ကျွန်တော်တို့ တစ်ခါတစ်လေမှာ မတော်တဆ လွတ်ကျမိလို့ဖြစ်ဖြစ် ဖုန်း Screen ကွဲအက်သွားပေမယ့် ချက်ချင်းသွားမပြင်ပဲ ဆက်သုံးနေမိတာမျိုး လုပ်မိတက်ကြပါတယ်။ Screen ကွဲနေတဲ့ ဖုန်းကို အသုံးပြုနေတာဟာ အပေါ်ယံကြည့်မယ်ဆိုရင်တော့ သိပ်ပြီး ပြဿနာမရှိဘူး ထင်ရပေမယ့် တကယ်တမ်းတော့ စမတ်ဖုန်း တွေနဲ့ ပတ်သတ်ပြီး ဒါဟာ လုံးဝရှောင်ရှားရမယ့် အချက်တစ်ခုပါ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ Screen ကွဲအက်နေတဲ့ ဖုန်းကို ဆက်ပြီး အသုံးပြုနေမယ်ဆိုရင် ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုးအန္တရာယ်တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဖုန်းကိုပျက်စီးသွားစေနိုင်တယ်

Photo : PremiumBeat

Screen ကွဲနေတဲ့ ဖုန်းကို မပြင်ပဲ ဆက်သုံးနေခြင်းက ဖုန်းရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ အချိန်ကြာလာနဲ့ အမျှ ဖုန်းရဲ့ ထိတွေ့မျက်နှာပြင် စွမ်းဆောင်ရည် ကျဆင်းလာပြီး Touch အပိုင်း ကောင်းကောင်း အလုပ်မလုပ်တော့တာမျိုး ဖြစ်တက်ပါတယ်။ နောက်တစ်ခုက ကွီးတို့ရဲ့ လက်ချောင်းတွေကထွက်တဲ့ အဆီတွေ ၊ ဖုန်နဲ့ အညစ်အကြေးတွေက Screenအက်ကွဲကြောင်းတွေအတွင်း ဝင်ပြီး တစ်စထက်တစ်စ ဖုန်းရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေကိုပါ ထိခိုက်ပျက်စီးလာစေမှာ ဖြစ်ပါတယ်။

(၂) စက်ရဲ့ အတွင်းဘက် အစိတ်အပိုင်းတွေကို ပျက်စီးလွယ်စေတယ်


Photo : TechNewsWorld

ဖုန်း Screen ဆိုတာ တစ်နည်းအားဖြင့် စက်ရဲ့ အတွင်းဘက် အစိတ်အပိုင်းတွေကို ကာကွယ်မှုပေးနေတာပါ။ Screen ကွဲအက်သွားပြီဆိုတာနဲ့ ကာကွယ်နိုင်စွမ်းတွေလည်း အရင်ကထက် လျော့ကျသွားပြီပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဖုန်း Screen ကွဲနေပါက စိုစွတ်နေတဲ့ တစ်ရှုး ၊ အဝတ်စတွေနဲ့ သန့်ရှင်းရေး မလုပ်မိဖို့ အကြံပြုချင်ပါတယ်။ ဘာလို့ဆို Screenအက်ကွဲရာတွေကနေ တဆင့် ရေတွေအလွယ်တကူ စိမ့်ဝင်နိုင်ပြီး စက်ရဲ့ အတွင်းဘက် အစိတ်အပိုင်းတွေကိုပါ ပျက်စီးလွယ်စေနိုင်လို့ ဖြစ်ပါတယ်။

(၃) လက်ချောင်းတွေကို ဒဏ်ရာရစေနိုင်တယ်


Photo : Today Show

ကွဲအက်နေတဲ့ ဖုန်းScreen နေရာကို ကွီးတို့ရဲ့ လက်နဲ့ ထိတွေ့အသုံးပြုတဲ့အခါ မတော်တဆ ဒဏ်ရာအနာတရ ရနိုင်ခြေအများဆုံး ရှိပါတယ်။ ကွဲအက်နေတဲ့ ဖုန်း ရဲ့ Screen ပေါ်မှာ မှန်ကွဲစတွေ ၊ သေးငယ်ပြီး ပြတ်ရှလွယ်တဲ့ အက်ကွဲရာတွေရှိနေတာကြောင့် အသုံးပြုတဲ့အခါမှာ လက် ချောင်းတွေကို ထိခိုက်ဒဏ်ရာများ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

(၄) မျက်လုံးကို ထိခိုက်စေနိုင်တယ်


Photo : Nation.com

အခုနောက်ဆုံးပေါ် စမတ်ဖုန်းတွေမှာ အသုံးပြုသူတွေကို ထူးခြားတဲ့ အတွေ့အကြုံတွေ ပေးစွမ်းနိုင်ဖို့ ကြည်လင်ပြတ်သားတဲ့ စွမ်းဆောင်ရည်မြင့် Display တွေကို အသုံးပြုလာကြပါတယ်။ ဒါပေမယ့် HD Screen တွေ ကွဲအက်သွားတဲ့အခါ ကြည့်ရတာ လုံးဝအဆင်မပြေတော့ပဲ မျက်လုံးနာခြင်း ၊ မျက်စိယားယံခြင်းတွေ ဖြစ်စေနိုင်ပြီး မျက်လုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

(၅) ယာဉ်တိုက်မှု ဖြစ်စေနိုင်တယ်

Photo : Fix Auto USA

ကွီးတို့က GPS ဖွင့်ပြီး ကားမောင်းလေ့ရှိ သူတစ်ယောက်ဆိုရင်တော့ မှန်ကွဲနေတဲ့ ဖုန်းတွေကိုအသုံးမပြုဖို့ အရေးကြီးပါတယ်။ Screenကွဲနေတဲ့ ဖုန်းတွေကနေ တဆင့် GPS ကြည့်ပြီး ကားမောင်းတာက အာရုံစူးစိုက်နိုင်စွမ်းကို အနှောက်အယှက် ဖြစ်စေတာကြောင့် ယာဉ်တိုက်မှု ပိုဖြစ်နိုင်ခြေ များပါတယ်။

Featured Photo : Nation.com