ဂျာမန်တိုက်စစ်မှူး တီမိုဝါနာ ကတော့ ချဲလ်ဆီးကို ပြောင်းရွေ့ပြီး ၂ နှစ်အကြာမှာပဲ အသင်းဟောင်း လိုက်ပ်ဇစ် ကို ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ အာဘီလိုက်ပ်ဇစ်တို့ဟာ တိုက်စစ်မှူး တီမိုဝါနာအတွက် အပိုဆုကြေးအပါအဝင် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး အပြီးသတ်ပြောင်းရွေ့မှုမတိုင်မီ အင်္ဂါနေ့မှာ ဆေးစစ်မှုခံယူရမှာပဲ ဖြစ်ပါတယ်။

Photo : Daily Mail

အသက်၂၆ နှစ် ရှိပြီဖြစ်တဲ့ တီမိုဝါနာဟာ လိုက်ပ်ဇစ်မှာ ၄ နှစ်ကြာကစားခဲ့ပြီး ပွဲပေါင်း ၁၅၉ ပွဲမှာ သွင်းဂိုး ၉၅ ဂိုးအထိ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ပြီးတဲ့နောက် ၂၀၂၀ ခုနှစ်မှာတော့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄၇.၅ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး ပွဲပေါင်း ၈၉ ပွဲမှာ သွင်းဂိုး ၂၃ ဂိုးနဲ့ ဂိုးဖန်တီး ၂၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းမှာ ပထမတစ်နှစ်သာ ပုံမှန်နေရာရခဲ့ပြီး နည်းပြသော မတ်စ်တူချယ်ရဲ့ လက်အောက်မှာ ဝါနာရဲ့ အရေးပါမှုက တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။

တီမိုဝါနာအနေနဲ့ ရာသီကြို အမေရိကခရီးစဉ်အတွင်း အထူးသဖြင့် နိုဝင်ဘာလမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား မတိုင်မီ အသင်းမှာပွဲထွက် ကစားခွင့်ရလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်နဲ့ ဂျူဗင်တပ်စ်တို့က ဝါနာကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ဂျာမန်တိုက်စစ်မှူးကိုယ်တိုင်က အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ကိုပဲ ဦးစားပေး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက လွန်ခဲ့တဲ့ ၂ နှစ်က အသုံးပြုခဲ့တဲ့ တီမိုဝါနာအတွက် ပြောင်းရွှေ့ကြေး တစ်စိတ်တစ်ပိုင်းကို ပြန်လည်ရရှိဖို့နဲ့ ယခုနှစ်နွေရာသီမှာ ပြောင်းရွှေ့ကြေးအများအပြားသုံးစွဲထားတဲ့အတွက် ကစားသမားကို အငှားမချပဲ အပြီးရောင်းထုတ်ဖို့ကို ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။


Photo : Live News America

ချဲလ်ဆီးအသင်းဟာ ဒီနွေရာသီမှာ ရာဟင်စတာလင် ၊ ကာလီဒူ ကူလီဘာလေ ၊ ဂါဘရီရယ် ဆလိုနီနာနဲ့ မာ့ခ်ကူကူရယ်လာတို့ အတွက် ပေါင် ၁၇၅ သန်းအထိ သုံးစွဲထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လက်စတာကစားသမား ဝက်စလေ ဖိုဖာနာ ၊ ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်နဲ့ တိုက်စစ်မှူးတစ်ဦးတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာကြောင့် ကစားသမားတွေ ရောင်းမထုတ်မီ ချဲလ်ဆီးရဲ့အသုံးစရိတ်က ပေါင်သန်း ၃၀၀ ကျော်ရှိနေမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကွင်းလယ်တိုက်စစ်မှူး အူဘာမီယန်းကိုလည်း ချဲလ်ဆီးက ကမ်းလှမ်းထားပြီး ဆဲလ်ဘတ် ကြယ်ပွင့်တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကိုကို မန်ချက်စတာယူနိုက်တက်အပါအဝင် တခြားအသင်းတွေနဲ့အပြိုင် ချဲလ်ဆီးက စိတ်ဝင်စားလျက်ရှိပါတယ်။ မားကို့စ်အလွန်ဆိုဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့အလွန်နီးစပ်နေပြီး ကယ်လန်ဟတ်ဆန်အိုဒွိုင်းကလည်း အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ အငှားနဲ့ထွက်ခွာဖို့ ရှိနေပါတယ်။ ချဲလ်ဆီးနဲ့ အနာဂတ်မသေမချာဖြစ်နေတဲ့ ကစားသမားတွေထဲမှာ ဟာကင်ဇီယက်ချ် ၊ ကီပါ အရီဇာဘာလာဂါနဲ့ မာလန်ဆားတို့လည်း ပါဝင်နေပါတယ်။

Featured Photo : The Sun