ရုပ်ရှင်ကားတွေထဲမှာ လူတွေရဲ့ စိတ်ကို ထိခိုက်အလွယ်ဆုံး ရုပ်ရှင်အမျိုးအစားက ဖြစ်ရပ်မှန်အခြေခံတဲ့ ရုပ်ရှင်အမျိုးအစားတွေ ဖြစ်မယ် ထင်ပါတယ်။ Documentary စာရင်းထဲမှာ ထည့်ပြောကြပေမယ့် ဖြစ်ရပ်မှန်အခြေခံပြီး ရုပ်ရှင်ရှုထောင့်ကနေ ပြန်မွမ်းမံထားတဲ့ ဇာတ်ကားတွေက ပိုပြီး ရသမြောက်သလို ပရိသတ်ကိုလည်း ပိုပြီး ဖျော်ဖြေပေးနိုင်စွမ်းရှိပါတယ်။ ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင် ကားကောင်းတွေ လက်ညိုးထိုးမလွဲ ပေါ်ထွက်ခဲ့ပါတယ်။ ဒီလို ရုပ်ရှင်ကားပေါင်းများစွာထဲကနေ ပြန်ခွဲထုတ်ပြီး ၄-၅ ကားစာ စာရင်းပြန်ဖော်ပြတာကတော့ ဘယ်လိုမှ ခြုံငုံမိစရာ မရှိပါဘူး။ ဒါပေမယ့်လည်း ကွီးတို့ကို ကြည့်စေချင်တဲ့ True Stories နောက်ခံ ရုပ်ရှင်ကားတွေထဲက တချို့အကြောင်းကိုတော့ ဒီတစ်ခေါက် မျှဝေပေးလိုက်ပါတယ်။
(၁) Lincoln
Photo: town and country mag
အမေရိကန်ပြည်ထောင်စုရဲ့ ၁၆ ဆက်မြောက် သမ္မတကြီး အေဗရာဟမ် လင်ကွန်းဆိုရင် တစ်ကမ္ဘာလုံးက သိကြမှာပါ။ Lincoln ရုပ်ရှင်ကားကတော့ ၁၈၆၅ နှစ်ဆန်းပိုင်း လုပ်ကြံမခံရခင် ကာလတွေကို ဇာတ်အိမ်တည်ထားတာပါ။ ကျွန်စနစ်ဖျက်သိမ်းရေး ရခဲ့တဲ့ ၄ နှစ်ကြာ ပြည်တွင်းစစ်အတွင်း သမ္မတလင်ကွန်းရဲ့ အခက်အခဲဆုံးနှစ်များအကြောင်းကို ဒန်နီယယ်ဒေးလူးဝစ်က လင်ကွန်းနေရာကနေ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
ကျွန်စနစ်ဖျက်သိမ်းရေးအတွက် ၁၃ ကြိမ်မြောက် ဥပဒေပြင်ဆင်မှုကို အတည်ပြုဖို့ ကြိုးပမ်းခဲ့တဲ့ သမ္မတလင်ကွန်းဇာတ်ရုပ်နဲ့ပဲ မင်းသားကြီး ဒန်နီယယ်ဒေး လူးဝစ်စ်လည်း အကောင်းဆုံးဇာတ်ဆောင်ဆု (အကယ်ဒမီ) ရခဲ့ပါတယ်။ ဒီအရင်ကလည်း My Left Foot (1989) ၊ There Will Be Blood (2007) ရုပ်ရှင်ကားတွေမှာ အမျိုးသားဇာတ်ဆောင်ဆု (အကယ်ဒမီဆု) နှစ်ကြိမ်ရထားခဲ့တာပါ။ Lincoln ရုပ်ရှင်ဟာ သမိုင်းဝင်ရုပ်ရှင်တစ်ကားဖြစ်လာခဲ့သလို ဒီကားဟာလည်း စတီဗင်စပီးလ်ဘာ့ဂ်ရဲ့ အကောင်းဆုံး ရုပ်ရှင် ကားတွေထဲက တစ်ကားအဖြစ် ညွှန်းခံထားရပါတယ်။
(၂) A Beautiful Mind
Photo: town and country mag
အတ္ထုပ္ပတ္တိရုပ်ရှင်တွေထဲမှာ နောက်ထပ် ပရိသတ်စွဲလမ်းကြတဲ့ ဇာတ်ကားတစ်ကားက နိုဘဲလ်ဆုရှင် သင်္ချာနဲ့ စီးပွားရေးပညာရှင် ဂျွန်နက်ရှ်အကြောင်း ရိုက်ကူးထားတဲ့ A Beautiful Mind ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ပူလစ်ဇာဆုရ ဆိုင်ဗီးယား နာဆာရဲ့ A Beautiful Mind ဝတ္ထုကို ရုပ်ရှင် ပြန်ရိုက်ထားတာ ဖြစ်ပြီး မင်းသားကြီး ရပ်ဆဲလ်ကရိုဝီက ဉာဏ်ကြီးရှင် နဲ့ စိတ်ကစဉ့်ကလျား ဝေဒနာခံစားသွားရတဲ့ ဂျွန်နက်ရှ်နေရာကနေ သရုပ်ဆောင်ထားပါတယ်။
