အိပ်စက်ခြင်းစွမ်းဆောင်ရည်ဆိုတာက လူတစ်ယောက် အိပ်ရာထဲမှာ အိပ်ပျော်နေတဲ့အချိန်နဲ့ အိပ်ရာဝင်ပြီး အိပ်ဖို့ကြိုးစားတဲ့ စုစုပေါင်းအချိန်တို့ရဲ့ ရာခိုင်နှုန်းကို ဆိုလိုပါတယ်။ လူတွေဟာ ငယ်စဉ်ဘဝကနေ ဆယ်ကျော်သက်အရွယ်အထိ အဲဒီစွမ်းဆောင်ရည်မှာ သိသာတဲ့ပြောင်းလဲမှု မရှိပေမယ့် အသက် ၄၀ နဲ့ ၆၄ ကြား လူလတ်ပိုင်းအရွယ်ရောက်လာတဲ့အခါ သိသိသာသာ ကျဆင်းလာတတ်ပါတယ်။ အဲဒီလို အိပ်စက်ခြင်းစွမ်းဆောင်ရည် ၈၀ ရာခိုင်နှုန်းအောက် လျော့ကျသွားတာက ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်ပြီး သေဆုံးနိုင်ခြေကိုပါ မြင့်တက်စေနိုင်ပါတယ်။
အဓိကအချက်များ
🛑 အိပ်စက်ခြင်းစွမ်းဆောင်ရည်ဆိုတာက အိပ်ရာထဲမှာ အိပ်ပျော်နေတဲ့အချိန်နဲ့ အိပ်စက်ဖို့ ကြိုးစားတဲ့အချိန်ရဲ့ အချိုးအစားကို တိုင်းတာတာ ဖြစ်ပါတယ်။
🛑 ကောင်းမွန်တဲ့ အိပ်စက်ခြင်းစွမ်းဆောင်ရည်က ၈၅ ကနေ ၉၀ ရာခိုင်နှုန်း ဒါမှမဟုတ် အဲဒီ့ထက် ပိုပါတယ်။
🛑 အသက် ၄၀ ကျော်လာတဲ့အခါ စိတ်ဖိစီးမှု၊ နာကျင်ကိုက်ခဲမှုတွေ၊ အိပ်စက်ခြင်းဆိုင်ရာ ဆေးဝါးသုံးစွဲမှုတွေကြောင့် အိပ်စက်ခြင်းစွမ်းဆောင်ရည် ကျဆင်းလာတတ်ပါတယ်။
🛑 အိပ်စက်ခြင်းဆိုင်ရာ အလေ့အထကောင်းတွေကို လိုက်နာခြင်း၊ ကဖင်းနဲ့ အရက်သောက်သုံးမှုကို ရှောင်ရှားခြင်းအားဖြင့် အိပ်စက်ခြင်းစွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။
🛑 Sleep Efficiency (အိပ်စက်ခြင်းစွမ်းဆောင်ရည်) တွက်ချက်နည်း - အိပ်ပျော်နေတဲ့ စုစုပေါင်းမိနစ်ကို အိပ်ရာထဲမှာ အိပ်ဖို့ကြိုးစားရင်း ကုန်ဆုံးခဲ့တဲ့ စုစုပေါင်းမိနစ်နဲ့ စားပြီး ရလာတဲ့ ပမာဏကို ရာခိုင်နှုန်းနဲ့ တွက်ချက်တာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်က ၈၅ ကနေ ၉၀ ရာခိုင်နှုန်း ဒါမှမဟုတ် အဲဒီ့ထက် ပိုပါတယ်။

🛑 Sleep Efficiency တိုးတက်အောင် လုပ်ဆောင်နည်း - နေ့စဉ် အိပ်ချိန်နိုးချိန် ပုံမှန်သတ်မှတ်တာ၊ တစ်ညကို အိပ်ချိန် ၇ နာရီကနေ ၉ နာရီအထိ ရအောင်ယူတာ၊ နေ့ဘက်မှာ ကဖင်းဓာတ် သောက်သုံးမှုကို ရှောင်ရှားတာ၊ အိပ်ရာမဝင်ခင် ၃ နာရီကနေ ၄ နာရီအတွင်း အရက်သောက်သုံးမှုကို ရပ်တန့်တာ၊ အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ တီဗီနဲ့ ဖုန်းသုံးတာတွေကို ရှောင်ကြဉ်တာတွေ ပြုလုပ်ရပါမယ်။
🛑 Sleep Trackers (အိပ်စက်မှု ခြေရာခံကိရိယာများ) ရဲ့ အခန်းကဏ္ဍ - အိပ်စက်မှု ခြေရာခံ အပလီကေးရှင်းတွေနဲ့ ကိရိယာတွေက အလေ့အထတွေကို လေ့လာဖို့၊ အခန်းတွင်း အပူချိန်နဲ့ ဆူညံသံတွေကို စောင့်ကြည့်ဖို့၊ နှလုံးခုန်နှုန်းနဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ပေးဖို့ ကူညီပေးနိုင်ပါတယ်။
🛑 ဆရာဝန်နဲ့ ဘယ်အချိန် တွေ့ရမလဲ - အိပ်မပျော်တာ၊ ညဘက်တွေမှာ အကြိမ်ကြိမ်နိုးတာ၊ နေ့ဘက်မှာ အလွန်အမင်း အိပ်ငိုက်တာတွေ ဖြစ်ပေါ်နေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဒါ့အပြင် အဲဒီလက္ခဏာတွေက သုံးလထက် ပိုကြာမြင့်လာရင် ဒါမှမဟုတ် အိပ်စက်နေစဉ် ဟောက်တာ၊ အသက်ရှူရပ်တာစတဲ့ အိပ်စက်ခြင်းဆိုင်ရာ အသက်ရှူကျပ်ရောဂါ လက္ခဏာတွေ တွေ့ရှိရရင် အမြန်ဆုံး ဆေးစစ်မှု ခံယူရပါမယ်။
Ref : Men’s Health


