နယ်သာလန် လက်ရွေးစင်အသင်းကို တတိယအကြိမ်မြောက် တာဝန်ယူကိုင်တွယ်နေတဲ့ နည်းပြ လူးဝစ္စ ဗန်ဟားလ် ဟာ ဆီးကြိတ်ကင်ဆာရောဂါနဲ့ တိုက်ပွဲဝင်နေရတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

Louis Van Gaal During Man United Reign

Photo: The Sun

လူးဝစ္စ ဗန်ဟားလ် ရဲ့ ထုတ်ဖော်ပြောဆိုမှုအပြီးမှာ အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းက နည်းပြဟောင်းကြီးအတွက် ခွန်အားနဲ့ ရဲစွမ်းသတ္တိရှိဖို့ သတင်းစကား ပေးပို့ခဲ့တာဖြစ်ပါတယ်။ ဗန်ဟားလ်ဟာ နှစ်ပေါင်း ၃၀ ကျော်ကြာ နည်းပြသက်တမ်းအတွင်း ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့နည်းပြဖြစ်ပြီး ဥရောပထိပ်တန်းအသင်းအများအပြားကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။

အသက် ၇၀ အရွယ် ဒတ်ချ်လူမျိုး နည်းပြဟာ လက်ရှိမှာ နယ်သာလန်အသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ပေးနေပြီး ဆီးကြိတ်ကင်ဆာဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပေမယ့်လည်း ဝေဒနာကို အလုပ်နဲ့ ကုစားရင်း နည်းပြအလုပ်ကို ဆက်လက်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက နည်းပြ လူးဝစ္စ ဗန်ဟားလ်အတွက် အားပေးထောက်ခံကြောင်းကို လူမှုကွန်ရက်ကနေတဆင့် ပြသခဲ့တာဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြက ပြီးခဲ့တဲ့အပတ်က ဒတ်ချ် တီဗွီရှိုးဖြစ်တဲ့ Humberto မှာ ကစားပြောဆိုရာမှာ နယ်သာလန်အသင်းသားတွေမသိအောင် လျှို့ဝှက်ထားတဲ့ ဝမ်းနည်းကြေကွဲဖွယ်ကိစ္စကို ဖွင့်ဟဝန်ခံလိုက်တာဖြစ်ပါတယ်။

Louis Van Gaal interview with Dutch TV Show

Photo: Goal.com

“ကျွန်တော် တော်တော်လေးကို ပြင်းထန်တဲ့ ဝေဒနာခံစားနေခဲ့ရပြီး ဓာတ်ရောင်ခြည်ကုထုံး ၂၅ ကြိမ်အထိ ပြုလုပ်ခဲ့ရတယ်။ ပြီးတော့ ခင်ဗျား ဘဝတလျှောက် ဆက်သွားဖို့အတွက် စီမံခန့်ခွဲစရာတွေ အများကြီး ရှိနေပါတယ်။ ခင်ဗျား ဆီးကြိတ်ကင်ဆာကြောင့် မသေနိုင်ပါဘူး။ အနည်းဆုံးတော့ ဒီလိုဖြစ်တဲ့သူတွေထဲက ၉၀ ရာခိုင်နှုန်းလောက်ကတော့ မသေပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဗန်ဟားလ်ဟာ မန်ချက်စတာယူနိုက်တက်ကို နည်းပြခဲ့စဉ်ကာလအတွင်း အက်ဖ်အေဖလား ရရှိအောင် ကူညီပေးခဲ့တာဖြစ်ပြီး အဲဒီဆုဖလား အောင်မြင်မှုက ၂၀၁၃ ခုနှစ်မှာ ယူနိုက်တက်ဂန္တဝင် နည်းပြကြီး ဖာဂူဆန် ထွက်ခွာပြီးနောက်ပိုင်း အသင်းက ရရှိခဲ့တဲ့ ဆုဖလားအနည်းငယ်ထဲက တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က နယ်သာလန်လက်ရွေးစင်အသင်းနည်းပြကို ၎င်းတို့ရဲ့ တရားဝင်တွစ်တာအကောင့်ကနေတဆင့် အကောင်းဆုံးဖြစ်လာစေဖို့ ဆုတောင်းစကား ပေးပို့ခဲ့တာဖြစ်ပြီး “မန်ချက်စတာယူနိုက်တက်မှာရှိတဲ့လူအားလုံးက ကျွန်တော်တို့ရဲ့ ကင်ဆာရောဂါနဲ့ တိုက်ပွဲဝင်နေရတဲ့ နည်းပြဟောင်း လူးဝစ္စ ဗန်ဟားလ် ရဲ့ နောက်မှာ အပြည့်အဝ ရပ်တည်နေပါတယ်။ လူးဝစ္စ ခင်ဗျားအတွက် ကြံ့ခိုင်မှုနဲ့ ရဲစွမ်းသတ္တိတွေ ပေးပို့လိုက်ပါတယ်”လို့ ရေးသားထားပါတယ်။

 Louis van Gaal has announced that he is battling prostate cancer

Photo: Sky Sports

ဗန်ဟားလ် ရဲ့ နောက်ထပ်အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကလည်း ၎င်းတို့ရဲ့ လူမှုကွန်ရက်ကနေတဆင့် အားပေးကြောင်း ပြသခဲ့ပြီး “ကျွန်တော်တို့ရဲ့ အတွေးတွေနဲ့ ဆုတောင်းစကားတွေက ဆီးကြိတ်ကင်ဆာ ဖြစ်ပွားနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တဲ့ ဘာဆာနည်းပြဟောင်း လူးဝစ္စ ဗန်ဟားလ်ဆီ ရောက်ရှိပါစေ။ ကြံ့ကြံ့ခံပြီး သိပ်မကြာခင်မှာ ပြန်လည်သက်သာလာပါစေ လူးဝစ္စ”လို့ ဘာစီလိုနာအသင်းရဲ့ တရားဝင်တွစ်တာအကောင့်က ရေးသားခဲ့ပါတယ်။

နယ်သာလန် လက်ရွေးစင်အသင်းကတော့ လူးဝစ္စ ဗန်ဟားလ်အတွက် ဒတ်ချ်လူမျိုးနည်းပြရဲ့ ပုံနဲ့အတူ လိမ္မော်ရောင်အသည်းပုံလေးကို ၎င်းတို့ရဲ့ တရားဝင်တွစ်တာအကောင့်ကနေ မျှဝေခဲ့ပြီး အားပေးထောက်ခံမှုကို ပြသခဲ့တာဖြစ်ပါတယ်။

Featured Photo: Goal.com