လိင်ကျန်းမာရေးဟာ ကွီးတို့ရဲ့ ကျန်းမာရေးနဲ့ ဘဝအရည်အသွေးအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းရင်းတွေကြောင့် ဒီအကြောင်းအရာကို ပွင့်ပွင့်လင်းလင်း မပြောဖြစ်ကြတာများပါတယ်။ အမျိုးသားတချို့က လိင်ကျန်းမာရေးကို ထိန်းသိမ်းဖို့ လျစ်လျူရှုတတ်သလို၊ လိုအပ်တဲ့အခါ ဆေးကုသမှုခံယူဖို့လည်း တွန့်ဆုတ်တတ်ကြပါတယ်။
လိင်ကျန်းမာရေးကို လျစ်လျူရှုထားရင် ကိုယ်ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ ခံစားချက်ပိုင်းအပြင် အိမ်ထောင်ရေးနဲ့ ဆက်ဆံရေးတွေကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားလိင်ကျန်းမာရေးရဲ့ အရေးပါမှု၊ ဖြစ်တတ်တဲ့ပြဿနာတွေနဲ့ ကျန်းမာရေးကောင်းအောင် ထိန်းသိမ်းနိုင်မယ့်နည်းလမ်းတွေကို သိထားဖို့ လိုပါတယ်။
၁။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ပုံမှန်စစ်ဆေးပါ။
အသက်အရွယ်နဲ့ လိင်စိတ်ခံယူမှု ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားတိုင်းအတွက် လိင်မှတစ်ဆင့် ကူးစက်ရောဂါ (STI) တွေကို ပုံမှန်စစ်ဆေးတာ အရေးကြီးပါတယ်။ Chlamydia၊ Gonorrhea၊ Syphilis နဲ့ HPV လို ရောဂါတွေကို မကုသဘဲထားရင် မျိုးမပွားနိုင်ခြင်း၊ နာတာရှည်နာကျင်မှု၊ ကိုယ်တွင်းအင်္ဂါထိခိုက်မှုနဲ့ ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ ရောဂါရှိပေမယ့် မကုသဘဲထားသူတွေဟာ HIV နဲ့ အခြားဗိုင်းရပ်စ်ကူးစက်ရောဂါတွေ ကူးစက်နိုင်ခြေလည်း ပိုမြင့်ပါတယ်။

STI တွေဟာ ကိုယ်ခန္ဓာပိုင်းကိုသာ ထိခိုက်တာမဟုတ်ဘဲ စိတ်ပိုင်းနဲ့ ခံစားချက်ပိုင်းကိုလည်း သက်ရောက်နိုင်ပါတယ်။ စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါ၊ အရှက်နဲ့ အပြစ်ရှိသလိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။ ပုံမှန်စစ်ဆေးတာက ရောဂါကို စောစောသိနိုင်ပြီး အချိန်မီကုသနိုင်စေပါတယ်။ စစ်ဆေးပြီး ရောဂါရှိနေကြောင်း သိရင် သင့်တော်တဲ့ကုသမှု ခံယူနိုင်သလို လိင်ဆက်ဆံဖော်ထံ ကူးစက်မသွားအောင်လည်း ကာကွယ်နိုင်ပါတယ်။ ရောဂါမတွေ့ရင်လည်း လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုနည်းလမ်းတွေကို ဆက်လက်ကျင့်သုံးပြီး ကိုယ်တိုင်နဲ့ လိင်ဆက်ဆံဖော်ကို ကာကွယ်သင့်ပါတယ်။
၂။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားပါ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာစားတာက အမျိုးသားလိင်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အစားအသောက်ကို မှန်ကန်စွာ စားသုံးတာက အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ဆီးချိုနဲ့ သွေးတိုးရောဂါလို နာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီရောဂါတွေဟာ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ချို့ယွင်းခြင်း ဖြစ်စေနိုင်တဲ့ အန္တရာယ်အချက်တွေပါ။

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့အစားအစာတွေက ကိုယ်တွင်းရောင်ရမ်းမှုကို လျော့ကျစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ငါး၊ အခွံမာသီးနဲ့ အစေ့အဆန်တွေမှာ ပါဝင်တဲ့ Omega-3 အဆီဓာတ်ကလည်း ကိုလက်စထရောအဆင့် လျော့ကျစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါတွေဟာ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ကောင်းဖို့ အရေးကြီးပါတယ်။
အစားအသောက်နဲ့ လေ့ကျင့်ခန်းကို မှန်ကန်စွာ ထိန်းသိမ်းပြီး ကိုယ်အလေးချိန်ကို သင့်တင့်အောင်ထားတာက လိင်တံမထောင်နိုင်ခြင်း (ED) နဲ့ အခြားလိင်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ခြေကို လျော့စေပါတယ်။ အဝလွန်ခြင်းကြောင့် သွေးလည်ပတ်မှုမကောင်းတာနဲ့ အာရုံကြောထိခိုက်တာတွေ ဖြစ်နိုင်ပြီး ED ဖြစ်နိုင်ခြေ ပိုမြင့်လာနိုင်ပါတယ်။
၃။ အိပ်စက်ချိန်ကို ပုံမှန်ထားပါ
အိပ်ရေးဝဝအိပ်တာဟာ အမျိုးသားလိင်ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ အိပ်ရေးမဝတာကြောင့် လိင်စိတ်လျော့ကျခြင်း၊ လိင်တံမထောင်နိုင်ခြင်း (ED) နဲ့ အချိန်မတိုင်ခင် သုတ်လွှတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ အိပ်စက်ခြင်းက လိင်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်အတွက် အရေးကြီးတဲ့ တက်စတိုစတီရုန်းဟော်မုန်းအပါအဝင် ဟော်မုန်းအဆင့်တွေကို ထိန်းညှိရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

