ကွီးတို့ရေ Weekend တွေ၊ TGIF တွေမှာ ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါးစုံပြီး အပီကစ်မိလို့ နောက်နေ့မနက်ထိ လစ် နေတာမျိုး ဖြစ်ဖူးကြမှာပါ။ အယ်လ်ကိုဟောကို အလွန်အကျွံသောက်သုံးမိရင် နောက်နေ့မှာ ကိုယ်လက်မအီမသာ ခံစားရကာ အရက်နာကျခြင်း Hangover ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် တွေ့ကြုံခံစားရမဲ့ လက္ခဏာများကတော့ ပင်ပန်းနွမ်းနယ်တာ၊ အားနည်းတာ၊ ရေငတ်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ ကြွက်သားကိုက်ခဲတာ၊ ပျို့အန်တာ၊ ဗိုက်နာတာ၊ စိုးရိမ်စိတ်ဖြစ်တာ၊ စိတ်တိုတာ၊ ချွေးထွက်တာနဲ့ သွေးပေါင်ချိန်တိုးတာတွေ ပါဝင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦးတော့ မတူနိုင်ပါဘူး။ ဒီလိုအချိန်မှာ အလွန်အကျွံသောက်မိလို့ ခံစားရတာက တော်တော်လေး ခံရခက်ပြီး နောက်နေ့လုပ်ဆောင်စရာ ရှိတာများကိုပါ ထိခိုက်နိုင်တာကြောင့် အရက်နာကျခြင်းကို ကုစားဖို့လိုပါတယ်။
ဒီနေ့မှာတော့ ကွီးတို့အတွက် အရက်နာကျခြင်းကို သက်သာစေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးမှာပဲ ဖြစ်ပါတယ်။
အရည်များများသောက်ပါ
Photo : CNN
အရက်သောက်ခြင်းသည် လူများတွင် ဆီးသွားခြင်းကို အားပေးစေပြီး ခန္ဓာကိုယ်မှ အရည်များ ဆုံးရှုံးစေပါတယ်။ အရက်နာကျပြီဆိုရင် ဝမ်းလျှောတာ၊ ချွေးထွက်တာ သို့မဟုတ် အော့အန်တာ ဖြစ်လာတာနဲ့ ကွီးခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် အရည်များဆုံးရှုံးခြင်းမှ ပြန်လည်ကောင်းမွန်လာစေရန် ကွီးတို့ နောက်နေ့မနက်နိုးလာရင် ရေများများသောက်ပါ။ ရေများများသောက်ခြင်းက အရက်နာကျခြင်းကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းကောင်းတစ်ခုပါပဲ။
ကာဗိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာများကို စားပါ
Photo : Muscles and Fitness
အရက်သောက်ခြင်းက သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ကျစေပါတယ်။ ဒါကြောင့် ဦးနှောက်ထဲ အဟာရ ရောက်ရှိမှုနည်းသွားတဲ့အတွက် သီအိုရီအရ ကွီးတို့ကို ပင်ပန်းနွမ်းနယ်မှုနှင့် ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။ ဒါ့အပြင် လူတော်တော်များများက သောက်တဲ့အခါ အစာစားဖို့ မေ့သွားတာကြောင့် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါသော ချိုမြိန်တဲ့ အစားအစာများ ဥပမာ၊ ပေါင်မုန့်နှင့် ကိတ်မုန့်များကို စားနိုင်ပါတယ်။ ၎င်းက ပျို့အန်ခြင်းကို လျှော့ချရန်နဲ့ သွေးတွင်း သကြားဓာတ်ကို မြှင့်တင်နိုင်ဖို့ ကူညီပေးပါတယ်။
ကော်ဖီ သို့မဟုတ် လက်ဖက်ရည်သောက်ပါ
Photo : Eat This, Not That
ကော်ဖီနှင့် လက်ဖက်ရည်တို့တွင် ပါဝင်သော ကဖင်းဓာတ်က လှုံ့ဆော်မှုတစ်ခုအဖြစ် လုပ်ဆောင်ပြီး ၎င်းသည် အရက်နာကျခြင်းနှင့်အတူ နွမ်းနယ်မှုကို သက်သာစေရန် ကူညီပေးနိုင်ပါတယ်။ ကွီးတို့အနေနဲ့ နောက်နေ့မနက် အိပ်ရာနိုးတဲ့အခါ လက်ဖက်ရည် သို့မဟုတ် ကော်ဖီ အနည်းငယ်ကို သောက်သုံးနိုင်ပါတယ်။
အနားယူပါ
Photo : HuffPost UK
အရက်နာကျခြင်းကို ပြန်လည်သက်သာ ကောင်းမွန်စေဖို့အတွက် ကွီးတို့အနေနဲ့ လုံလောက်စွာ အနားယူရန် လိုအပ်ပါတယ်။ နောက်နေ့မနက်တွင် အရက်နာကျခြင်းကို အများကြီး မခံစားရတာမျိုး ဖြစ်နိုင်သော်လည်းပဲ အလုပ်များလုပ်ဆောင်နိုင်စွမ်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ ပြည့်ပြည့်ဝဝ အိပ်စက်အနားယူပေးပါ။
ဂျင်းလက်ဖက်ရည်ကို သောက်သုံးပေးပါ
Photo : Men’s Health
ဂျင်းသည် သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး အရက်ရဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝဆေးတစ်လက် ဖြစ်ပါတယ်။ ဒါ့အပြင် ဂျင်းသည် ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းနှင့် အော့အန်ခြင်းကဲ့သို့သော အရက်နာကျခြင်း လက္ခဏာများကို ထိရောက်စွာ သက်သာစေနိုင်ပြီး အရက်နာကျခြင်းနှင့် ဆက်စပ်သော မသက်မသာ ဖြစ်မှုများကို လျှော့ချပေးနိုင်ပါတယ်။ အရက်နာကျခြင်း လက္ခဏာများကို သက်သာစေရန် ဂျင်းလက်ဖက်ရည်ကို သောက်သုံးပေးနိုင်ပါတယ်။
ကွီးတို့ရေ အကြောင်းအမျိုးမျိုးကြောင့် အယ်လ်ကိုဟော အလွန်အကျွံသောက်သုံးမိပြီး နောက်နေ့မနက်ထိ လစ် နေရင် ဒီနည်းလမ်းလေးတွေကို စမ်းကြည့်လိုက်ပါ။ တကယ်ကိုထိရောက်မှာ အသေအချာပါပဲ။
Source : PharmEasy
Featured Photo : My Bartender