ကိုယ် ပေး သော်လည်း ပေးတိုင်း ပြန်မရတဲ့အဖြစ်မျိုးကနေ ကင်းဝေး ဖို့ဆိုရင် ဘာတွေ လုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ။ ဘယ်သူ့ကိုမှ အကြွေး မချေးငှားဖို့ပါပဲ။ ကွီးတို့လည်း “ပြီးရင် ပြန်ဆပ်ပါ့မယ်ကွာ” ဆိုပြီး ခဏခဏ ပုံပြောခံရဖူးကြမလား။ ဒါဆိုရင် ဘာ့ကြောင့် မချေးငှားသင့်လဲ သင်ခန်းစာ ရလောက်ပြီလို့ ထင်ပါတယ်။
နောက်တစ်ချက်ကတော့ မချစ်သင့်တဲ့သူကို မချစ်မိဖို့ပါပဲ။
မချစ်သင့်တဲ့သူဆိုတာ ဘယ်လိုမျိုးလဲ။
ကိုယ့်ကို အပေါ်ယံပဲ ဂရုစိုက်ပြ၊ ကြင်နာပြပြီး နောက်ကွယ်မှာတော့ အခြားယောကျာ်းလေးတွေနဲ့ အကြည်ဆိုက်နေတာမျိုး၊ ကိုယ့်အတွက်ကို နည်းနည်းလေးမှ ထည့်မစဥ်းစားပေးဘဲ သူ့အတွက်ပဲ သူကြည့်တာမျိုး၊ ကွီးတို့ မကောင်းကြောင်းကို နောက်ကွယ်မှာ အတင်းချတာမျိုး၊ ကွီးတို့အပေါ်မှာ သစ္စာမရှိတဲ့သူမျိုး စတဲ့ အချက်တွေနဲ့ ပြည့်နှက်နေတဲ့သူကတော့ မချစ်သင့်တဲ့သူပဲဖြစ်ပါတယ်။ သူတို့ကို ချစ်မိသွားရင် ကွီးတို့ပဲ ခံစားရမှာပါ။ အသည်းကွဲတော့မှာ “ကိုယ် ပေးသော်လည်း ပေးတိုင်းပြန်မရတာ ဒါကို အချစ်လို့ ခေါ်သလား” ဆိုပြီး အသည်းကွဲသီချင်းနဲ့ နှစ်ပါးသွားနေရပါလိမ့်မယ်။
သူက ကိုယ့်ကို မချစ်တော့တဲ့အခါ ဘာဆက်လုပ်ရမလဲ
ကွီးတို့ ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ ထို Relationship ကို ကြိုးစားပြီး ပြင်ဆင်တာပါ။ နောက်တစ်ချက်ကတော့ လမ်းခွဲတာပါပဲ။
ပထမတစ်နည်းနဲ့ ကြိုးစားကြည့်ချင်တယ်ဆိုရင်တော့ ကွီးတို့ရဲ့ချစ်သူ ကောင်မလေးနဲ့ မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပါ။ ကွီးတို့ ဘယ်လိုခံစားနေရကြောင်း ပြောပြပါ။ ပြီးတော့ သူကရော ဘယ်လိုခံစားရသလဲ၊ ဘာတွေ တွေးနေသလဲဆိုတာကို မေးမြန်းပါ။ ကွီးတို့ နှစ်ယောက်စလုံး ကြုံတွေ့နေရတဲ့ ပြဿနာက ဘာလဲဆိုတာကို ရှာဖွေပါ။ ပြဿနာအတွက် အဖြေကို စုံတွဲလိုက် နှစ်ယောက်အတူတူ ရှာဖွေကြည့်ပါ။ အချိန်အတိုင်းအတာတစ်ခုအထိတော့ ကြာမှာပါပဲ။ ဒါပေမဲ့ ကွီးတို့ နှစ်ယောက်စလုံးဆီမှာသာ အတူတူ ကြိုးစားချင်တဲ့စိတ်ရှိရင် ပြန်လည်အဆင်ပြေသွားမှာပဲဖြစ်ပါတယ်။
တကယ်လို့ နှစ်ယောက်မှာ တစ်ယောက်ယောက်က အတူတူ မရှိချင်တော့ဘူးဆိုရင်တော့ ဒုတိယတစ်နည်းဖြစ်တဲ့ ထိုသမီးရည်းစား ဆက်ဆံရေးကို အဆုံးသတ်လိုက်တာ အကောင်းဆုံးပါပဲ။ အရာအားလုံးကို ပြတ်ပြတ်သားသား ဖြေရှင်းပြီး ချစ်ခဲ့တာတွေ အားလုံးကို အဆုံးသတ်လိုက်ပါ။ အချိန်အတိုင်းအတာတစ်ခုအထိတော့ ဝမ်းနည်းရမှာပါပဲ။ ဒါပေမဲ့ ဝမ်းနည်းစရာအချိန်မရှိအောင် ကိုယ့်ရဲ့ စွမ်းအင်တွေ၊ အာရုံတွေကို အလုပ်ထဲသို့ တွန်းပို့လိုက်ပါ။ ကိုယ့်ကို အမှန်တကယ် ဂရုစိုက်တဲ့လူတွေနဲ့ပဲ အချိန်ကုန်ပါ။ ကိုယ် ပျော်ရွှင်ရတဲ့အရာတွေပဲ ပြုလုပ်ပါ။ ဒါဆိုရင်တော့ ဒီကိစ္စတွေအားလုံးကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး ပျော်ရွှင်ရမှာပဲဖြစ်ပါတယ်။
အချစ်စစ် အချစ်မှန်တစ်ခု ရှာဖွေတွေ့ရှိဖို့အတွက် ဘာတွေ လုပ်ရမလဲ
အချစ်စစ် အချစ်မှန်တစ်ခုသည် အချိန်တန်ရင် သူ့အလိုလို ရောက်လာတတ်ပါတယ်။ ကွီးတို့က ဘာမှ အလောကြီးပြီး လျှောက်ရှာနေစရာမလိုပါဘူး။ တစ်ယောက်တည်း တစ်ကိုယ်တည်း လူပျိုကြီး ဘဝနဲ့ ပျော်လို့ရတုန်း ပျော်ထားလိုက်ပါ။ အချိန်တန်ရင် ကိုယ့်ကို တစ်ကယ်ချစ်တယ်လူ၊ ကိုယ်ကလည်း တကယ်ချစ်ရတဲ့သူသည် ကွီးတို့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ရောက်လာမှာပါ။ အဲ့ဒီ့အချိန်ကျမှ တစ်ယောက်တည်း Single ဘဝနဲ့ နေလို့ မဝသေးဘူးဆိုပြီး လုပ်လို့ မရတော့ပါဘူး။ အဲ့ဒီ့အချိန်ကျရင် ကွီးတို့အချစ်သည် အပေးအယူမျှပြီး သာယာပျော်ရွှင်ပြီး ကြည်နူးရတဲ့ Relationship တစ်ခုကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။
ကွီးတို့ရော ကိုယ် ပေး နေပေမယ့် ပေးတဲ့အတိုင်း ပြန်မရတဲ့အဖြစ်မျိုးကနေ ကင်းဝေး ဖို့ ဘယ်လိုတွေ လုပ်ဆောင်လေ့ရှိပါသလဲ။
Source: Wikihow
Featured Image: Freepik