ပွင့်လင်းရာသီ ရောက်လာပြီဆိုတော့ ကမ်းခြေ တွေဆီ အလည်အပတ်ခရီးသွားဖို့ အသင့်တော်ဆုံး အချိန်ပါပဲ။ ဒါပေမယ့် ပြည်တွင်းက ချောင်းသာ ၊ ငွေဆောင် ၊ ငပလီ ကမ်းခြေတွေပဲ ပတ်သွားနေရတာ ရိုးအီနေပြီဆိုရင် မြန်မာနိုင်ငံနဲ့ နီးနီးနားနား ထိုင်းနိုင်ငံက အလှဆုံးကမ်းခြေတွေဆီ အလည်အပတ် ခရီးထွက်လိုက်ရအောင်ပါ။ ဒီဆောင်းပါးလေးမှာတော့ ထိုင်းနိုင်ငံတဝှမ်းက သွားရောက်လည်ပတ်သင့်တဲ့ အလှဆုံး ကမ်းခြေတွေကို ပြောပြပေးချင်ပါတယ်။

(၁) Maya Bay

Maya Bay

Maya Bay ကတော့ မင်းသားကြီး Leonardo DiCaprio ရဲ့ ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ “The Beach” ရုပ်ရှင်ဇာတ်ကားထဲက ရိုက်ကွင်းနေရာလို့ လူသိများပါတယ်။ နှစ်စဉ် ကမ္ဘာတစ်ဝှမ်းက ခရီးသွားဧည့်သည်တွေ အများကြီး ရောက်လည်ပတ်ကြပြီး မျက်စိတဆုံး လှပလွန်းလှတဲ့ ပင်လယ်အော်ရဲ့ အလှနဲ့ သဘာဝရှုခင်းတွေကို ကိုယ်တိုင်ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ စွန့်စွန့်စားစား ဝါသနာပါသူတွေအတွက်လည်း မြင့်မားတဲ့ ချောက်ကမ်းပါးတွေပေါ်ကနေ ဒိုက်ဗင်လုပ်နိုင်သလို ပင်လယ်ကြမ်းပြင်က မြင်ရခဲတဲ့ ဖုံးကွယ်နေတဲ့ အလှတရားတွေကို ကိုယ်တွေ့မြင်တွေ့ရနိုင်ဖို့ Snorkeling လည်းလုပ်လို့ ရပါတယ်။

(၂) White Sand Beach

White Sand Beach

White Sand Beach ဆိုတာကတော့ ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ကမ္ဘောဒီးယားနိုင်ငံနဲ့ နီးကပ်တဲ့ Ko Chang မှာတည်ရှိတဲ့ ထိုင်းနိုင်ငံရဲ့ အလှဆုံး ကမ်းခြေတွေထဲက တစ်ခုပါပဲ။ White Sand Beach ဟာ Ko Chang ရဲ့ နာမည်အကြီးဆုံးနဲ့ အစည်ကားဆုံး ကမ်းခြေတစ်ခု ဖြစ်ပါတယ်။ လှပတဲ့ သဲဖြူသောင်ပြင် ၊ ပင်လယ်ပြင်ကြီးနဲ့အတူ အပန်းဖြေ စခန်းတွေ ၊ ထူးခြားတဲ့ ဘန်ဂလိုတွေအများကြီး ရှိပြီး ကမ်းခြေတစ်လျှောက် အနားယူအပန်းဖြေစရာ ဘားနဲ့ စားသောက်ဆိုင်တွေလည်း အများအပြား တည်ရှိနေတဲ့ အမိုက်စား ကမ်းခြေ တစ်ခု ဖြစ်ပါတယ်။

(၃) Hat Pramong

Hat Pramong

Hat Pramong ကိုတော့ Sunset ကမ်းခြေလို့ပင် လူသိများပါတယ်။ ဒီကမ်းခြေဟာ သူ့ရဲ့နာမည်လေးအတိုင်းပဲ အနောက်ဘက်သို့ မျက်နှာမူနေပြီး ရင်သပ်ရှုမောဖွယ် နေဝင်ဆည်းဆာအလှကို ခံစားနိုင်မယ့် ထိုင်းနိုင်ငံအတွင်းက အလှဆုံးကမ်းခြေ တစ်ခုပါပဲ။ ကြီးကျယ်ခမ်းနားတဲ့ ဟိုတယ်ကြီးတွေ ၊ အပန်းဖြေစခန်းတွေ မရှိပေမယ့်လည်း ခရီးသွားတွေအနေနဲ့ သက်တောင့်သက်သာရှိတဲ့ ဘန်ဂလိုလေးတွေ ၊ တဲအိမ်လေးတွေမှာ အနားယူတည်းခိုနိုင်ပြီး အေးချမ်းသာယာစွာနဲ့ သဘာဝဆန်ဆန် ခံစားချက်ကို အပြည့်အဝ ခံစားနိုင်မှာ ဖြစ်ပါတယ်။

(၄) Patong Beach

Patong Beach ကတော့ ပျော်စရာတွေ ပြည့်နှက်နေတဲ့ သုခဘုံတစ်ခုလို့ တင်စားရမှာပါ။ ကမ်းခြေ တစ်လျှောက်မှာ နိုက်ကလပ်တွေ ၊ စားသောက်ဆိုင်တွေ ၊ ဘားတွေနဲ့ ပြည့်နှက်နေပြီး ခရီးသွားတွေနဲ့ အမြဲကြိတ်ကြိတ်တိုး စည်ကားနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ၂.၂ မိုင် ရှည်လျားတဲ့ Patong ကမ်းခြေမှာ ဂျက်စကီးစီးခြင်း ၊ လေဟုန်စီးခြင်းတွေကဲ့သို့ စွန့်စားခန်းဖွင့်နိုင်မယ့် ပျော်စရာ Activities တွေ အများကြီး လုပ်နိုင်သလို ဒေသထွက် အမှတ်တရ အရောင်းဆိုင်တွေကို သွားရောက်ပြီးလည်း ထိုင်းနိုင်ငံ လက်မှုပညာ ချစ်စရာအမှတ်တရ ပစ္စည်းလေးတွေ အိမ်ပြန်လက်ဆောင် ဝယ်ယူလို့ ရပါတယ်။

Featured Photo : Travel with Expedia Philippines