A Beautiful Mind က ငွေကြေးအရလည်း အောင်မြင်ခဲ့သလို အကောင်းဆုံးဓါတ်ပုံဆု ၊ အကောင်းဆုံး ဒါရိုက်တာဆု ၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆု (ဂျန်နီဖာ ကော်နယ်လီ) ဆိုပြီး အကယ်ဒမီဆု ၄ ဆု ချိတ်ခဲ့တဲ့ ကားလည်း ဖြစ်ပါတယ်။ ဆန်ကာတင်မှာတော့ အကောင်းဆုံးသရုပ်ဆောင်ဆု ၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ၊ အကောင်းဆုံး မိတ်ကပ်ဆုနဲ့ အကောင်းဆုံးနောက်ခံတေးဂီတဆုတွေလည်း ဝင်ခဲ့ပါတယ်။
(၃) Ray
Photo: town and country mag
သီချင်းလည်း ဆိုသလို တီဗွီရှိုးတွေနဲ့လည်း နာမည်ကြီးတဲ့ မင်းသား ဂျေမီဖောက်ကို Amazing Spider-Man 2 (၂၀၀၄) မှာ Electro ဗီလိန်အဖြစ် သိကြမှာပါ။ တကယ်က သူဟာ ဂရမ်မီဆုရ အဆိုတော် ဖြစ်သလို Billboard Top 200 မှာ ထိပ်တန်း ၁၀ နေရာစာရင်းဝင် သီချင်းအယ်လ်ဘမ်တွေ ဖြစ်တဲ့ Unpredictable ၊ Intuition ၊ Best Night Of My Life နဲ့ Hollywood: A Story Of A Dozen Roses အခွေတွေကြောင့်လည်း ထင်ရှားကျော်ကြားပါတယ်။
ဂီတလောကသားတစ်ဦးလည်း ဖြစ်တဲ့ ဟောလီးဝုဒ်ရုပ်ရှင်မင်းသားကြီးဟာ ၂၀၀၄ ခုနှစ်မှာ အတ္ထုပ္ပတ္တိဆန်ဆန် Musical Drama ရုပ်ရှင်ကားတစ်ကား ရိုက်ခဲ့ပါတယ်။ အဲ့ဒါကတော့ Rhythm & Blues ဂီတပညာရှင် ရေးလ်ချားလ်စ်ရဲ့ဘဝကို ပုံဖော်ထားတဲ့ Ray ဆိုတဲ့ ရုပ်ရှင်ပါ။ ဒီရုပ်ရှင်ဟာ ဒေါ်လာ သန်း ၄၀ အကုန်အကျခံ ရိုက်ကူးခဲ့ပြီး တစ်ကမ္ဘာလုံးမှာ ရုံတင်ငွေ ဒေါ်လာ ၁၂၄.၇ သန်းအထိ ရခဲ့တဲ့ ဇာတ်ကားဖြစ်သလို ၇၇ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု (အကယ်ဒမီ)ကိုလည်း ဂျေမီဖောက်နဲ့ ထိုက်ထိုက်တန်တန် ရခဲ့ပါတယ်။ Musical Drama ချစ်သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင် ကားကောင်းတစ်ကားလို့ ညွှန်းပါရစေ။
(၄) The Irishman
Photo: town and country mag
ကြည့်ဖူးသူတိုင်း ကြိုက်ကြသည် ဆိုတဲ့ ဇာတ်ကားမျိုးက ရှားပါလိမ့်မယ်။ The Irishman က အဲ့ဒီလို ရှားပါးရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ အိမ်တွေကို ဆေးသုတ်သမား (လူသတ်ပေးသူ) လို့ ခေါ်တဲ့ ဒုတိယကမ္ဘာစစ်ပြန် ဖရန့်ခ် ရှီယန်ဟာ အီတလီ-အမေရိကန်မာဖီးယားဂိုဏ်းရဲ့ အရေးပါတဲ့ လူသတ်သမားဖြစ်လာပါတယ်။ အစက ဖီလာဒီဖီးယားသား ရှီယန်ဟာ သမဂ္ဂပို့ဆောင်ရေးထရပ်ကားမောင်းသူတစ်ယောက်ဖြစ်ခဲ့ရာကနေ ရပ်ဆဲလ် ဘူဖာလီနိုရဲ့ လူယုံမိတ်ဆွေဖြစ်လာခဲ့ပါတယ်။ နောက်တော့ ဂျင်မီဟော့ဖာဆိုတဲ့ အမေရိကန်ကုန်ကားမောင်းသူများအသင်းဥက္ကဌအတွက် ကိုယ်ရံတော်အဖြစ် ရှုပ်ထွေးနက်နဲလှတဲ့ဘဝတွေကို ဖြတ်သန်းခဲ့ရပါတယ်။