အိပ်ရေးမဝတဲ့ အမျိုးသားတွေမှာ တက်စတိုစတီရုန်းဟော်မုန်းအဆင့် လျော့ကျနိုင်ပြီး လိင်စိတ်လျော့တာ၊ လိင်တံမထောင်နိုင်တာနဲ့ သုတ်လွှတ်မြန်တာတွေ ဖြစ်နိုင်ပါတယ်။ အိပ်စက်မှုမကောင်းတာဟာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျရောဂါတို့နဲ့လည်း ဆက်စပ်နေပြီး ဒီအရာတွေက လိင်စိတ်နဲ့ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။
အိပ်ရာဝင်ချိန်နဲ့ နိုးထချိန်ကို ပုံမှန်ထားတာ၊ အိပ်ရာမဝင်ခင် ကော်ဖီနဲ့ အရက်လို စိတ်ကြွစေတဲ့အရာတွေကို ရှောင်တာ၊ အာရုံပျံ့လွင့်စရာမရှိတဲ့ အေးချမ်းတဲ့အိပ်ခန်းတစ်ခု ဖန်တီးတာတွေက အိပ်စက်မှုကို ပိုကောင်းစေနိုင်ပါတယ်။ အိပ်စက်မှုကောင်းလာရင် ခန္ဓာကိုယ်က အနားယူနိုင်ပြီး ဟော်မုန်းတွေကို ပိုကောင်းစွာ ထိန်းညှိနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုလျော့ပြီး လိင်စိတ်နဲ့ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်လည်း တိုးတက်လာနိုင်ပါတယ်။
၄။ လိင်ကျန်းမာရေးအထူးကုနဲ့ တိုင်ပင်ပါ
လိင်ကျန်းမာရေးအထူးကုနဲ့ တွေ့ဆုံတာဟာ အမျိုးသားလိင်ကျန်းမာရေးကို တိုးတက်အောင်လုပ်ဖို့ အရေးကြီးတဲ့အဆင့်တစ်ခု ဖြစ်နိုင်ပါတယ်။ အထူးကုတွေဟာ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ၊ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ချို့ယွင်းတာတွေနဲ့ အခြားလိင်ကျန်းမာရေးပြဿနာတွေကို ရှာဖွေစစ်ဆေးပြီး ကုသပေးနိုင်ပါတယ်။

အထူးကုရဲ့ အကြံပြုချက်နဲ့ လမ်းညွှန်မှုက ကိုယ့်လိင်ကျန်းမာရေးအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီပေးနိုင်ပါတယ်။ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုနည်းလမ်းတွေ၊ ကိုယ်ဝန်တားနည်းတွေနဲ့ လိင်ကျန်းမာရေး စစ်ဆေးမှုတွေအကြောင်းလည်း ရှင်းပြပေးနိုင်ပါတယ်။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ခံစားချက်ပိုင်းဆိုင်ရာအကြောင်းရင်းတွေကြောင့် လိင်ကျန်းမာရေး ထိခိုက်နေတာရှိရင်လည်း ဆွေးနွေးနိုင်ပါတယ်။
လိင်ကျန်းမာရေးဆိုတာ ရှုပ်ထွေးတဲ့အကြောင်းအရာတစ်ခုဖြစ်လို့ ကုသမှုခံယူတဲ့အခါ ကိုယ်ခန္ဓာပိုင်းနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ လိင်ကျန်းမာရေးအထူးကုတွေက ကိုယ့်စိုးရိမ်ချက်တွေကို လုံခြုံပြီး လျှို့ဝှက်စွာ ပြောပြနိုင်တဲ့ပတ်ဝန်းကျင်ကို ပေးနိုင်ပါတယ်။ လိုအပ်တဲ့အကူအညီနဲ့ ကုသမှုကို ရယူပြီး ကိုယ့်ရဲ့ ကျန်းမာရေးကို တိုးတက်အောင်လုပ်နိုင်ပါတယ်။
အမျိုးသားလိင်ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာရှိရင် ရှက်မနေဘဲ သက်ဆိုင်ရာ ဆရာဝန် ဒါမှမဟုတ် လိင်ကျန်းမာရေးအထူးကုနဲ့ တိုင်ပင်သင့်ပါတယ်။
မှတ်ချက်။ ။ ဒီဆောင်းပါးဟာ ဘာသာပြန်ထားတာ ဖြစ်ပြီး ဗဟုသုတသက်သက်သာ ဖြစ်ပါတယ်။ လိင်ကျန်းမာရေးပြဿနာတွေအတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Ref : coloradolongevity


