ကွီးတို့အနေနဲ့ နေ့ရက်တိုင်းကို ဘယ်လိုဖြတ်သန်းပါသလဲ။ ပျော်ရွှင်ပါရဲ့လား။ အမြဲတမ်းမဟုတ်ရင်တောင် ကိုယ်လိုချင်တာကို ပိုင်ဆိုင်ရလို့ဖြစ်စေ ၊ ရယ်မောစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုခုကြောင့် ဖြစ်စေ ၊ သေးငယ်တဲ့အရာလေးတွေက ဖြစ်စေ ၊ ပျော်ရွှင်မှုကို ရရှိနိုင်ပါတယ်။ ပျော်ရွှင်မှု ကို လူတိုင်းလိုလားတောင့်ကြမှာပါ။ သို့သော်လည်း လူတိုင်း အမြဲတမ်း ပျော်ရွှင်နေကြတာတော့ မဟုတ်ပါဘူး။ ဘဝဆိုတာ အနိမ့်အမြင့် အတတ်အကျရှိတဲ့အတွက် စိတ်ညစ်စရာတွေ ၊ မပျော်ရွှင်မှုတွေလည်း ရှိနိုင်ပါတယ်။ လူအများစုဟာ ငွေကြေး သို့မဟုတ် ဇိမ်ခံပစ္စည်းများကဲ့သို့ အရာများက ပျော်ရွှင်မှုဆီသို့ ဦးတည်သည်ဟု ထင်ကြပါတယ်။ ဒါကမှန်ကောင်းမှန်နိုင်ပေမယ့် သေးငယ်တဲ့ အရာလေးတွေကနေလည်း ပျော်ရွှင်မှုကို ရရှိနိုင်ပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မပျော်ရွှင်ဘဲနိုင်ဘဲ ပျော်ရွှင်ခြင်းကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ့်ကျမှ ခက်ခဲနေတယ်လို့ ထင်နေသူများအတွက် ဒီဆောင်းပါးလေးက ကူညီပေးနိုင်မှာပါ။

ကိုယ့်ရဲ့ သဘောထားအမြင်ကို ပြောင်းလဲပစ်ပါ

ပျော်ရွှင်ခြင်းကို ပိုင်ဆိုင်နိုင်ဖို့

Photo : Thought Catalog

ကိုယ်ဘာကြောင့် မပျော်ရွှင်တာလဲဆိုတာ အဖြေရှာကြည့်ပါ။ လူတွေရဲ့ သဘာဝက ကောင်းမွန်တဲ့ အရာတွေထက် စိတ်ညစ်စရာတွေ ၊ စိတ်ဖိစီးမှုတွေကိုသာ အာရုံစိုက်မိတတ်တာ များပါတယ်။ ဒီအခါမှာ မကောင်းတဲ့ အရာတွေက ကိုယ့်ရဲ့ အတွေးတွေကို စိုးမိုးထားတာကြောင့် ပျော်ရွှင်မှုကို မရရှိနိုင်ပါဘူး။ တစ်နည်းပြောရရင် ကိစ္စရပ်များအပေါ် ကိုယ့်ရဲ့ စိတ်ထားတတ်မှုနဲ့ ဘဘောထားအမြင်များကလည်း ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း ၊ မပျော်ရွှင်ခြင်းအပေါ် သက်ရောက်မှု ရှိပါတယ်။ လူတိုင်းလူတိုင်းဟာ ဘဝမှာ အခက်အခဲတွေ ၊ အဆင်မပြေမှုတွေ ရင်ဆိုင်ရတာဟာ ဓမ္မတာပါပဲ။ ဒီလို ကျင်လည်ရတဲ့ နေ့စဉ်ဘဝတွေဟာ အမြဲလည်ပတ်နေတာ ဖြစ်တဲ့အတွက် စိတ်ညစ်စရာတွေ ၊ မပျော်ရွှင်မှုတွေကိုပဲ အာရုံစိုက်နေတာမျိုး မဖြစ်သင့်ပါဘူး။ ဘယ်လောက်ပဲ သေးငယ်တဲ့အရာဖြစ်ပါစေ ထိုကောင်းမွန်တဲ့အရာပေါ်မှာ အာရုံအပြည့်အဝ စိုက်လိုက်ပါ။ ဒီလို ကွီးတို့ရဲ့ သဘောထားအမြင်ကို ပြောင်းလဲလိုက်ခြင်းက မပျော်ရွှင်ခြင်းကို လျော့နည်းစေပါလိမ့်မယ်။

