တစ်ခါတစ်လေမှာ ဘာမှမလုပ်ချင်မကိုင်ချင်လောက်အောင် ပင်ပန်းနွမ်းလျနေတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ လူကမောပန်းပြီး နွမ်းနယ်နေတဲ့အခါ တစ်နေ့တာကိုတောင် ကောင်းကောင်းကျော်ဖြတ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ သွေးတွင်းအောက်ဆီဂျင်ပမာဏကို မြှင့်တင်ပေးဖို့ပါပဲ။ သွေးတွင်းအောက်ဆီဂျင်ပမာဏက ပုံမှန်အနေအထားမှာ ရှိနေမှလည်း ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ကောင်းစွာလည်ပတ် အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျနေမယ်ဆိုရင် အလိုလိုနေရင်း မောပန်းနွမ်းနယ်တာ ၊ ခေါင်းမူတာ/ခေါင်းကိုက်တာ ၊ အသက်ရှုရခက်ခဲတာ ၊ မျက်လုံးတွေဝါးတာ ၊ အာရုံစိုက်မှုလျော့ကျတာတွေ ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နွမ်းနယ်နေသမျှ လန်းသွားဖို့ သွေးတွင်းအောက်ဆီဂျင်ပမာဏ မြှင့်တင်နိုင်မယ့် အရိုးရှင်းဆုံးနည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) လေ့ကျင့်ခန်းလုပ်ပါ

 Workout

Photo : MEL Magazine

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာက သွေးတွင်းအောက်ဆီဂျင်ပမာဏ မြှင့်တင်ဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ COPD ရောဂါဝေဒနာရှင်တွေနဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏ ပုံမှန်ထက်လျော့နေသူတွေကို လေ့ကျင့်ခန်း လုပ်စေခြင်းဖြင့် လေ့လာခဲ့ရာမှာ သွေးတွင်းအောက်ဆီဂျင်ပမာဏ မြင့်တက်လာတာကို တွေ့ရှိရပါတယ်။ လေ့ကျင့်ခန်လုပ်ချိန်မှာ အဆုတ်နဲ့ နှလုံးတို့ကို ပိုမိုအလုပ်လုပ်စေတဲ့အတွက် ခန္ဓာကိုယ်တွင်းမှာ အောက်ဆီဂျင်ပိုမိုရရှိစေဖို့ ကူညီပေးတာဖြစ်ပါတယ်။

(၂) Antioxidants စားပါ

man

Photo : Crown Asia

Antioxidants ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးခြင်းဟာလည်း သွေးတွင်းအောက်ဆီဂျင်ပမာဏကို မြှင့်တင်ပေးနိုင်ပါတယ်။ ဗီတာမင် E နဲ့ ဗီတာမင် C အပါအဝင် အချို့သော ဗီတာမင်ဓာတ်တွေမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ပါရှိပါတယ်။ Antioxidants စားသုံးမှုကို မြှင့်တင်ဖို့အတွက် စတော်ဘယ်ရီသီး ၊ ဘလူးဘယ်ရီ ၊ အနီရောင်ပဲများနဲ့ အစိမ်းရင့်ရောင်အရွက်တွေ ကဲ့သို့ အစားအစာတွေကို စားသုံးနိုင်ပါတယ်။

(၃) ကိုယ်ဟန်အနေအထားကို ပြုပြင်ပါ

Photo : Zeel

ကိုယ်ဟန်အနေအထားနဲ့ သွေးတွင်းအောက်ဆီဂျင်ပမဏ မြှင့်တင်မှုဟာ တကယ်တော့ ဆက်စပ်နေတာပါ။ မှားယွင်းတဲ့ ကိုယ်ဟန်အနေအထားနဲ့ မတ်တပ်ရပ်တာ ၊ လမ်းလျှောက်တာ ဒါမှမဟုတ် ထိုင်တာတွေဟာ အသက်ရှူလမ်းကြောင်းကို အတိုင်းအတာတစ်ခုအထိ အနှောင့်အယှက်ဖြစ်စေပါတယ်။ ကောင်းမွန်မှန်ကန်တဲ့ ကိုယ်ဟန်အနေအထားကို ပြုပြင်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် ပိုမိုရှူသွင်းရလွယ်ကူသွားစေပါလိမ့်မယ်။

(၄) လေကောင်းလေသန့် ရှုရှိုက်ပါ

Photo : Procol

ညစ်ညမ်းတဲ့လေထုကို ရှုရှိုက်နေမိခြင်းဟာ သွေးတွင်းအောက်ဆီဂျင်ပမာဏကျစေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ သန့်စင်တဲ့လေထု ၊ လတ်ဆတ်တဲ့ လေကောင်းလေသန့်ကို ရှုရှိုက်ပေးဖို့ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် အထူးလိုအပ်ပါတယ်။ ကောင်းမွန်သန့်စင်တဲ့ လေကောင်းလေသန့်ကို ရှုရှိုက်ခြင်းက သွေးတွင်းအောက်ဆီဂျင်ပမာဏကို မြှင့်တင်ဖို့ အရိုးရှင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ဒါကြောင့် မနက်ခင်းစောစော လမ်းလျှောက်ရင်း လေကောင်းလေသန့်ရှုတာ ၊ စိမ်းစိုတဲ့ ရှုခင်းတွေကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ သန့်စင်တဲ့လေကိုရှုရှိုက်တာ ၊ နေအိမ်နဲ့ အိပ်ခန်းအတွင်းကို လေဝင်လေထွက်ကောင်းအောင် တံခါးတွေဖွင့်ထားတာမျိုး လုပ်ပေးရပါမယ်။ ဒါ့အပြင် တရားထိုင်ခြင်းကဲ့သို့ အသက်ကို ဖြည်းဖြည်းနဲ့ ခပ်ပြင်းပြင်း ရှုသွင်းရှုထုတ်လုပ်တာကလည်း အဆုတ်ထဲသို့ အောက်ဆီဂျင်ပိုမိုရောက်ရှိစေဖို့ ကူညီပေးပါတယ်။

(၅) ဆေးလိပ်ဖြတ်ပါ

quit smoking
Photo : HelpGuide.org

ဆေးလိပ်သောက်တာဟာ သွေးကြောတွေတလျောက် အောက်ဆီဂျင် ဝင်ရောက်မှုကို အကြီးအကျယ် အနှောက်ယှက်ဖြစ်စေပါတယ်။ သွေးတွင်းအောက်ဆီဂျင်ပမာဏကို မြှင့်တင်ချင်တယ်ဆိုရင် ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။ ဒီအလေ့အထကို စွန့်လွှတ်တာဟာ ခန္ဓာကိုယ်ရဲ့အလုံးစုံကျန်းမာရေးကို အကျိုးပြုတယ်ဆိုတာ အထူးတလည် ပြောပြနေစရာလိုမယ်မထင်ပါဘူး။

ကွီးတို့ရဲ့ ခန္ဓာကိုယ်မှာ သွေးတွင်းအောက်ဆီဂျင်ပမာဏ ပုံမှန်အနေအထားမှာ ရှိနေမယ်ဆိုရင် တက်ကြွရွှင်လန်းပြီး နွမ်းနေသမျှ အားလုံးလန်းသွားမှာ အသေအချာပါပဲဗျ။

Featured Photo : Body Street