုင်ငံခြား သို့ ခရီးသွား တဲ့အခါ သူတို့ရဲ့ ယဉ်ကျေးမှုများကို လေ့လာသင်ယူနိုင်ပြီး ပင်ပန်းနေအောင် ပြုလုပ်နေတဲ့ စိတ်ဖိစီးစရာများကိုလည်း ဖြေဖျောက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးသွားဖို့လည်း မမေ့ပါနဲ့။
Source: Tours-eti
Featured Image: Vox