ခံစားချက်တွေကို ဝေမျှပါ

ပျော်ရွှင်ခြင်းကို ပိုင်ဆိုင်နိုင်ဖို့

Photo : South Chian Morining Post

တစ်ခါတစ်လေမှာ မပျော်ရွှင်ရတဲ့ အကြောင်းအရင်းက မိမိအခက်အခဲတွေ ၊ ရင်ဆိုင်ရတာတွေကို ရင်ထဲမှာသိမ်းထားပြီး တစ်ယောက်တည်း ခံစားနေရလို့ ဖြစ်ပါတယ်။ အခုအချိန်ကစပြီး ဒီလိုမလုပ်ပါနဲ့ ကွီးတို့ရဲ့ ချစ်ရသူတွေ ၊ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကိုယ့်ရဲ့ခံစားချက်တွေ ဝေမျှပါ။ ဒီလို ဝေမျှလိုက်ခြင်းက စိတ်ထဲက တင်းမာမှုတွေကို ပြေလျော့စေပြီး ကွီးတို့ရဲ့ ပြဿနာအတွက် အဖြေကို ရှာတွေ့စေပါလိမ့်မယ်။ ဒါ့အပြင် ခံစားချက်တွေ သက်တောင့်သက်သာ ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။

ခံနိုင်ရည်ကို တည်ဆောက်ပါ

ပျော်ရွှင်ခြင်းကို ပိုင်ဆိုင်နိုင်ဖို့

Photo : Mind Journal

ပျော်ရွှင်ဖို့ ကိုယ့်အတွက်ပဲ ခက်ခဲနေတယ်လို့ ထင်ပြီး မပျော်မရွှင် ဖြစ်နေတာက မိတ်ဆွေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားပေါ်မှာလည်းမူတည်ပါတယ်။ ဘဝရဲ့ အနိမ့်အမြင့် ၊ အတတအကျတွေကို ရင်ဆိုင်နိုင်ဖို့ ခံနိုင်ရည်အားကို တည်ဆောက်ထား သင့်ပါတယ်။ မိမိ စိတ်တွေ နာကျင်နေတဲ့ အချိန်မှာ အကျိုးရှိတဲ့အရာတစ်ခုကို ပြုလုပ်ပြီး အာရုံပြောင်းလိုက်ခြင်းက မိတ်ဆွေတို့ရဲ့ ခံနိုင်ရည်အားကို တိုးစေပါတယ်။ ဥပမာအားဖြင့် တရားထိုင်တာ ၊ စာရေးတာ ၊ ပန်းချီဆွဲတာ ၊ ကိုယ်ဝါသနာပါရာကို ပြုလုပ်တာ စတာလေးတွေ ပြုလုပ်ပေးနိုင်ပါတယ်။

ပြုံးပါ

Photo : Real Man Real Style

ပြုံးခြင်းက ကွီးတို့ရဲ့ ပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်တယ်ဆိုတာ သိပါသလား။ ကွီးတို့ ပြုံးလိုက်တဲ့အခါ ဦးနှောက်က စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ရာမှာ ကူညီပေးတဲ့ နျူရိုပက်တစ်ဒ်လို့ခေါ်တဲ့ သေးငယ်တဲ့ မော်လီကျူးတွေကို ထုတ်ပေးပါတယ်။ ထို့အတူ dopamine ၊ serotonin နှင့် endorphins ကဲ့သို့သော အခြားသော အာရုံကြောဓာတ်များကိုပါ ထုတ်လွှတ်ပေးပါတယ်။ ဒါ့အပြင် စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်တဲ့ ဟော်မုန်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လောက်ပဲ မပျော်ရွှင်နေပါစေ ၊ အားရပါးရ တစ်ခါလောက် ပြုံးကြည့်ပါ။

အတွေးလွန်မှုကို ထိန်းချုပ်ပါ

Photo : Live Way of Thinking

မပျော်မရွှင် ဖြစ်နေရတဲ့ အကြီးမားဆုံး အကြောင်းအရင်းများထဲက တစ်ခုကတော့ အတွေးလွန်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က မကြုံရသေးတဲ့ အနာဂတ်ကိုတွေးပြီး အတွေးပေါင်းစုံနဲ့ စိုးရိမ်ကြောင့်ကြ တတ်ပါတယ်။ အမှန်တကယ်တော့ အနာဂတ်ကိုတွေးပြီး ပူပန်နေတာ အလကားပါပဲ။ လက်ရှိပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ကာ အခုအချိန်ကစပြီး မလိုအပ်တဲ့အတွေးတွေကို ထိန်းချုပ်ကြည့်ပါ။ ဒီလိုပြုလုပ်ခြင်းက ကွီးတို့ရဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေသည်သာမက စိတ်ကိုလည်း ပေါ့ပါးစေပါတယ်။

ကွီးတို့ရေ ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်ရွေးချယ်ရတာဖြစ်ပြီး လူတိုင်းနဲ့ ထိုက်တန်တယ်ဆိုတာ နားလည်လက်ခံထားပါ။ ဒါ့ကြောင့် ကိုယ့်ကျမှ ပျော်ရွှင်ခြင်းကို ပိုင်ဆိုင်နိုင်ဖို့ ခက်ခဲနေရတယ်ဆိုတာ မဟုတ်ပါဘူး။ ကွီးတို့ ကိုယ်တိုင် ပျော်ရွှင်ချင်စိတ်ရှိဖို့နဲ့ အနည်းငယ်ပြောင်းလဲဖို့ပဲ လိုအပ်တာပါ။

Featured Photo : WHYY