အိပ်ရာထဲ ဝင်တာနဲ့ ဖုန်းသုံးပြီး ဆိုရှယ်မီဒီယာတွေ တစ်ခုကနေ တစ်ခု ဝင်လိုက် ထွက်လိုက်နဲ့ အလုပ်ရှုပ်နေပါသလား။ ဒီလိုမျိုး ညအိပ်ရာဝင်ခါနီးမှာ ဖုန်း အမြဲသုံးခြင်းသည် ကျန်းမာရေး အတွက် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်စေပါတယ်။ မိမိရဲ့ဖုန်းကို ဧည့်ခန်း (သို့) အခြား အခန်းတစ်ခန်းခန်းမှာ ထားထားခဲ့ဖို့ကလည်း မဖြစ်နိုင်တော့ နောက်ဆုံးမှာ အိပ်ရာပေါ်မှာပဲ ဖုန်းသုံးလျက်သား ဖြစ်သွားပါတော့တယ်။
ဒီလိုမျိုး အိပ်ရာဝင်ခါနီးမှာ ဖုန်း အမြဲသုံးတဲ့အခါ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေကို ဘယ်လိုကြုံတွေ့နိုင်မလဲဆိုတော့ …
မျက်စိကျန်းမာရေးကို ထိခိုက်နိုင်ခြင်း

ညအိပ်ရာဝင်ချိန်မှာ ဦးနှောက်ရော မျက်လုံးကိုပါ အနားပေးရမှာ ဖြစ်ပါတယ်။ ကိုယ့်မျက်လုံးကို အနားမပေးဘဲ ဖုန်းချည်းပဲ ဆက်တိုက်သုံးနေတဲ့အခါ မျက်စိ ကြွက်သားများ ညောင်းညာလာပြီး အမြင်အာရုံချို့ယွင်း လာပါလိမ့်မယ်။ မျက်လုံး သူငယ်အိမ် စောင်းခြင်း၊ မျက်စိ ပါဝါတိုးလာခြင်းတို့ ကြုံတွေ့ရနိုင်ပါတယ်။ အမြင်အာရုံ ချို့ယွင်းခြင်းမှ တားဆီးဖို့အတွက်ဆိုလျှင် ညဘက်မှာ အမှောင်ကြီးထဲ ဖုန်းသုံးခြင်းကို ရှောင်ကြဉ်ပါ။ ဖုန်းကိုလည်း အကြာကြီးမသုံးဘဲ ဘယ်အချိန်လောက်အထိပဲ သုံးမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဖြတ်ထားပါ။ ဖုန်းရဲ့ မျက်နှာပြင်အလင်းရောင်ကိုလည်း လျော့ထားလိုက်ပါ။
အိပ်ရေးပျက်စေခြင်း

တစ်နေ့တာလုံး ပင်ပန်းပြီး အိပ်ရာပေါ်မှာ လှဲလျောင်းလိုက်တဲ့အခါ တစ်နေ့ခင်းလုံးမှာ ဘာသတင်းတွေများ လွတ်သွားသလဲဆိုတာ သိချင်စိတ် ရှိကြမှာပါပဲ။ ဒီလိုနဲ့ပဲ ဟိုသတင်းလေး ဖတ်လိုက်၊ ဒီသတင်းလေး ဖတ်လိုက်နဲ့ နောက်ဆုံးမှာတော့ အချိန် ကုန်လို့ ကုန်မှန်းမသိ ဖြစ်သွားပါတယ်။ နာရီကြည့်လိုက်တော့ အိပ်ရာမယ့်အချိန်ထက် အတော်လေးကို နောက်ကျနေတာမျိုး ဖြစ်သွားပါပြီ။
ဒါသည် ဘာ့ကြောင့်ဖြစ်ရသလဲဆိုရင် ဖုန်းရဲ့ အပြာရောင်အလင်းတန်းသည် အမြင်အာရုံအပေါ် သက်ရောက်မှုရှိပြီး အိပ်စက်မှုစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေလို့ပဲဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အိပ်စက်မှုစက်ဝန်းကို ထိခိုက်လာတဲ့အခါ အိပ်မရရောဂါ ဖြစ်လာပါလိမ့်မယ်။
လည်ပင်း ညောင်းညာ ကိုက်ခဲစေခြင်း

ညဘက်မှာ ဖုန်းသုံးကာ အိပ်ရာဝင်သွားပြီး မနက်ဘက် နိုးလာတဲ့အခါ လည်ပင်းတစ်ခုလုံးက ညောင်းညာကိုက်ခဲနေသလို ခံစားရပါသလား။ ဖြစ်နိုင်ချေရှိတာကတော့ သင့်ဖုန်းကြောင့် ဖြစ်နိုင်ပါတယ်။ ညဘက်မှာ ဖုန်း ကြည့်ထားတဲ့အတွက်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးအနေနဲ့ ခံစားရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းအကြာကြီး ကိုင်ထားတဲ့အခါ လက်နှစ်ဖက်သည်လည်း ညောင်းညာလာနိုင်ပြီး ကြာရင် အာရုံကြောပါ ထိခိုက်လာနိုင်ပါတယ်။
အသားအရေနှင့် အရေးအကြောင်းများပေါ်ခြင်း

ညဘက်မှာ နောက်ကျမှ အိပ်ရာဝင်တဲ့အတွက် အသားအရေသည်လည်း အရေးအကြောင်းများဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ကြာလာတာနဲ့အမျှ သင့်ရဲ့ရှိရင်းစွဲ ရုပ်ရည်ထက် ပိုမိုအိုစာနေမှာ ဖြစ်ပါတယ်။
ညဘက်မှာ ဖုန်း သုံးခြင်းကြောင့် ဒီလို ကျန်းမာရေး ဆိုးကျိုးတွေ ခံစားရနိုင်တယ်ဆိုတာကို သိပြီးပြီဆိုတော့ ဒီအကျင့်ဆိုးကို ဖျောက်ဖျက်သင့်ဖို့တော့ လိုပါပြီ။
Source: Brightside
Featured Image: Albawaba
