မိတ်ဆွေတို့ရေ အခုဆိုရင် မြန်မာတို့ရဲ့ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို ရောက်ရှိလာပါပြီ။ ပြီးခဲ့တဲ့ တစ်နှစ်လုံးမှာ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကိုယ့်ရဲ့ဘဝကို အပြည့်အဝကျေနပ်မှု ရှိခဲ့ပါသလား။ ကိုယ်ဖြတ်သန်းခဲ့တဲ့ တစ်နှစ်တာနဲ့ ပတ်သတ်ပြီး အားမလိုအားမရ ဖြစ်ခဲ့မှုတွေ၊ ပြင်ဆင်ချင်တဲ့အချက်တွေ၊ လိုအပ်ချက်တွေ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒါတွေကို နှစ်ဟောင်းမှာပဲ ထားခဲ့လိုက်ရမှာ ဖြစ်ပါတယ်။ အခုနှစ်သစ်ဟာ လူသစ်၊ စိတ်သစ်နဲ့ ကိုယ်လုပ်ချင်တဲ့အရာတွေ၊ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင် တွေဆီကို အားအပြည့်နဲ့ ရှေ့ဆက် ရမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မိတ်ဆွေတို့ နှစ်သစ်မှာ အားအပြည့်နဲ့ ရှေ့ဆက် နိုင်ပြီး ကိုယ့်ဘဝအတွက် တိုးတက်မှုတွေရရှိစေဖို့ အထောက်အကူပြုမဲ့ အချက်လေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ဘာတွေ ပြင်ဆင်ရမလဲဆိုတာ သုံးသပ်ပါ
Photo : Freerange Stock
ပြီးခဲ့တဲ့ နှစ်မှာ မိတ်ဆွေတို့အနေနဲ့ ဘာတွေရင်ဆိုင်ကြုံတွေ့ခဲ့ရပါသလဲ၊ ဘယ်လို ကျရှုံးမှုတွေ ရင်ဆိုင်ခဲ့ရပါသလဲ ဆိုတာ အရင်ဆုံး စဉ်းစားပါ။ ဒီနှစ်မှာ အတတ်နိုင်ဆုံး ထိုကျရှုံးမှုတွေနဲ့ ထပ်ပြီး မရင်ဆိုင်ရအောင်၊ ဘာတွေပြင်ဆင်ရမလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ပါ။ ကျရှုံးမှုတွေကြောင့် မိတ်ဆွေတို့ အနည်းငယ် အားလျော့ပြီး စိတ်ဓာတ်ကျနေတာမျိုး ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ထိုကျရှုံးမှုတွေထဲက ရုန်းထွက်ပြီး သင်ခန်းစာယူပါ။ စိတ်သစ်၊ လူသစ်နဲ့ အကောင်းဆုံး ကြိုးစားပြင်ဆင်နေထိုင်မှသာ လာမဲ့ နှစ်သစ်မှာ တိုးတက်မှုတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ကြောက်စိတ်ကို ဖယ်ထုတ်ပစ်ပါ
Photo : People Builders
နှစ်သစ်မှာ အားအင်အပြည့်နဲ့ အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ မိတ်ဆွေတို့ ဖယ်ထုတ်ပစ်ရမယ့် အရာတစ်ခု ရှိပါတယ်။ ဒါကတော့ အကြောက်တရားပါပဲ။ အကြောက်တရားက စိတ်အားထက်သန်မှုတွေကို လျော့ကျစေပြီး အောင်မြင်မှုနဲ့ အလှမ်းဝေးစေပါတယ်။ မိတ်ဆွေတို့အနေနဲ့ လုပ်ငန်းတစ်ခုကို မစတင်ခင်မှာပဲ ကျရှုံးမှာကြောက်တာ၊ ပတ်ဝန်းကျင်က လူတွေရဲ့ ဝေဖန်မှုကို ကြောက်တာ၊ စိန်ခေါ်မှုတွေကို ကြောက်တာ စတာတွေ အကုန်နီးပါးပါဝင်ပါတယ်။ ဒါ့အပြင် အကြောက်တရားက မိတ်ဆွေတို့ကို နှေးကွေးစေပြီး ချီတုံချတုံဖြစ်စေကာ လုပ်ငန်းဆောင်တာများကို အောင်မြင်အောင် လုပ်နိုင်စွမ်း လျော့ကျစေပါတယ်။
ဒီနှစ်မှာ ကိုယ်အရောက်လှမ်းချင်တဲ့ ပန်းတိုင်ဟာ ဘာလဲ သိပါစေ
Photo : The Guardian
အားအပြည့်နဲ့ ဘဝကို ရှေ့ဆက်ဖို့အတွက် စိတ်အားထက်သန်မှု လိုပါတယ်။ စိတ်အားထက်သန်မှုကို မြှင့်တင်နိုင်ဖို့ ဒီနှစ်အတွက် မိမိလိုချင်တဲ့ သို့မဟုတ် မိမိ တတ်လှမ်းချင်တဲ့ ပန်းတိုင်ကဘာလဲဆိုတာ သိပါစေ။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ဖြစ်စေချင်တဲ့ ပန်းတိုင်ထက် ကိုယ်အမှန်တကယ် စိတ်ဝင်စားအရာ ဒါမှမဟုတ် အမှန်တကယ် လုပ်ချင်သည့် အရာကို ရွေးချယ်ပါ။ ကိုယ်စိတ်ဝင်စားတဲ့ အရာကို ရွေးချယ်ခြင်းက စိတ်အားထက်သန်ပြီး ပန်းတိုင်ရောက်ဖို့ အလားအလာပိုများပါတယ်။