ဒီဇာတ်လမ်းက တကယ်ရှိခဲ့တဲ့ လူတွေနဲ့ ဖြစ်ရပ်တွေအကြောင်းကို ရုပ်ရှင်သမားတွေက ပြန်ပြီး ဇာတ်အိမ်ဖွဲ့ရိုက်ထားတာပါ။ The Irishman မှာ သရုပ်ဆောင်တဲ့ ပုဂ္ဂိုလ်တွေကလည်း တကယ့်ကို ထိပ်ထိပ်ကြဲ နာမည်ကြီးလှတဲ့ ရောဘတ်ဒီနီရိုး ၊ အယ်ပါစီနို ၊ ဂျိုးပက်စီ တို့ဖြစ်ပြီး ရုပ်ရှင်အပေါ် အုတ်အော်သောင်းနင်း ချီးကျူးခဲ့ကြပါတယ်။ အော်စကာအတွက် Nomination ၁၀ ဆု ဝင်ခဲ့ပြီး Academy Award မရခဲ့ပေမယ့် အဖိုးကြီး ၃ ယောက်ရဲ့ သရုပ်ဆောင်မှုအထာဟာ အော်စကာထက်ကို ထိုက်တန်ပါပေတယ်လို့ လက်ခံခဲ့ကြရပါတယ်။ ဒီကားကလည်း မဖြစ်မနေ ကြည့်သင့်တဲ့ ရုပ်ရှင် ကားတစ်ကားလို့ ပြောချင်ပါတယ်။
(၅) King Richard
Photo: town and country mag
ထွက်ထားတာ မကြာသေးတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ကားကောင်းတစ်ကားပါ။ ကမ္ဘာကျော်တင်းနစ်ချန်ပီယံ ဆရီနာ ဝီလျံစ် နဲ့ ဗီးနပ်စ် ဝီလျံစ်တို့ရဲ့ ဖခင် ရစ်ချတ်ဝီလျံစ်အကြောင်း ရိုက်ထားတာပါ။ ကမ္ဘာကျော် ဝီလျံစ်ညီအစ်မနှစ်ဦးကို ဘယ်လို ပြုစုပျိုးထောင် ပုံသွင်းခဲ့သလဲဆိုတာကို ဒီရုပ်ရှင်မှာ ကြည့်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထင်သလောက် ပျော်စရာမကောင်းတဲ့ ချန်ပီယံတို့ရဲ့ ငယ်ဘဝပျိုးထောင်မှုအကြောင်းနဲ့ ရစ်ချတ်ဝီလျံစ်ရဲ့ စရိုက်အကြောင်းကို ဒီရုပ်ရှင်က ဖော်ပြပါတယ်။
ရစ်ချတ်အဖြစ် မင်းသားကြီး ဝီလ်စမစ်က သရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်နဲ့ ဒီနှစ် အကယ်ဒမီဆုပေးပွဲမှာ အော်စကာ Nomination ဝင်ထားပါတယ်။ ရုပ်ရှင်ကို စပြီး ရုံတင်တဲ့နေ့က အင်တာဗျူးမှာ ဝီလ်စမစ်က “ကျွန်တော်ကတော့ သူ့သမီးကို ကာကွယ်ပေးနေတဲ့ ဖခင်တစ်ယောက်အကြောင်း ကမ္ဘာကြီးကို ချပြချင်ခဲ့တာပါ။” လို့ ပြောထားပါတယ်။ ရုပ်ရှင်နဲ့ အတူ စီးမျောခံစားတာက ရသကို အပြည့်အဝဖော်ညွှန်းနိုင်ပါလိမ့်မယ်။
အခုပြောခဲ့တဲ့ ရုပ်ရှင်တွေအပြင် ဖြစ်ရပ်မှန် အခြေခံ ရုပ်ရှင် ကားကောင်းတွေထဲမှာ လက်မလွတ်တမ်း ကြည့်သင့်တဲ့ ရုပ်ရှင်ကားတွေအနေနဲ့ One Night In Miami ၊ Tick, Tick … BOOM! ၊ The Woman In Gold ၊ Belfast ၊ The Favourite ၊ Spencer ၊ The Pursuit Of Happyness ၊ Schindler’s List ၊ MoneyBall ၊ Raging Bull ၊ The King’s Speech ၊ Out Of Africa ၊ Can You Ever Forgive Me? ၊ The Two Popes ၊ Catch Me If You Can ၊ Hidden Figures စတဲ့ စတဲ့ ရုပ်ရှင်ကားကောင်းတွေကိုလည်း ညွှန်းလိုက်ရပါတယ်။
Featured Photo : town and country mag