အယ်လ်နာဆာကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့လတုန်းက အယ်လ်ရှာဘက် ကို ၃ -၂ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း ပြိုင်ဘက်အသင်းပရိသတ်တွေကို မဖွယ်မရာ အပြုအမူ လုပ်ပြခဲ့တာကြောင့် တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ပေါ်တူဂီသားကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သတ်လို့ ရှက်စရာ မဟုတ်သလို ဥရောပမှာတော့ ဒါကပုံမှန်ပဲလို့ စောဒက တက်ခဲ့ပါတယ်။

Cristiano Ronaldo

Photo : Goal.com

အဆိုပါ ပွဲစဉ်အတွင်း ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ပင်နယ်တီကနေ အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီးနောက် အောင်ပွဲခံနေစဉ်မှာ ပြိုင်ဘက်အသင်း အယ်လ်ရှာဘတ် ပရိသတ်တွေက မက်ဆီရဲ့နာမည်ကို သံပြိုင်ကြွေးကြော်ခဲ့တာကြောင့် ဒီလိုရိုင်းပျတဲ့ အမူအရာမျိုး တုန့်ပြန်ခဲ့တာဖြစ်ပြီး ဆော်ဒီအာရေဗျ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ရော်နယ်ဒို ကို တစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ပေါင် ၆၃၀၀ ဒဏ်ရိုက်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို အနေနဲ့ ဆော်ဒီအာရေဗျ ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းကမ်းနဲ့ ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများ ပုဒ်မ ၅၇-၁ ကို ချိုးဖောက်ခဲ့တာကြောင့် အခုလို ပြစ်ဒဏ် စီရင်ချက်ချမှတ်ခံခဲ့ရတာပါ။ ရော်နယ်ဒိုကတော့ ဒဏ်ငွေနဲ့ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရပြီးနောက် သူ့ရဲ့အပြုအမူနဲ့ပတ်သတ်ပြီး စော်ကားဖို့ မရည်ရွယ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရှင်းပြသွားခဲ့ပါတယ်။

” ကျွန်တော်အနေနဲ့ နိုင်ငံတိုင်းရဲ့ ယဉ်ကျေးမှုတွေကို ဒီနေ့ထိတိုင် အမြဲလေးစားပါတယ်။ ဒါပေမယ့် လူတွေမြင်နေရတာက လက်တွေ့မှာ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ကျွန်တော် ပြောခဲ့သလို ထပ်ပြောရမယ်ဆိုရင် ကျွန်တော်အနေနဲ့ ဒီလိုအပြူအမူမျိုး ဒီနိုင်ငံမှာ ထပ်လုပ်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ဥရောပမှာဆိုရင် တကယ်ကို ပုံမှန်ပါ။ တခါတလေမှာ ပွဲရဲ့ စိတ်အားထက်သန်မှုနဲ့ စိတ်လှုပ်ရှားမှုတွေက ကျွန်တော်တို့ကို အမှားအယွင်းတွေ လုပ်မိစေပါတယ် ”

” ကျွန်တော် ကလပ်အသင်း အားလုံးအပေါ်လေးစားမှု ရှိပါတယ်။ ပွဲအပြီး ပျော်ရွှင်မှုအနေနဲ့ ကျွန်တော်တို့ရဲ့ ခွန်အားနဲ့ အောင်ပွဲခံမှုကို ထုတ်ဖော်ပြသတာပါ။ ဒါဟာ ရှက်စရာ မဟုတ်ပါဘူး။ ဥရောပမှာတော့ ကျွန်တော်တို့ လုပ်နေကြပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

Cristiano Ronaldo

Photo : SPORTbible

ရော်နယ်ဒိုဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် အယ်လ်ဟာဇမ်နဲ့ ၄-၄ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ရော်နယ်ဒို ကတော့ လက်ရှိမှာ အယ်လ်နာဆာအသင်းနဲ့အတူ အံ့အားသင့်စရာကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေပြီး ပြိုင်ပွဲစုံသွင်းဂိုး ၂၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ထားပါတယ်။

အယ်လ်နာဆာအသင်းကတော့ ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ အယ်လ်ဟီလာလ်နဲ့ ၁၂ မှတ်အကွာ ဒုတိယနေရာမှာ ရှိနေပြီး တနင်္လာနေ့ညမှာတော့ အယ်လ်အိန်အသင်းနဲ့ အေအက်ဖ်စီချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ကစားသွားရမှာ ဖြစ်ပါတယ်။

Featured Photo : SPORTbible