စိန်ခေါ်မှုများနဲ့ ရင်ဆိုင်ပါ
Photo : Learn About Logistics
မိတ်ဆွေတို့ရေ တစတစ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ ကိုယ်ကျင်လည်တဲ့ လူအဖွဲ့အစည်းအလိုက် ဘက်ပေါင်းစုံကနေ ယှဉ်ပြိုင်တွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဘဝမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပြီး အောင်မြင်မှုရတဲ့အခါ ရရှိတဲ့ စိတ်ကျေနပ်မှုဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုတိုးလာစေပြီး စိတ်အားထက်သန်မှုလည်း ပိုပြီးမြင့်လာပါလိမ့်မယ်။ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်သူတွေဟာ ဘဝမှာ အောင်မြင်ဖို့ အခွင့်အလမ်းများစွာ ရရှိလာမှာပါ။ စိန်ခေါ်မှု မရှိရင် စိတ်အားတတ်ကြွမှုလည်း ရှိတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် စိန်ခေါ်မှုများနဲ့ ရင်ဆိုင်ရတဲ့အခါ ရှောင်မပြေးဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါ။
စိတ်ပိုင်းဖြတ်ပါ
Photo : Entrepreneur
လူသားတွေရဲ့ ဘဝမှာ အရေးကြီးဆုံးကတော့ စိတ်ပါပဲ။ လူတွေရဲ့ စိတ်စွမ်းအားဟာ တကယ်ကို ကြီးမားပါတယ်။ တစ်ခုခုကို အောင်မြင်ချင်ရင် စိတ်ကို ပိုင်းဖြတ်ပြီး ရယူနိုင်စွမ်း လူသားတိုင်းမှာ ရှိပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ အနေနဲ့ ဘဝ မှာ လိုချင်တဲ့ အောင်မြင်မှု ရယူနိုင်ဖို့အတွက် အရင်ဆုံး ကိုယ့်ရဲ့စိတ်ဓာတ်ကို ပြင်ရပါမယ်။ “ငါဖြစ်မှ ဖြစ်ပါ့မလား” ဆိုတဲ့ သံသယစိတ်တွေ နေရာမှာ “ငါလုပ်နိုင်တယ်၊ ငါအောင်မြင်အောင်လုပ်နိုင်တယ်၊ ဘာမဆို ဖြစ်မဆို ဖြစ်နိုင်တယ်။” ဆိုတဲ့ စိတ်ဓာတ်ကို အစားထိုးလိုက်ပါ။ ဒီလိုစိတ်ဓာတ်ကို ပြောင်းလဲရုံနဲ့ ကိုယ်လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်တွေဆီကို တတ်လှမ်းဖို့ ခြေလှမ်းစပြီးသား ဖြစ်စေပါလိမ့်မယ်။ ဒီနှစ်မှာ ထိုက်သင့်တဲ့ တိုးတက်အောင်မြင်မှု လိုချင်ရင် မိတ်ဆွေတို့ရဲ့ စိတ်ကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ
Photo : Declutter The Mind
နှစ်သစ်မှာ အားအပြည့်နဲ့ ရှေ့ဆက် နိုင်ဖို့ မိတ်ဆွေတို့ အနေနဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ဂရုစိုက်ဖို့လိုပါတယ်။ ကျန်းမာရေးနဲ့အညီ ပြုမူနေထိုင်ပါ။ ကျန်းမာကြံ့ခိုင်သန်စွမ်းဖို့ ကိုယ်လက်လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပါ။ စိတ်ပိုင်းဆိုင်ရာကိုလည်း အလေးထားပါ။ စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် လျှော့ချပါ။ လိုအပ်လျှင် စိတ်ရောကိုယ်ပါ အနားပေးပါ။ စိတ်ရော ကိုယ်ပါ ကျန်းမာမှ ကိုယ်အလိုရှိရာကို ရယူဖို့ စွမ်းဆောင်နိုင်မှာပါ။ ဒါ့အပြင် ချစ်ခင်သူများနဲ့ အချိန်ကုန်ဆုံးပါ။ ကိုယ့်ကိုယ်ကို အတွက်လည်း အချိန်ပေးပါ။
မိတ်ဆွေတို့ရေ အခုဖော်ပြလိုက်တဲ့ ထုံးတွေကို နှလုံးမူပြီး ကိုယ့်ဘဝအတွက် တိုးတက်အောင်မြင်တဲ့ နှစ်တစ်နှစ်ဖြစ်အောင် နှစ်စမှ စတင်ပြီး အားအပြည့်နဲ့ ကြိုးစားလျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလျက်…………….
Featured Photo : PM Tips